Panlong Panthays ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း

ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း
======================
ရေးသူ- ဦးရည်စိန်

မြန်မာတို့က တရုတ် မွတ်စလင်များကို ပန်းသေးဟုခေါ်ကြသဖြင့် တရုတ် မွတ်စလင်တို့ကလည်း ထိုအမည်ကို လက်ခံကြသည်။ တရုတ်မွတ်စလင် သို့မဟုတ် ပန်းသေးတို့အနက် အချို့က မိမိကို ပန်လုံပန်းသေးဟု ခေါ်တွင်ကြ၏။


(က) ထိုသူတို့သည် အဘယ်ကြောင့် ပန်လုံဟူသော ဒေသကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်ဝေါ်လာကြပါသနည်း။
(ခ) သူတို့ သို့မဟုတ် သူတို့၏ ဘိုးဘေးများသည် ပန်လုံဒေသမှာ နေထိုင်ခဲ့ဖူးသူဖြစ်သဖြင့် ပန်လုံကိုအစွဲပြု၍ ပန်လုံ ပန်းသေးဟု ခေါ်တွင် လာခြင်းဖြစ်သည်ဟု တွေးထင်နိုင်ဖွယ်ရှိ၏။ သို့ရာတွင်သူတို့၏ ဘိုးဘေးများသည် အဘယ်သို့သောအကြောင်းကြောင့် ပန်လုံဒေသသို့ ရောက်လာကြပါသနည်း။
(ဂ) သူတို့၏ ဘိုးဘေးများသည် မည့်သည့်အခါ၌ ပန်လုံသို့ရောက်လာခဲ့ပါသနည်း။
(ဃ) သူတို့၏ဘိုးဘေးများသည် ပန်လုံသို့ရောက်မလာမီ မည်သည့်ဒေသမှာ အခြေချနေထိုင်ခဲ့ပါသနည်း။

ပန်လုံပန်းသေးတို့၏ သမိုင်းဖြစ်စဉ်ကို သိသူ မများချေ။ ယခု ဤနေရာ၌ သူတို့၏သမိုင်းဖြစ်စဉ်ကို ဆွေးနွေးရန် ရည်ရွယ်သည်။ အစဉ်အလာ စကားအရ သူတို့၏ ဘိုးဘေးများသည် တရုတ် မင်မင်းဆက် (Ming Dynasty) နောက်ဆုံး ဧကရာဇ်ယုန်လီနှင့် ဆက်နွယ်မှုရှိကြောင်း သိရ၏။ မင်မင်းဆက် (Ming Dynasty) သည် ခရစ်နှစ် ၁၃၆၈ ခုနှစ်မှ တက်လာ၍ ခရစ်နှစ် ၁၆၆၂ ခုနှစ်၌ လုံးဝပျက်သုဉ်းသွားခဲ့သည်။ ယုန်လီသည် ခရစ်နှစ် ၁၆၄၇-၁၆၆၂ အတွင်း ထင်ရှားလာသော ပုဂ္ဂိုလ်ဖြစ်သည်။ ယုန်လီသည် မြန်မာရာဇဝင်ကျမ်းလာ ရုံလှီဥတည်ဘွား ပင်တည်း။ အိမ်နိမ့်စံနေစဉ် ကွေ့မင်းသားဟူသောဘွဲ့ကို ခံယူသည်။

မင်မင်းဆက် နောက်ဆုံးဧကရာဇ် ယုန်လီ
————————————————
ခရစ်နှစ် ၁၆၆၄ ခုနှစ်၌ အရှေ့မြောက်ဘက်မှ မန်ကျူးတို့သည် တရုတ်နိုင်ငံကို စတင်စိုးမိုးလာနေပြီဖြစ်၏။ သို့ရတွင် မင်မင်းဆက်အဆက်နွယ်များသည် မိမိတို့အပေါ်သစ္စာခံသူများကို စုရုံး၍ တရုတ်နိုင်ငံတောင်ဘက် ကမ်းခြေတစ်လျှောက်၌ ဆက်လက်နေထိုင်ကြသည်။ မန်ကျူးတပ်ဖွဲ့နှင့် မင်မင်းဆက် အချောင်သမားဖြစ်ကြသော တရုတ် အမတ်အချို့နှင့် စစ်သူကြီးအချို့တို့ ဦးဆောင်သောတပ်ဖွဲ့တို့သည် မင်မင်းဆက်အနွယ်နေ ထိုင်ရာသို့ ဆက်လက်တိုက်ခိုက်လာကြရာ မင်မင်းဆက် အနွယ်တို့ဘက်မှာ တစ်ပွဲပြီးတစ်ပွဲ အရေးနိမ့်လာသည်။ နောက်ဆုံး ၌ ကွေ့မင်းသားကို ဧကရာဇ်အဖြစ် နန်းတင်လိုက်သည်။ ကွေ့မင်းသားသည် ခရစ်နှစ် ၁၆၄၇ ခုနှစ်၌ ဧကရာဇ်ဘွဲ့ ကိုခံယူ၏။ သို့ရာတွင် မန်ကျူးတို့ကို တန်ပြန်စစ် ထိုးနိုင်စွမ်းမရှိချေ။ ဆက်လက်အရေး နိမ့်လာသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသမှ အနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာ၏။ ခရစ်နှစ် ၁၆၇၉ ခုနှစ်၌ ဧကရာဇ်ယုန်လီသည် ယူနန်နယ်သို့ ရောက်လာသည်။ ထိုအခါ မန်ကျူးတို့အပေါ် သစ္စာခံယူသော မင်မင်းဆက်စစ်သူကြီးဟောင်းတစ်ဦးဖြစ်သူ ဝူစန်းကွေ့သည် ဧကရာဇ်ယုန်လီကို အရှင်ဖမ်းမိရန် ကြံရွယ်သဖြင့် ယုန်လီသွားရာသို့ အမြဲတကောက်ကောက်လိုက်လာသည်။

ဧကရာဇ်ယုန်လီကို ပုန်ကန်သော အင်အားစုလည်း ကြီးမားလာမှုကြောင့် ယုန်လီသည်ခရစ်နှစ် ၁၆၅၉ ခုနှစ်မတ်လ ၂၂ရက်၌ ဗန်းမော်သို့ရောက် လာတော့၏။ မြန်မာနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်။ မြန်မာမင်းပင်းတလဲမင်းလည်း ယုန်လီနောက်လိုက်အခြွေအရံများအား ဗန်းမော်မှာ လက်နက်ချစေပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာစေရန် ခွင့်ပြုလိုက်၏။ ထိုနှစ်ဇွန်လ ၂၇ ရက်နေ့၌ ယုန်လီသည်အခြွေအရံအချို့နှင့်အတူ စစ်ကိုင်းသို့ရောက်သည်။ လှေစီး ခွင့်မရသူများက ကုန်းလမ်းဖြင့်ဝင်လာရ၏။ ဧကရာဇ်ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ခန့်သာ နေလိုက်ရသည်။ မန်ကျူးအစိုးရ၏ အလိုတော်ရီဖြစ်လာသူ ဝူစန်းကွေ့သည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်၌ မန္တလေးအနီးရှိ အောင်ပင်လယ်အရပ်မှာ တပ်ချကာမြန်မာမင်းထံမှ ယုန်လီကို တောင်းတော့သည်။ မြန်မာမင်းက မလွဲသာ သဖြင့် ပေးအပ်လိုက်ရ၏။ ထိုအခါ မြန်မာမင်းသည် ပင်းတလဲမင်းမဟုတ်တော့ဘဲ ညီတော် ပြည်မင်းဖြစ်နေလေပြီ။

ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ကျော် ခွဲနေထိုင်ခဲ့ကြောင်း အထက်၌ဆိုခဲ့၏။ မြန်မာတို့ဘက်က ယုန်လီကို လက်ခံမိသဖြင့် မြန်မာနိုင်ငံမှာ အတော် ဒုက္ခရောက်ခဲ့သည်။ ယုန်လီ၏ သစ္စာကိုခံယူသော စစ်သူကြီးနှစ်ဦးသည် ယုန်လီအားစစ်ကိုင်းမှ ကယ်တင်ထုတ်ယူရန် ဟူသော အကြောင်းပြချက်ဖြင့် စစ်သည် အကြွင်းအကျန်များကို စည်းရုံး၍ မြန်မာနိုင်ငံ အထဲသို့ ဝင်ရောက်လာသည်။ မြန်မာ့တပ်ဖွဲ့များနှင့် တိုက်ဆိုင်မိတော့သည်။ မြန်မာ့တပ်ဖွဲ့က ထို တရုတ်တပ်ဖွဲ့ကို တိုက်ထုတ်လိုက်သည်။ နောက်ဆုံး၌ တရုတ်စစ်သူကြီးနှစ်ဦး စလုံး၏ တပ်ဖွဲ့သည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားရသည်။ ကုန်ချန်ဝမ်း Kung Chamg Wang ဘွဲ့ခံ ပိုင်ဝင်ရွှမ် Pai-Wen-Hsuan သည် ယူနန်နယ်သို့ ဆုတ်ခွာသွားပြီးနောက် မန်ကျူး တပ်ဖွဲ့အား ဧည့်ခံ၏။ ထိုပုဂ္ဂိုလ်သည် မှန်နန်း ရာဇဝင်ကျမ်းလာ “ကုန်ဆင်ဝင်” ဝင်တည်း။ အခြားစစ်သူကြီးတစ်ဦးအား ကျင့်ဝမ် Tsin Wang ဘွဲ့ခံ လီတင့်ကူးအော်သည် Li Ting Kuo ဖြစ်သည်။ မှန်နန်းရာဇဝင် ကျမ်း၌ ထိုပုဂ္ဂိုလ်ကို “အံသီဝင်” ဟုခေါ်သည်။ လီတင့်ကူးအော်သည် ပဲခူးဘက်သို့ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဘက်သို့ ပြန်တက်သွားသည်။ ထို့နောက် နယ်ခြားဒေသမှာ ကွယ်လွန်သွားတော့၏။

မြန်မာမင်းပြည်မင်းသည် ခရစ်နှစ် ၁၆၆၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၌ ၀ူစန်းကွေ့အား ယုန်လီမိသားစုကို အပ်လိုက်သည်။ ဇန်နဝါရီလ ၂၈ ရက်၌ ဝူစန်းကွေ့သည် ယုန်လီမိသားစုကိုဆောင်ယူပြီး ယူနန်နယ်သို့ ထွက်ခွာလာ၏။ ယူနန်မြို့တော် ခွန်မင်း Kung Ming မြို့သို့ရောက်သော် မန်ကျူး ဧကရာဇ်ရွှန့်ကျိ Shun-Chih ၏အမိန့်အရ ယုန်လီတို့ သားအဖနှစ်ဦးကို ပီကင်း (ပေကျင်း) သို့မပို့လိုက်တော့ဘဲ ခွန်မင်းမြို့မှာ အဆုံးစီရင်စေသည်။ ဝူစန်းကွေ့က မီကျီဖော်အရပ်ရှိ ဈေးထဲမှာ ယုန်လီ သားအဖနှစ်ဦးကို လေးကြိုးဖြင့် လည်ပင်းမှာ ရစ်ပတ်ပြီး ညှစ်သတ်လိုက်သည်။

ယုန်လီ၏နောက်လိုက်နောက်ပါများ “ကွေ့”
—————————————————
တရုတ်တပ်ဖွဲ့များသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း မြန်မာတပ်ဖွဲ့၏ တိုက်ထုတ်မှုကိုခံရကြောင်း အထက်တွင်ဆိုခဲ့၏။ ယုန်လီမိသားစုကို ဝူစန်းကွေ့ ဖမ်းဆီးသွားပြီးနောက် တရုတ်တပ် အကြွင်းအကျန်များနှင့် ယုန်လီနောက်လိုက် အခြွေအရံများ အရာရှိများတို့သည် တရုတ်နိုင်ငံ အတွင်းဘက်သို့ ပြန်သွားသူများ ရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း ဆက်လက် နေထိုင်သူများလည်း ရှိသည်။ မြန်မာရာဇဝင် မှတ်တမ်းများလာ နာမည်ကြီးသော ကွေးဂုဏ္ဏအိန်သည် တရုတ်နိုင်ငံ အတွင်းသို့ပြန်မသွားဘဲ မြန်မာနိုင်ငံမှာ ဆက်လက် နေထိုင် သူတို့၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဘက်မှ ကျန်ရစ်နေသူများထဲမှအချို့က စဥ့်ကိုင်အရပ်မှာသော် လည်းကောင်း၊ အချို့က ညောင်ရွှေမှ ဇင်းမယ်တစ်လျှောက်သို့ လည်းကောင်း၊ တစ်ချို့ကဝနယ်မှာသော် လည်းကောင်း၊ အချို့ကပဲခူးတစ်ဝိုက်မှာသော် လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်။ ယုန်လီသည် အိမ်နိမ့်စံနေချိန်၌ “ကွေ့မင်းသားဖြစ်ကြောင်း” အထက်တွင်ဖော်ပြ ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျန်ရစ်နေသူများမှ မိမိတို့ကို “ကွေးကျီးယား” Kuei China ဟူသော အမည်ဖြင့်ခေါ် တွင်လာတော့သည်။ အဓိပ္ပယ်ကား “ကွေ့မိသားစု” “ကွေ့အမျိုးစု” တည်း။ ယုန်လီနှင့်ဆွေမျိုး မတော်သော်လည်း မန်ကျူး၏လက်အောက်ခံ အဖြစ်မနေလိုသောကြောင့်တစ်ကြောင်း၊ မင်မင်းဆက်ကို လွမ်းဆွတ်တသသောကြောင့် တစ်ကြောင်း၊ ယုန်လီအိမ်နိမ့်စံအချိန်က “ကွေ့မင်းသား” ဘွဲ့ခံသော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် တစ်ကြောင်း ထိုအကြောင်းကြောင်းတို့ကြောင့် “ကွေ့” ဟူသောလူမျိုးအမည် မြန်မာရာဇဝင် မှတ်တမ်းမှာလည်းခေါ်လာသည်။ လ/ဝ ဒေသတွင် နေထိုင်သူများကို “ကွေ့လဝ” ဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်မှာ နေထိုင်သူများကို “ကွေ့ရှမ်း” ဟူ၍လည်းကောင်း၊ ပဲခူးအနီး၌နေထိုင်သူများကို “ကွေ့ကရင်” ဟူ၍လည်းကောင်း စသည်ဖြင့် မြန်မာရာဇဝင်မှတ်တမ်းများ၌ ရေးသားလာသည်။

မင် မင်းဆက်နှောင်းခေတ် တစ်နည်းအားဖြင့် ၁၆ ရာစုဦးပိုင်းအခါ၌ တရုတ်- မြန်မာနယ်ခြားဒေသ၌ ပန်းသေးများရှိကြောင်း တရုတ်မှတ်တမ်း တစ်စောင်တွင် ဖော်ပြထားသည်။

အကြီးအကဲ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း
————————————————————
မင်မင်းဆက်နောက်ဆုံးဧကရာဇ်ယုန်လီ၏ နောက်လိုက်နောက်ပါထဲမှာ အကြီးအကဲနှစ်ဦးရှိ၏။ တစ်ဦးကား တိုက်ခုန်းခုန်း Tai Kung Kung ဖြစ်၍ အခြားတစ်ဦးကား ချဲန်ယှီးယန်း (င်) တုန်း Chen Hsiang Dung ဖြစ်သည်။ တိုက်ခုန်းခုန်းကို “တိုက်ခွန့်ခွန့်” ဟူ၍လည်းကောင်း၊ ချဲန်ယှီးယန်း (င်) တုန်း ကို “ချိန်ရှမ်းရုံး” ဟူ၍လည်းကောင်း ယူနန်သားတို့ကခေါ်ဆိုကြသည်။ ဤကား ယူနန်ဒေသ စကားဖြင့် ခေါ်ဆိုသောအသံထွက်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏အမည်ကို တရုတ်ရုံးသုံးဘာသာစကား Mandarin အသံထွက်၍ရေးသားရမည် ဆိုလျှင် တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း (င်) တုန်း ဖြစ်ပါသည်။ တိုက်ခုန်းခုန်း (သို့မဟုတ်) တိုက်ခွန့်ခွန့်သ်ည ပန်သေးဖြစ်၍ ချဲန်ယှီးယန်း (င်) တုန်း (သို့မဟုတ်) ချိန်ရှမ်းရုံး သည် ဗုဒ္ဒဘာသာဝင်ဖြစ်၏။

ယုန်လီဧကရာဇ် ပါတော်မူပြီးနောက် ထိုပုဂ္ဂိုလ်နှစ်ဦးသည်း တရုတ်နိုင်ငံသို့ပြန် သွားခဲ့သည်။ သို့သော်လည်း ယုန်လီအသတ်ခံရသောအခါ သူတို့နှစ်ဦးသည် မိမိတို့နောက်လိုက် နောက်ပါများနှင့် အတူ ပြန်လည် ထွက်ပြေးလာကြရာ ကိုးကန့်ကန် အတွင်းသို့ ရောက်ရှိလာ၏။ နမ့်ဟန်မော် ဟူသောအရပ်၌ အခြေချနေထိုင် လာသည်။ နမ့်ဟန်မော် ဟူသည်ကား ရှမ်းနေရပ် အမည်ဖြစ်၍ “ခန်းခြောက်သောရေတွင်း” ဟုအနက်တွင်၏။ ထို့နောက်ကိုယ်စားလှယ် တစ်ဦးအား သိန္နိစော်ဘွားထံသို့ လည်းကောင်း၊ အဝ (အင်းဝ) နေပြည်တော် ရှိ ပြည်မင်းထံသို့ လည်းကောင်း စေလွှတ်၍ ကိုးကန့်နယ်မြေမှာ နေထိုင် ခွင့်ပြုရန်တင်လျှောက် ခဲ့သည်။ မြန်မာမင်းပြည်မင်း ကလည်း နေထိုင်ခွင့်ပေး သနားတော်မူသည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း သိန္နိစော်ဘွားမှ တစ်ဆင့် မြန်မာမင်းထံ လက်ဆောင်ပဏ္ဍ ဆက်သစေသည်ဟူ၏။

တိုက်ကျီး- ယားကျိတ် Tai Chia Chia နှင့် ချဲန်ကျီး- ယားပေါင် Chen Chia Pao
—————————————————
ကိုးကန့်ဒေသနှင့်ဟန်မော်အရပ်မှာ နေထိုင်ခွင့်ရလာပြီးနောက် တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် တိုက်ကျီးယားကျိုက် Tai Chia Chia ကိုတည်ထောင်လာ၏။ အဓိပ္ပာယ်ကား “တိုက်မျိုးတူစုတို့၏ သစ်တပ်” Tai Clan Stockade ဖြစ်သည်။ ထိုသစ်တပ်ထဲမှာ တိုက်မျိုးတူစု Tai Clan သာမကပဲ အခြားမျိုးတူစု Other Clans များလည်းရှိခဲ့ပေလိမ့်မည်။

ချဲန်ယှီး- ယင်း (င်ူ) တုန်းမူကား ပိုင်ရှားကို (ယူနန်သားတို့ အသံထွက်အရ ပယ်ရှားကိုး) အရပ်၌ ချဲန်ကျီးယားပေါင်ကိုတည်ထောင်သည်။ ပိုင်ရှားကိုး (ပယ်ရှားကိုး) ဟူသည် သဲဖြူမြောင်းဖြစ်၍ ချဲန်ကျီးယားပေါင် Chen Choa Pao သည် ချဲန်မျိုးတူစုခံဘဝ Chen Clan Rampart ဟုအနက်ထွက်သည်။

ထို့နောက် တိုက်ကျီးယားကျိုက်သည် သစ်တပ် Stockade ကျောက်တုံးဖြင့်မြို့ တည်လာတော့၏။ လေးဘက်လေးတန် ကျုံးကြီးရှိသည်။ မြို့တွင်း၌ ဗလီမျှော်စင် ရှိ၍ ပေပေါင်းငါးတယ် ခန့်မြင့်သည်။ ယခုသော်ကား မြို့ရိုးပြိုကျ ပျက်စီးသွားခဲ့ပြီဖြစ်၍ အုတ်မြစ်မျှသာ ကျန်တော့သည်။ ကျုံးလည်းခန်းခြောက်နေပြီး ရေမရှိတော့ချေ။ ဤမြို့ ပျက်စီးရခြင်း အကြောင်းကို နောက်မှ ဆက်လက်ဆွေးနွေးမည်။

ချဲန်ကျီးယားပေါင် Chen Chia Pao (Chen Clan Ramport) သည် တိုက်ကျီးယားကျိုက် Tai Chai (Tai Clan Stockade) အလှမ်းမဝေးသောနေရပ်၌ တည်ရှိခဲ့၏။ တိုက်ကျီးယားကျိုက်ကို ကျောက်တုံးဖြင့် ပြန်လည် တည်ဆောက် ခဲ့သော်လည်း အမည် မပြောင်းလဲဘဲ အမည်ဟောင်းကို ဆက်လက်ခေါ်တွင်ခဲ့သည်။ ယခုအခါ မြေပုံမှာ Tai Chia Chia ဟူသော နေရပ် အမည်အထင်အရှား ရှိနေပါသေးသည်။

တိုက်ကျီးယားကျိတ်သည် ပန်သေးများ၏ အချက်အချာဒေသဖြစ်၏။ ချဲန်ကျီးယားပေါင်သည် ကိုးကန့်ဒေသ ဗုဒ္ဒဘာသာဝင်တို့၏ အချက်အချာဖြစ်သည်။ ထို့နောက် ရောနှောနေထိုင် လာကြရာ ပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ သာမကတော့ဘဲ အရှေ့ဘက်ရှိ ယှင်းကျိုက် Hsin- Chai အရှေ့တောင်ဘက်ရှိ ယင့်ယှင့် Yin- Hsin အနောက်ဘက်ရှိ မူကွားကျိုက် Mu Kua Chia အနောက်တောင်ဘက်ရှိ မာလီးပါး Ma Li Pa စကောရွာကြီး၊ ရွာငယ်မှာလည်း အပျံ့အနှံ့နေထိုင်ကြောင်း လူဦးရေ တိုးပွားလာသည်နှင့်အမျှ အိမ်ထောင်ပေါင်း ငါးသောင်းခန့်ရှိကြောင်း အစဉ်အလာလူကြီးသူမတို့က ပြောကြသည်။

ပန်းသေးနှင့် ဗုဒ္ဓဘာသာဝင်များ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ခြင်း
————————————————————————-
တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) သည် ပန်းသေးဖြစ်ကြောင်း ချဲန်ယှီးယန်း (င်) ကုန်း (သို့မဟုတ် ချိန်ရှမ်းရုံး) သည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။ ဘာသာအယူဝါဒမတူကြ၍ တိုက်ခုန်းခုန်းနှင့် နောက်လိုက်နောက်ပါများက တိုက်ကျီးယားကျိုက် Tai Chia Chia (Tai Clan Stockade) တည်ဆောက်၍ ချဲန်ယှီးယန်း(င်)တုန်းက ချဲကျီးယားပေါင် Chen Chia-Pa (Chen Clan Rampart) ဟူ၍ ခွဲခြားကာနေထိုင်လာကြသော်လည်း နယ်မြေအုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြ၏။ ဘာသာရေး ပဋိပက္ခမဖြစ်ခဲ့ဖူးချေ။ ပန်းသေးနှင့် ကိုးကန့်ဒေသ ဗုဒ္ဓဘာသာဝင်တို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင် လာသောကြောင့် နယ်မြေအေးချမ်း၍ စီးပွားရေး တိုးတက်လာကြပါတော့သည်။

ယန် (င်)ကျီယယ်အရေးအခင်း ပေါ်လာခြင်း
—————————————————
တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့သည် မျိုးတူစု Clans အသီးသီးကို ဦးဆောင်၍ ကိုးကန့်နမ့်ဟန်မော်ဒေသတွင် အေးချမ်းစွာနေထိုင်ပြီး သုံး၊ လေးနှစ်အကြာတွင် ယန်(င်)ကျီယယ် Yang Chieh (Yang-Jich) ဟုအမည်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံယူနန်တပ်မှထွက်ပြေးလာ၏။ တိုက်ခုန်းခုန်းနှင့် ချဲန်ယှီးယန်း(င်)တုန်းတို့ထံ ခိုလှုံခွင့်တောင်းသည်။ ယန်(င်)ကျီယယ်သည် အုပ်ချုပ်ရေးဘက်နှင့် စစ်ပညာဘက်မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် မကြာမီမှာ တိုက်ခုန်းခုန်းနှင့် ချဲယှီးယန်း(င်)တုန်းတို့နှစ်ဦးအားကိုးရသော လက်ရုံးတစ်ဆူဖြစ်လာတော့၏။ ယန်(င်)ကျီယယ်အား ကိစ္စအဝဝကို ဆောင်ရွက်စေသည်။ ဤသို့ဖြင့် နယ်မြေအုပ်ချုပ်ရေးအာဏာသည် ယန်(င်)ကျီယယ်၏လက်သို့ တဖြည်းဖြည်းရောက်သွားတော့၏။ ယန်(င်)ကျီယယ်သည် ပါးနပ်သူဖြစ်သည့်အတိုင်း မိမိ၏နောက်လိုက်ပါများကို စုရုံးသည်။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်းထံ သွားရောက်ပြီး တိုက်ခုန်းခုန်းကို ဖယ်ရှားပစ်ရန် လှုံဆော်၏။ သို့ရာတွင် ချဲန်ယှီးယန်း(င်)တုန်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ပန်းသေးဖြစ်သော တိုက်ခုန်းခုန်းနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းလာသော မိတ်ဆွေဖြစ်ကြသောကြောင့် ယန်(င်)ကျီယယ်၏ အဆိုပြုချက်ကို လက်မခံချေ။ ယန်(င်)ကျီယယ်သည် မိမိအကြံအစည် မအောင်မြင်နိုင်ကြောင်းကို တွေ့ ရှိလာသော် မိမိနောက်လိုက်နောက်ပါ များကို ခေါ်ဆောင်၍ ချဲန်ယှီးယန်း(င်)တုန်း မိသားစုအားလုံးကို သတ်ပစ်လိုက်၏။ ထို့နောက် ချဲန်ယှီးယန်း(င်)တုန်း ၏နောက်လိုက်များကို သုတ်သင်လိုက်သည်။ ထိုအချိန်တွင် ချဲန်မိသားစုထဲမှ ကလေးထိန်း အဘွားအိုတစ်ဦးက နမ့်မျိုးတူစု Chen Clan မှကလေးငယ် တစ်ဦးကိုပွေ့ချီပြီး အသက်ဘေးမှ လွတ်မြောက်လာ၏။ ထိုအဘွားအိုသည် ကလေးငယ်နှင့်အတူ ကိုးကန့်နယ်တုန်ကျင်းမြို့ မြောက်ဘက်ရှိ ကျန်းကန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ မြောက်ဘက်ရှိ ကျန်းကုန်းရွာသို့ ရောက်လာကာ တိန်မျိုးတူစု Teng Clan အဖြစ်နေထိုင်ခဲ့သည်။ ယခုမေမြို့ စီလင်းအမှတ် ၇၄ မှာနေထိုင်သူ ချဲန်ကျီးယားယွာ (ချိန်ကြားဟွာ) သည် ထိုကလေး၏ အဆက်အနွယ်ပင်တည်း။

ယန် (င်)ကျီယယ် ပုန်ကန်လာကြောင်းကို သိရသောအခါ တိုက်ခုန်းခုန်းသည် ၎င်း၏နောက်လိုက်နောက်ပါများနှင့် အတူထွက်ပြေးကြတော့၏။ ယန်(င်)ကျီယယ်၏နောက်လိုက်များက ထွက်ပြေးရှောင်တိမ်းသူများကို လိုက်လံခုတ်သတ်ကြ၏။ ပန်းသေးများစွာသောမက ပန်းသေး မဟုတ်သောသူများလည်း သေကျေကြ၏။ တိုက်ခုန်းခုန်းသည် ပြေးရင်းလွှာရင်း ကွယ်လွန်သွားတော့သည်။ ၎င်း၏ သားသုံးဦးလည်း လမ်းခုလတ်၌ အနာရောဂါဖြစ်၍ တစ်ဦးပြီးတစ်ဦးသေဆုံး သွားသည်။ ယခုတိုက်ခုန်းခုန်းမှာ အဆက်အနွယ် မရှိတောချေ။ ထိုအရေးအခင်းဖြစ်ပွားပြီးနောက် အားလုံးသေဆုံး သွားခြင်းဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့မဟုတ် အခြားမျိုးတူစု အမည်ကိုယူ၍ မိမိတို့မျိုးတူစုအမည်ပြောင်းထားသည့်အကြောင်းကို မထုတ်ဖော်ဝံ့ သဖြင့် နောင်လာနောင်သား တို့ကလည်း သိကြမည်မဟုတ်ချေ။ ထုတ်ဖော်ဝံ့သည့် တိုင်အောင် အဆက်အနွယ်များက အသက်ငယ်သေးသဖြင့် မှတ်မိချင်မှ မှတ်မိမည်။

နယ်မြေ ပြန်လည်အေးချမ်းလာခြင်း
————————————
တိုက်ကျီးယားကျိုက်နှင့် အနီးတစ်ဝိုက်ရှိ ရွာလူကြီးလူငယ်များမှ လူတို့သည် ဟန်(င်)ကျီယယ်၏ ရမ်းကားမှုကို မခံရပ်နိုင်သဖြင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် ကိုးကန့်မာလိပါး တစ်ဝိုက်မှာ လူသူမရှိသလောက် နည်းပါးလာတော့၏။ တိုက်ခုန်းခုန်း (သို့မဟုတ် တိုက်ခွန့်ခွန့်) နှင့် ချဲန်ယှီးယန်း(င်)တုန်း (သို့မဟုတ် ချိန်ဝှမ်းရုံး) တို့၏ အဆက်အနွယ်များ ၎င်းဒေသမှာမရှိတော့သဖြင့် ယန်(င်)ကျီယယ်သည် ကိုးကန့်မလိပါး၌ အကြီးအကဲဖြစ်လာသည်။ ထွက်ပြေးတိမ်းရှောင် သွားသူများအား ပြန်လည်သင့်မြတ်လာအောင် စေ့စပ်၏။ ကိုးကန့်နယ်သို့ပြန်လာရန်လည်း ဖျောင်းဖျသည်။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော ပန်းသေးများသည် တိုက်ကျီးယားကျိုက်သို့ ပြန်လည်ကြ၏။ အချို့က အိုက်လာ AiLa များကို Cha-Ho နှင့် မာလိပါး Ma Li Pa သို့ရောက်လာပြန်သည်။

ယန်(င်)ကျီယယ် ကွယ်လွန်ပြီးသည့်နောက် တိုက်ကျီးယားကျိုက်၏ အုပ်ချုပ်ရေးအာဏာသည် ပန်းသေးတို့ လက်ထဲပြန်ရောက်လာ၏။ “မာ” မျိုးတူစုအမည်ရှိ ပန်းသေးတစ်ဦးက အုပ်ချုပ်ရေး အာဏာကို ဆက်ခံသည်။ ၎င်း၏ အမည်ရင်းကိုတော့ မသိရချေ။ ပန်းသေးတို့၏ လူအင်အားနှင့် စီးပွားရေးအင်အားသည် ပန်းသေးမဟုတ်သူများ ထက် တောင့်တင်းသောကြောင့် ပန်းသေးတို့ကဒေသ အုပ်ချုပ် အာဏာကို ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်ဟု ယူဆရ၏။ ကိုးကန့်နယ်တစ်ခုလုံးကိုမူ ယန်မျိုးတူစုက အုပ်ချုပ်သည်။ အခွန်အတုတ်များကို ယခင်ကအတိုင်း သိန္နိစော်ဘွားကဆက်သသည်။

မန်ကျူးတို့ တိုက်ခိုက်လာခြင်း
———————————-
“မာ” ဟူသောမျိုးတူစုအမည် Clan Name ရှိသူ ပန်သေးတို့အိမ်ထောင်စုက အစဉ်အဆက်အားဖြင့် အုပ်ချုပ်လာရာ နှစ်ပေါင်းတစ်ရာ့ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့်ရောက်လာသော အခါ တိုက်ကျီးယားကျိုက်မှာ အခြေအနေပြောင်းလဲလာပြန်၏။ ခရစ်နှစ် ၁၈၅၆ ခုနှစ်၌ ယူနန်တာလီဒေသမှ ပန်းသေးများသည် မန်ကျူးတော်လှန်ရေး တိုက်ပွဲဆင်နွဲလာသည်။ မန်ကျူးအစိုးရက ပန်းသေးတို့ဦးဆောင်သော တော်လှန်းရေး အင်အားစုကို နှိမ်နှင်းတော့သည်။ ထိုအရေးအခင်းကြောင့် ယူနယ်နယ်အနောက်ပိုင်း တစ်လျှောက် အတော်တုန်လှုပ်သွားခဲ့၏။ မန်ကျူးတပ်ဖွဲ့က ပန်းသေးများကို တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ တာလီမှ အရေးအခင်းများပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် များစွာသော ပန်းသေးများသည် တိုက်ကျီးယားသို့ ထွက်ပြေးရှောင်တိမ်းလာရာ မန်ကျူးတပ်ဖွဲ့ကလည်း ထိုသို့ ထွက်ပြေးသွားသူများကို လိုက်လံရှာဖွေ တိုက်ခိုက်သည်။ တိုက်ကျီးယားတိုက်သို့ လာရောက် တိုက်ခိုက်ရသည့် တခြား အကြောင်းအရင်းတစ်ခုကား ထိုမြို့ထဲမှာ မင်မင်းဆက် ဧကရာဇ်နောက်လိုက်တို့၏ အဆက်အနွယ်များ ရှိနေခြင်းကြောင့်ဖြစ်သည်။

မန်ကျူးတပ်ဖွဲ့သည် တိုက်ကျီးယားတိုက်ကို ခရစ်နှစ် ၁၈၇၀ ပြည့်နှစ်မှစ၍ သုံးနှစ်ဆက်တိုက် တိုက်ခိုက်လာ၏။ မြို့တွင်းရှိ ပန်းသေးများကလည်း အသေအလဲခုခံသည်။ တိုက်ကျီးယား ကျိုက်ရှိခေါင်းဆောင်မှာ မားယင်ယှက်နှင့် မားလင်လီတို့ဖြစ်သည်။ တိုက်ကျီးယားကျိုက်သည် မြန်မာနယ်မြေမှာ ရှိကြောင်း သိပါလျက် မန်ကျူးတပ်ဖွဲ့က နယ်ကျော်ပြီး တိုက်လာ၏။ မန်ကျူးတပ်ဖွဲ့ကို ဦးဆောင်သူသည် ယန်ယွီခေါ Yang Yu-Ko ဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည်နောက်ဆုံး၌ မြေအောက်လမ်းတူး၍ ယမ်းဖြင့် ဖောက်ခွဲမည့် စစ်ဆင်နည်းသုံးလာသည်။ မြေအောက်လမ်းတူး၍ လူသေကောင်မြှပ်မည့် အခေါင်းများကို တစ်လုံးပြီးတစ်လုံး ထည့်သွင်းလိုက်၏။ မသိသူများ သို့မဟုတ် အဝေးကမြင်သူများက လူသေကောင်မြေမြှပ်သဂြိုလ်သည်ဟုထင်ကြသည်။ စင်စစ်မှာကား ခေါင်းထဲမှာလူသေကောင် မရှိ ယမ်းအပြည့်သာရှိ၏။ ထိုအခါ မန်ကျူးတပ်ဖွဲ့ထဲမှာ ပန်းသေး တပ်သားများလည်းရှိရာ ညအခါတောင်ပေါ်မှာ ပျော်မြူးနေပြီ။ ပန်းသေးစကားဖြင့် တေး သီချင်းဆိုလာသည်။ တေးသီချင်းထဲမှာ “မကြာမီ သင်းတို့တွေ ကျီးကန်းပမာတစ်ကွဲ တစ်ပြား ပျံသန်းနေရသကဲ့သို့ ဖြစ်လာတော့မည်” ဟုထည့်သွင်းပြီး ဆို၏။ အပေါ်ယံအားဖြင့် သူတို့ပျော်မြူးနေကြပုံပြသော်လည်း အမှန်စင်စစ် တိုက်ကျီးယားကျိုက်မှ ပန်းသေးများအား ထွက်ပြေးတိမ်းရှောင်ကြရန် သတိပေးခြင်းဖြစ်သည်။ မန်ကျူးတပ်ဖွဲ့သည် ခေါင်းထဲရှိ ယမ်းများကိုဖောက်ခွဲရာ တိုက်ကျီးယားကျိုက်မြို့ရိုးပြိုကျသွားတော့၏။

ပန်းသေးများစွာသေကျေကြသည်။ နောက်နောင်အခါ၌ မြို့ဟောင်းနေရာတွင် ရွာသစ်ပြန်လည်ထူထောင်သောအခါ ကိုးကန့်သား စုန်းရှောင်လျန်ဟု အမည်ရှိသူ အိမ်ဆောက်၊ ယာထွန်သည့်အခါ ငွေပိသာသုံးလေးရာခန့် တူးဖော်ရရှိကြောင်း၊ အနည်းအကျဉ်းတူးဖော်ရရှိသူများလည်း မနည်းကြောင်းသိရသည်။ မန်ကျူးတို့က တိုက်ကျီးယားကျိုက်ကို တိုက်ခိုက်သည့်အခါ၌ ကိုးကန့်နွယ် တစ်ခုလုံးကို အုပ်ချုပ်သူသည် ယန်ကော်ကျင့်ဖြစ်သည်။ ထိုအခါပန်းသေးထဲမှာ မာလင်ယွီ Ma Lin Yu ဟုခေါ်သော ပုဂ္ဂိုလ်တစ်ဦးရှိကြောင်း အထက်၌ဆိုခဲ့ပြီးဖြစ်သည်။ယူနန်ဒေသိယ စကားအားဖြင့် မာလင်ယွိဖြစ်သည်။ မာလင်ယွိသည် ပန်းသေးအကြွင်းအကျန်များကိုဦးဆောင်လျက် အနောက်ဘက်သို့ထွက်ပြေးရာ ကျာကျိရှု Cha Tzu-Shu သို့ရောက်လာ၏။ ထိုမှ စန်ယှီး-ယောင်း San Hsiao တဲင်မီ-ယင်ဖဲင် Teng-mich peing သို့ရောက်လာသည်။ ထိုမှတစ်ဆင့် ကွန်းလုံ Kun Long သို့ရောက်၏။ ကွန်းလုံမှ ကန့်မိုင်းခမ်းကိန့်နှင့် ဆို့ခွန့်သို့ရောက် လာပြီးနောက် ဝနယ်ပန်တောင်ဘက်ရှိ နမ့်ပေသို့ရောက်လာသည်။ အချို့သောသူများမူကား ရှမ်းပြည်နယ်မှာ ပျံ့နှံ့ကာ တိမ်းရှောင်သွား၏။ သို့ရာတွင်အများစုက နမ့်ပေါ့သို့ရောက်လာသည်။ နမ့်ပေါ့သည် ရှမ်းနာမည်ဖြစ်သော်လည်း ထိုစဉ်အခါ၌ ဝနယ်စော်ဘွား၏ အုပ်ချုပ်အောက်မှာရှိ၏။ ဝနယ်စော်ဘွား၏ ခွင့်ပြုချက်အရ ပန်းသေးများသည် ထိုနမ့်ပေါ့ရွာမှာ အခြေချနေထိုင်ကြပါတော့သည်။ ထို့နောက် နမ့်ပေါ့ကို ပန်လုံဟုပြောင်းလဲခေါ်ဝေါ်လာသည်။ ထိုပန်လုံဟူသော အမည်သည်ပြန်လည်စုစည်းခြင်းဟု အနက်ထွက်၏။

အင်္ဂလိပ်မှတ်တမ်းလာ ပန်လုံ
———————————–
ပန်လုံသည် စုံမူ Son_Mu ဒေသရှိ ပန်းသေးများကြီးစိုးသော နေရပ် တစ်ခုဖြစ်ကြောင်း ၊ အိမ်အရေအတွက် တဖြည်ဒဖြည်းတိုးပွား များပြားလာကြောင်း၊ သို့ရာတွင် အတိအကျ အရေအတွက် မသိရသေးကြောင်း၊ ခန့်မှန်းထားသောအရေအတွက်လည်း ကွဲပြားကြကြောင်း၊ မည်သို့ပင်ဖြစ်စေ သုံးရာကျော်ရှိမည်က သေချာကြောင်း၊ အိမ်နံရံကို ရာဇမတ်၊ သို့မဟုတ် သစ်စက်များရက်ထားသည့် ကပ်ဖြင့် ပြုလုပ်ပြီး ရွှံ့မံထားကြောင်း၊ တစ်ခါတစ်ရံထုံးဖြူဖြင့် သုတ်ထားကြောင်း၊ ခေါင်မိုးကိုမြက်ဖြင့် မိုးထားကြောင်း၊ အိမ်တိုင်းမှာ ခြံစည်ရိုးငယ်အတွင်း၌ ဆောက်တည်ထား၍ မက်မုံသီးပင်နှင့် သစ်တော်သီးပင်စိုက်ထားသော သစ်သီးခြံရှိကြောင်း၊ ရွာတွင်း၌ မြင်းသောက်ရေကန် ရှိကြောင်း သို့ရာတွင် လူတို့က ထိုရေကို မသောက်သုံးနိုင်ကြောင်း၊ ရေကောင်းရေသန့်ရရှိရေးအတွက် ကျေနပ်ဖွယ်ရာ မရှိကြောင်း ရွာပတ်လည် ဆင်ခြေလျှော အရပ်များမှာ ဂနိုင်တောများရှိကြောင်း၊ သို့ရာတွင် အချို့နေရာမှာ ဘိန်းပင်စိုက်ပျိုးရန် ရှင်းထားကြောင်း၊ ပန်လုံသည် ခရစ်နှစ် ၁၈၇၅ ခုနှစ်ခန့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တာလီမှ ပန်းသေးပုန်ကန်မှုနှိမ်နင်းခြင်းခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူများက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မူလအခါ၌ ပန်သေးများသည်သာနေထိုင်ရာ အရပ်ဖြစ်သည်ဟု ယုံမှားဖွယ်ရာ မရှိကြောင်း သို့ရာတွင် ယခုအခါ (ခရစ်နှစ် ၁၉၀၀ ပြည့်နှစ် မတိုင်မီ) ရှမ်း-တရုတ်များနှင့် အခြားလူမျိုးများလည်းရှိနေကြောင်း စသည်ဖြင့် ခရစ်နှစ် ၁၉၀၀-၁ အတွင်း ပုံနှိပ်ထုတ်ဝေသော အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်း The Gacetteer of Upper Burma (Myanmar) and The Shan States မှာဖော်ပြထား၏။ ပန်လုံမှပန်းသေးများသည် တိုက်ကျီးယားကျိုက်မှ ရွေ့ပြောင်း ၀င်ရောက်လာသူများဖြစ်ကြောင်း ထိုစဉ်အခါ၌အင်္ဂလိပ်များ မသိခဲ့ချေ။ ပန်လုံမှာ ၀န်တင်လားကောင်များ အနည်းဆုံးတစ်ထောင်ရှိကြောင်း တိုတောင်းသည့် ကာလအတွင်း နောက်ထပ် အကောင်တစ်ထောင် စုပေးနိုင်ဖွယ် ရှိကြောင်းအထက်ပါဦးဆောင်းကျမ်း၌ ဖော်ပြထားပါသည်။

ပန်လုံမြို့စား
————-
ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှစ၍ ၀နယ်စော်ဘွားက မာလင်ယွီ(သို့မဟုတ် ယူနန်ဒေသိယ စကားအားဖြင့် မာလင်ယိ)ကို ပန်လုံမြို့စားအဖြစ် ခန့်အပ်လိုက်သည်။ မာလင်ယွီ(သို့မဟုတ် မာလင်ယိ) ကွယ်လွန်သောအခါ ၎င်း၏သားသည် အသက်အရွယ် ငယ်သေးသဖြင့် မာကူ-အော်ယှင့်(သို့မဟုတ် ယူနန်ဒေသိယ စကားဖြင့်မာကွယ်ယှင့်) အား မာလင်ယွီ၏ သားအစား ပန်လုံဒေသကို အုပ်ချုပ်စေသည်။ဤအကြာင်းကို အထက်မြန်မာနိုင့်ငံနှင့် ရှမ်းပြည်နယ်များ ဦးဆောင်ကျမ်းမှာလည်းဖော်ပြထား သဖြင့် ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်၌ မာမေတင်သည် အရွယ် မရောက်သေးကြောင်းးထင်ရှားသည်။ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်)လုပ်ကြံခံရပြီးနောက် မာမေတင်သည် အသက်ငယ်သေးသဖြင့် မာယွန်းအန်းအား မာမေတင်အစား နယ်မြေကိုအုပ်ချုပ်စေသည်။

ခရစ်နှစ် ၁၈၉၃ ခုနှစ် တရုတ်-ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေး အစည်းအဝေးမှပြန်ရောက်လာသော အခါ မာကူအော်ယှင့်(သို့မဟုတ် မာကွယ်ယှင့်) သည်လုပ်ကြံခံရဖြစ်သည်။ခရစ်နှစ် ၁၉၃၄-၅ အတွင်း မာမေတင်သည် နယ်မြေအုပ်ချုပ်ရေး အာဏာကိုလက်ခံခဲ့၏ ။မြို့စားမာမေတင်သည် ၀နယ် ကွမ်ပြယ်စော်ဘွား၏ သမီးတော်နှင့် လက်ဆက်ခဲ့သည်။ ခရစ်နှစ်၁၉၃၅-၆ အတွင်း တရုတ်ဗြိတိသျှနယ်ခြားဒေသ သတ်မှတ်ရေးဆွေးနွေးရာ၌ ပန်လုံမြို့သည် မြန်မာနိုင်ငံဘက်မှာရှိကြောင်း၊ မာမေတင်က မြန်မာနိုင်ငံဘက်မှရပ်တည်ပြီး ပြောကြားခဲ့သည်။ ထိုအချိန်၌ ပန်လုံမြို့သားများသည် ပန်ခုန်ရှိ အင်္ဂလိပ် ၀န်ထောက်ထံသို့လည်းကောင်း ၊ ‘၀’နယ် နာယွီမင်းသားထံသို့လည်းကောင်း၊ အခွန်အတုပ်ပေးဆောင်ရ၏ ။

ပန်လုံလူငယ်များ ဖက်ဆက်ဂျပန်ကိုတော်လှန်ခြင်း
——————————————————–
ကမ္ဘာမီးသည် မြန်မာနိုင်ငံသို့ကူးစက်လာသောအခါ ဂျပန်တပ်ဖွဲ့သည် သံလွင်ဖြစ်ကိုကူး၍ ပန်လုံကို သိမ်းပိုက်ထားသည်။မာမေတင်၏ သားဖြစ်သူ မာကွမ်းကွေ့သည် ပန်လုံလူငယ်များကို စည်ရုံးပြီး ဂျပန်တို့ကို တိုက်ခိုက်ခဲ့သည်။ တစ်နေ့နှင့်တစ်ညလုံး တိုက်ခိုက်ပြီးနောက် အင်အားမမျှနှင့် ခဲယမ်းမီးကျောက် မပြည့်စုံကြောင့် လေးဘက်လေးတန် တောတောင်ထဲသို့ ဆုတ်ခွာသွားသည် ရသည်။ ဂျပန်တပ်ဖွဲ့သည်မြို့ထဲဝင်လာပြီး လုယက်ရုံမျှမက ရွာတစ်ရွာလုံးကို မီးရှို့ပစ်သည်။ယခုအခါ၌ ဗလီကျောင်းသာကျန်တော့၏ ။

ယူနန်မှ တရုတ်ဖြူတပ်များကို ရင်ဆိုင်ပြန်ခြင်း
—————————————————
စစ်ကြီးပြီးနောက်လေးဘက်လေးတန် တောတောင်အရပ်၌ တိမ်းရှောင်ခဲ့သော ပန်းသေးများသည်စစ်ကြီးပြီးဆုံးပြီးနောက် ပန်လုံဒေသသို့ပြန်ရောက်ပြီး အိမ်ရာကို ပြန်လည်ထူထောင်တော့၏ ။သို့ရာတွင် မကြာမီမှာ လီဝင်ဟွမ့်ဦးစီးသော ယူနန်တပ်ဖွဲ့သည် ပန်လုံသို့ဝင်ရောက်လာပြီး ရွာသူရွာသားထံနှင့်ကြေးငွေးနှင့် ရိက္ခာတောင်းသည်။ ယူနန်နယ်ရှိ တရုတ်ဖြူတပ်သည် ဗဟို အစိုးရတပ်ဖွဲ့နှင့်ယူနန်တပ်ဖွဲ့ဟူ၍ ကွဲပြားသည်။ ပန်လုံရွားသားတို့ကလည်း မခံမရပ်နိုင်သဖြင့်လီဝင်ယွမ့် တပ်ဖွဲ့ကိုတော်လှန်တော့၏ တစ်လကျော်ကျော်နေထိုင်ပြီးနောက် အသစ်တစ်ဖန် တည်ထောင်ခဲ့သော အိမ်ရာများကို ယူနန်တပ်ဖွဲ့က မီးတိုက်ဖျက်ဆီးလိုက်သည်။ ထိုအခါမှစ၍ ပန်လုံမှ ပန်သေးများသည် ဘေးကင်းရာ အရပ်ရပ်သို့ တစ်ကွဲတစ်ပြား ပျံ့နှံ့သွားတော့သည်။

နိဂုံး

အထက်ပါအကြောင်းအရာများကို ပြန်လည် သုံးသပ်သော် ပန်လုံမှ ပန်းသေးများသည် ပန်လုံမှာအခြေကျနေထိုင်ခဲ့သဖြင့် ပန်လုံပန်းသေးဟု ၏ခေါ်ဝေါ်လာကြောင်း သိသာထင်ရှား၏။ သို့ရာတွင် ထိုသူများလက်ဦး ပထမအခြေစိုက်နေထိုင်ရာ အရပ်သည် ပန်လုံမဟုတ်ချေ။ ခရစ်နှစ် ၁၇ ရာစုအလယ်ပိုင်း၌ တစ်နည်းအားဖြင့် မြန်မာညောင်ရမ်းခေတ် ပြည်မင်း လက်ထက်၌ သူတို့သည် ကိုးကန့်နယ်ရှိ တိုက်ကျီးယားကျိုက် Tai Chia Chia နှင့် အနီးတစ်ဝိုက်၌ အခြေစိုက်နေထိုင်ခဲ့၏။ ယခုထက်တိုင်မြေပုံမှာ ဤနေရပ် အမည်ထင်ရှားစွာရှိသည်။ ခရစ်နှစ် ၁၉ ရာစု အလယ်ပိုင်းရောက်သော် မန်ကျူးတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် တိုက်ကျီးယားကျိုက်မှ ကျာကျီရူ ထိုမှ ကွမ်းလုံသို့ရောက်လာပြီး နောက်ဆုံး၌ ပန်လုံသို့ရောက် လာခဲ့ခြင်းဖြစ်သည်။

သူတို့ထဲမှ အချို့သော သူများသည် ယခုရှမ်းပြည်နယ်၌ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ရာ နှစ်ပေါင်း သုံးရာကျော်ခန့်ရှိပြီဖြစ်၏။ အချို့သောသူများ၏ ဘိုးဘေးများမူကား ၁၉ ရာစုအလယ်ပိုင်းက ဝင်ရောက်လာသူများဖြစ်ကြသည်။ မည်သူက စောသည်။ မည်သူကနောက်ကျသည်ဟု အတိအကျခွဲခြားရန် မလွယ်တော့ချေ။ မည်သို့ပင်ဖြစ်စေ ပန်လုံ ပန်သေးများသည် ပန်လုံဒေသ၌ အနည်းဆုံး မျိုးဆက်သုံးဆက် three generations ခန့်နေထိုင်လာခဲ့ သူဖြစ်ကြောင်း ယေဘုယျအားဖြင့် ပြောနိုင်ပါသည်။

မှတ်ချက်။ ။ ကျွန်တော်က သမိုင်း သုတေသီတို့ စောင့်စည်းရမယ့် ကျင့်ဝတ်အတိုင်း ဆန္ဒာဂတိ မလိုက်စားဘဲ ဤသမိုင်းဖြစ်စဉ် အကျဉ်းကို ရေးသားပါသည်။ အမှားအယွင်းရှိလျှင် ခွင့်လွှတ်ပြီး ညွှန်ပြပါရန် အနူးအညွှတ် ပန်ကြားပါသည်။

ဦးရည်စိန် သည် မြန်မာပြည်ဖွား တရုတ်အမျိုးသား မြန်မာ့သမိုင်းသုတေသနပညာရှင် တစ်ဥိးဖြစ်ပြီး မြန်မာ့သမိုင်းကော်မရှင်အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်ပါသည်။

** ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ။ ဦးသော်ကောင်း စုစည်းသည့် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။ ထွန်းဖေါင်ဒေးရှင်းဘဏ် စာပေကော်မတီမှ ၂၀၁၁ခုနစ်တွင်ထုတ်ဝေသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: