တရားပွဲတွေများသလောက် – တရားမဲ့နေသောနိုင်ငံ

– မြန်မာနိုင်ငံဆိုတာ
– တရားပွဲတွေများသလောက်
– တရားမဲ့နေသောနိုင်ငံ ။

– မေတ္တာပို့အမျှဝေသလောက်
– မေတ္တာငတ်နေသောနိုင်ငံ ။

– ဘုရားကျောင်းကန်တွေပေါသလောက်
– အိုးမဲ့ အိမ်မဲ့တွေများနေသော နိုင်ငံ ။

– ဒါနမှုတွေများသလောက်
– စာဂမှုတွေနည်းနေသောနိုင်ငံ ။

– ဘုန်းတော်ကြီးတွေ ပေါသလောက်
– ဘာသာ သာသနာအတွက်
– စိုးရိမ်နေရသောနိုင်ငံ ။

– အမျိုးသမီးတွေကို
– စောင့်ရှောက်သလိုလိုနဲ့
– အမျိုးသမီးမဝင်ရ ဆိုတဲ့ဆိုင်းပုဒ်တွေ
– များလွန်းသောနိုင်ငံ ။

– စစ်သားတွေများသလောက်
– လုံခြုံမှုမဲ့နေသောနိုင်ငံ ။

– ဗိုလ်မှူး ဗိုလ်ချုပ်တွေချမ်းသာသလောက်
– ရဲဘော်တွေ ငတ်ပြတ်နေသောနိုင်ငံ ။

– ရဲသားတွေများသလောက်
– အမှုအခင်းတွေများနေသောနိုင်ငံ ။

– ဝန်ကြီးတွေများသလောက်
– ဝန်မပြီးသောနိုင်ငံ ။

– မြေယာတွေပေါသလောက်
– မြေမဲ့ ယာမဲ့တွေများနေသောနိုင်ငံ ။
– မြေဈေးနှုန်းတွေ ဖေါင်းပွလွန်းသောနိုင်ငံ။

– ဒါဒို့ပြည် ဒါဒို့မြေ သီချင်းကို
– မြေမဲ့ယာမဲ့ကလေးငယ်တွေက
– ကျူးကျော်တဲလေးတွေပေါ်ကနေ
– သီဆိုနေသောနိုင်ငံ ။

– ဈေးကွက်စီးပွါးရေးအမည်ခံပြီး
– လက်သင့်ရာကြီးပွါးရေးစနစ်သာ
– ထွန်းကားနေသောနိုင်ငံ ။

– မြန်မာ့ယဉ်ကျေးမှုကို
– စိတ်ဓာတ်တွေနဲ့ဖေါ်ဆောင်ရမည့်အစား
– ရှေးဟောင်းပြတိုက်တွေ
– ရှေးဟောင်းနယ်မြေတွေနဲ့သာ
– ဖေါ်ပြနေရသောနိုင်ငံ ။

– ပညာမြင့်မှ လူမျိုးတင့်မည်-လို့ပြောပြီး
– ပညာရေးအတွက်သုံးရာခိုင်နှုန်းသာ
– မဖြစ်ညစ်ကျယ်သုံးစွဲနေသောနိုင်ငံ ။

– ပြီးတော့…
– အာဂုံရမှ အာဂလူ လို့ပြောပြီး
– အာဂုံဆောင်ပညာရေးတွေ
– အာဂုံဆောင်မှတ်ဥာဏ်ရှင်တွေပေါသလောက်
– အာဂလူတွေ ရှားပါးနေဆဲနိုင်ငံ…

– စသည် စသည်
– ဒီနိုင်ငံ ဤနိုင်ငံကို
– ရွှေနိုင်ငံလို့ ခေါ်သင့်
– မခေါ်သင့်
– သင် ဥာဏ်ဖြင့်ချင့်လော့ …။

အလင်္ကာကြယ်
– 30.10.2014.

One Response to “တရားပွဲတွေများသလောက် – တရားမဲ့နေသောနိုင်ငံ”

  1. drkokogyi Says:

    အာဏာရှင်စနစ်ကို အားပေးသည့် မဘသကို ယုံကြည်မှုနည်းလာဟု မဘသ ဆရာတော်မိန့်

    အင်္ဂါနေ့၊ ဇူလှိုင် ၁ ရက်၊ ၂၀၁၄ ခုနှစ်။

    မဟာသန်္တိသုခ အရေး ကိစ္စကို တစ်စုံတစ်ရာ ပြောကြားခြင်းများ မရှိဘဲ အာဏာရှင်ကြိုက် လုပ်ဆောင်ခြင်း များ တွေ့လာရသည့် အတွက် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) အပေါ် အဖွဲ့ဝင် သံဃာတော် အချို့က ယုံကြည်မှု အားနည်းလာသည်ဟု မဘသအဖွဲ့ဝင် ဦးသောဘိတ (ဘ၀အလင်းရောင် ဆရာတော်)က မဇ္ဈိမကို မိန့်သည်။

    “အဓိက ကတော့ အာဏာရှင်စနစ်ကို အားပေးတဲ့စကားသံတွေ လုပ်ရပ်တွေကို လုပ်တာပဲ။ သူတို့သွားနေတဲ့ လမ်းကြောင်းက မဘသအတိုင်း သွားမယ်ဆိုရင် မပြောလိုဘူး။ ဒါပေမဲ့ သွားနေတဲ့ လမ်းကြောင်းက အတိုက်အခံ အင်အားစုတွေကို အပုပ်ချတယ်။ စစ်အစိုးရကြိုက်တဲ့ စကားတွေကို ပြောတယ်။ မဟာသနိ္တသုခကိစ္စမှာ တစ်စုံတစ်ခု ၀င်ရောက်ပြောဆိုမှု မရှိဘူး”ဟု ဆရာတော်က မိန့်သည်။

    ဗုဒ္ဓဘာသာကို အခြားဘာသာက ဖျက်ဆီးမှသာ ဘာသာ၊ သာသနာကို ဖျက်ဆီးသည်ဟုဆို၍မရဘဲ ဖျက်ဆီးသူ မည်သူပင်ဖြစ်စေ ဘာသာ၊ သာသနာကို ဖျက်ဆီးသူဟု သတ်မှတ်ရမည်ဖြစ်သည့်အတွက် မဟာသန်္တိသုခအရေး မဘသအနေဖြင့် နှုတ်ဆိတ်သည့်အပေါ် ဆရာတော်က ဝေဖန်မိန့်ကြားလိုက်ခြင်းဖြစ်သည်။

    ဆရာတော်ဦးသောဘိတ၏ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာထောင်ကျော်ရှိသော်လည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ယုံကြည်သည့် သံဃာ့အရေအတွက်မှာ ဆယ်ဂဏန်းသာရှိသည်ဟု အဆိုပါ ဆရာတော်က မိန့်သည်။

    ရွှေည၀ါဆရာတော်ကလည်း မဘသ သည် ယခင်အစိုးရ လက်ထက်က ဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းနှင့် လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သည့် သံဃာများ ထိခိုက်ဒဏ်ရာရမှုများနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာပါဝင်မှု မရှိခဲ့သည့် သံဃာများက ဦးဆောင်တည်ထောင်ထားကြောင်း ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် မေတ္တာတရားနှင့် နိုင်ငံတော် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မိန်ကြားခဲ့သည်။

    “သာသနာနဲ့ သံဃာကို ဒီလိုအနိုင်မကျင့်နဲ့။ အဲဒါလေးတော့ ၀င်ပြောသင့်တယ်။ မှတ်ချက်လောက်တော့ ပေးပေါ့။ ဒါအမျိုးဘာသာ သာသနာကိစ္စ မဟုတ်ဘူးလား”ဟု ဆရာတော်ကမိန့်သည်။

    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ မဟာသနိ္တသုခကိစ္စနှင့် ပတ်သက်၍ သံဃာချင်းဖြစ်ပွားသည့်ကိစ္စ ဖြစ်သည့်အတွက် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဟု မဘသအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင်မောင်က ပြောခဲ့ဖူးသည်။

    မဘသအဖွဲ့ ဦးဆောင်ဆရာတော် ဦးဝီရသူက “ယုံကြည်မှု အားနည်းလာတဲ့ သံဃာတော်တွေကို ပြောချင်ပါတယ်။ သံဃာအချင်းချင်းဖြစ်တဲ့ကိစ္စမှာ မဘသက ၀င်ပါလို့ မရပါဘူး။ ၀င်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ အမျိုးသားရေး သက်သက် ဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဟနနဲ့ မျက်နှာပျက်ရမယ့် အလုပ်ကို မဘသမှာ လုပ်ခွင့်မရှိပါဘူး”ဟု မိန့်ကြားသည်။

    လက်ရှိအချိန်တွင် မဘသအဖွဲ့ခွဲများကို မြို့နယ်ပေါင်း ၂၀၀ နီးပါးတွင် ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် သံဃာထု ငါးသိန်းရှိသည့်အနက် သံဃာအားလုံးနီးပါးနှင့် ဆက်သွယ်မှုရှိနေသည်။ အမျိုး၊ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကိုသာ သနာတော်တည်တံ့ရေး၊ ပြန့်ပွားရေးနှင့် အမျိုးသားရေးဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။

    ယုဝေ
    Mizzima – News in Burmese

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: