ဝတ်မှုန်ထုံမွှေး ကူးပါလေ

December 17, 2014 Written by: ရဲထွတ်နီ in Eleven Media
တစ်ချိန်ကရှိခဲ့ပြီး ရေပန်းလည်းစားခဲ့ဖူးသော “ကင်းထောက်” သည် ကွယ်ပျောက်ခဲ့ရာက ယခုပြန်ပေါ်လာပါသည်။

သင်တန်းဖွင့်လှစ်လေ့ကျင့်ပေးမှု၊ ကင်းထောက်ဟောင်းကြီးများ တွေ့ဆုံပွဲ၊ လေ့လာရေးခရီး သွားရောက်ကြသည့် သတင်းများအစရှိသည်တို့ကို ကြားသိလာရသည်။ တက္ကသိုလ်အဆင့်တွင် အမျိုးသမီးကင်းထောက်များ ဖွဲ့စည်းမည်ဟုလည်း သိရှိရသည်။ နိုင်ငံတကာမှ ဧည့်သည်တော်များ လာရောက်သည့်အခါ ကြိုဆိုပွဲများတွင်လည်း ကင်းထောက်ကလေးများအား ပွဲထုတ်သည်ကိုလည်း တွေ့ရသည်။ အရပ်ထဲ၊ လမ်းများထဲသို့ပါ ကင်းထောက်များ ရောက်ရှိလာကြရန်နှင့် ယခင်ရှိခဲ့ဖူးသော လှုပ်ရှားဆောင်ရွက်မှုမျိုးရှိလာရန်တော့ ကြိုးစားကြရဦးမည် ထင်ပါသည်။

ကင်းထောက်အမွေခံတစ်ယောက်ဟုဆိုနိုင်သော ကျွန်တော်သည် လွန်ခဲ့သည့် ၂ဝ၁၃ နွေရာသီတုန်းက ကင်းထောက်လူငယ်များ တွေ့ဆုံပွဲအတွက် လုပ်အားပေးပါသွားခဲ့ရသည်။ ဤတွင် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူကလေးများကိုလည်း ဆုံစည်းလိုက်ရပါသည်။ စခန်းသို့ ကင်းထောက်များက ရက်စောပြီး ဝင်ရောက်ကြရသဖြင့် ကျွန်တော်တို့က သူတို့ကလေးတွေကို ကြိုဆိုခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ကြိုလည်းကြိုဆို ထွေးပိုက်သင့်ပါသည်။

သူတို့တွေအထဲတွင် စခန်းအဖွဲ့တစ်ခုကို တွဲဖက်စခန်းမှူးအဖြစ် ကြီးကြပ်လိုက်ပါခဲ့သော ငါးထပ်ကွမ်း လူရည်ချွန်တစ်ဦးကိုလည်း မျှော်လင့်မထားဘဲ ဆုံတွေ့လိုက်ရသဖြင့် ဝမ်းသာအယ်လဲ ဖြစ်ခဲ့ရသည်။ သူ့ ကို ပြန်မဆုံခဲ့သည်မှာ အလွန်ကြာခဲ့ပြီ။ သူသည် ၁၉၇၂ ခုနှစ်တွင် ဗန်းမော်မြို့ (အထက ၂) ခုနှစ်တန်းမှစကာ ပညာရေးတက္ကသိုလ် ပထမနှစ်အထိ ဆက်တိုက်ဆုရရှိခဲ့သော အစောပိုင်း ငါးထပ်ကွမ်းတစ်ဦးဖြစ်သည်။ ယခု ခရိုင်ပညာရေးမှူးဖြစ်လာကာ တွက်စစ်ကြည့်လျှင် အသက်အားဖြင့်လည်း မငယ်လှတော့။ သို့သော် သူ့ကိုနုနုပျိုပျိုပင် တွေ့ရသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များအကြား သွားလာလှုပ်ရှားနေရ၍ နုပျိုမှုများ ကူးစက်ရရှိတာနေမှာဟု တွေးယူလိုက်မိသည်။ စိတ်အနေသည် လူကို နုပျိုစေသည်။ လူငယ်တို့၏ ပျိုရွယ်မှုကို မြတ်နိုးတန်ဖိုးထားအပ်လှပါသည်။

မိဘတို့က သားသမီးများကို ကျောင်းထားပေးကြပြီး ဆရာတို့က သင်ပြပေးသွန်သင်လေ့ကျင့်ပေးကြလျက် ကလေးက စိတ်ဆန္ဒဖြင့် ကြိုးစားအားထုတ်မှုရှိလျှင် ရှိသလောက် ထူးထူးချွန်ချွန် ဖြစ်လာတတ်မြဲ ဖြစ်သည်။ ထိုအခါ ဆုများလည်း ချီးမြှင့်ခံကြရပါပြီ။

ဆုဟုဆိုရာတွင် အတန်းထဲတွင် ဆရာက တပည့်ကို ချီးကျူးပြီးပေးသော ဆုရှိသည်။ ကျောင်းကပေးသော ဆုလည်းရှိသည်။ ရပ်ရွာနှင့် မြို့ကပေးသော ဆုတို့အပြင် ဌာန၊ အဖွဲ့အစည်း၊ နိုင်ငံအဆင့်က ချီးမြှင့်သောဆုတို့လည်း ရှိပါသည်။ သားသမီးများ ကြိုးစားကြသဖြင့် ထူးချွန်ဆုရသည်ဆိုလျှင် မိဘတို့ မှာ စိတ်ဝမ်းချမ်းမြေ့ကာ ပီတိဖြင့် ပျော်မဆုံးကြတော့ပေ။ သင်ပြလေ့ကျင့်ပေးသူ ဆရာမှာလည်း ဂုဏ်ယူမဆုံးရှိသကဲ့သို့ ဆုကိုပေးအပ်ချီးမြှင့်ကြသူတို့မှာလည်း အားရကျေနပ်မဆုံး ရှိကြပါသည်။

လူရည်ချွန်ဆုသည် နိုင်ငံတော်က ချီးမြှင့်သောဆု ဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ၊ ခုနစ်တန်းမှသည် တက္ကသိုလ်ကောလိပ် သိပ္ပံနောက်ဆုံးနှစ်တန်းအထိ နှစ်စဉ် လူရည်ချွန် ဖြစ်လာခဲ့ကြသူများမှာ အလွှာမျိုးစုံက မိဘတို့၏ သားသမီးများဖြစ်ကြပါသည်။ ကျောင်း ဆရာ၊ ဆရာမ သားသမီးများပါ ပါသည်။ ကုန်သည်၊ ဆရာဝန်၊ အင်ဂျင်နီယာ သားသမီးများ ပါသည်။ စစ်မှုထမ်း၊ စာရေးစာချီ၊ လက်လုပ်လက်စား မိဘတို့၏ သားသမီးများလည်း ပါသည်။ မြို့ကြီးမှသာ မဟုတ်၊ တော ရွာနှင့် လယ်ထဲယာထဲကြားမှလည်း လူရည်ချွန်ပေါ်ထွက်ခဲ့ပါသည်။ တွေ့မြင်နေကျဖြစ်လာပြီး အားကျစိတ်ဖြင့် ကြိုးစားခဲ့သူ၊ ကောင်းသော မခံချင်စိတ်ဖြင့် ဆုကို မရရအောင် ဆွတ်ခူးယူမည်ဟု ကြိုးစားခဲ့သူ၊ ကိုယ့်ရွာ ကိုယ့်ကျောင်းမှ ဆုရှင်ပေါ်ထွက်ခဲ့တော့ ဂုဏ်ယူစံနမူနာထားကြိုးစားခဲ့သူ၊ မိဘနှင့် ဆရာ အစ်ကိုနှင့် အစ်မတို့က လေ့ကျင့်ပေး အားပေး မြေတောင်မြှောက်ပေးသည်တွင် လုံ့လဝီရိယစိုက် ကြိုးစားခဲ့သူ၊ တချို့လည်း ကိုယ့်အားကိုယ်သာ ကိုးကားကြိုးစားခဲ့သူ စသည် စသည်ဖြင့် ပေါ်ထွန်းလာခဲ့သည့် လူရည်ချွန်များ ပါရှိနေခဲ့ပါသည်။

ထက်သန်ပြင်းပြသော စိတ်ဆန္ဒရှိရှိ ကြိုးစားအားထုတ်လျှင် ထူးချွန်အောင်မြင်သည်မှာ သာဓကကောင်းများ ဖြစ်ခဲ့ကြသည်။ ယနေ့ဆိုလျှင်လည်း ဘဝအသီးသီး၊ အလွှာအမျိုးမျိုးကို ဖြတ်သန်းလျက်ရှိကြသော ထိုလူရည်ချွန်များသည် လူမှုရေး၊ ကျန်းမာရေးအကျိုး ကူညီဆောင်ရွက်ပေးနေကြသည်များကို ကြားသိလာနေရပါသည်။ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုစရာဖြစ်ပါသည်။

စာရေးဆရာလေးမြင့်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု ၁၂ နှစ် ပြည့်ပြီးချိန်၌ “ခရီးဆယ့်နှစ်နှစ် လူရည်ချွန်”ကို ရေးသားခဲ့ရာ စာအုပ်တွင် “လူရည်ချွန် စီမံကိန်းသည် ဂုဏ်ပြုသင့်သော ကျောင်းသားကျောင်းသူများကို ကောင်းမြတ်သော မေတ္တာစတနာဖြင့် ဂုဏ်ပြုခြင်းဖြစ်၍ ဤစီမံကိန်းသည် ရှေ့တွင်လည်း ဆက်လက်ရှိနေသင့်ကြောင်း” ဟူသော စကားတစ်ခွန်းကို ကောက်နုတ်ဖော်ပြခဲ့ပါသည်။ ၁၈-၂-၇၆ ရက်နေ့၌ ကျင်းပသော အစည်းအဝေးတွင် စီမံကိန်းဗဟိုကော်မတီ နာယကဖြစ်သူ ဝန်ကြီး၏ မိန့်ကြားချက်စကားမှ ဖြစ်ပါသည်။ သို့သော် လူရည်ချွန်စီမံကိန်းသည် ထို ၁၂ နှစ်ခရီးကို ပေါက်ခဲ့ပြီး နောက်ထပ် ၁၂ နှစ် ပြည့်ပြီးသောအခါ ၂၅ ကြိမ်မြောက် ဆောင်ရွက်အပြီးတွင် စီမံကိန်းရပ်ဆိုင်းသွားခဲ့ပါတော့သည်။

ထိုကာလ နောက်နှစ်များစွာအကြား အလပ်ဖြစ်နေခဲ့ပြီး ၂ဝ၁၃ ခုနှစ် နွေရာသီတွင် ကျွန်တော်တို့ ကြိုဆိုခဲ့ရသော “ဘက်စုံပညာထူးချွန်” ဟူ၍ ပေါ်ပေါက်လာပါသည်။

ဆိုခဲ့သလို သူတို့ကလေးတွေ သွားလာလှုပ်ရှားကြသည့်အထဲ တစ်ချိန်သောအခါက ရှိခဲ့ဖူးပြီး ရေပန်းလည်းစားခဲ့သော လူရည်ချွန်ကြီးများပါရှိလာခဲ့သလို သူတို့ကို ကြိုဆိုတွေ့ဆုံ ဂုဏ်ပြု ဧည့်ခံလာကြသူများတွင်လည်း တစ်ချိန်က လူရည်ချွန်ကြီးများကို ကြည်လင်ရွှင်ပျစွာ တွေ့မြင်ခဲ့ရပါသည်။ ၂ဝ၁၄ ခုနှစ် နွေရာသီစခန်းဖွင့်ရာများဆီသို့  လူရည်ချွန် ၁၉၆၄-၈၈ အဖွဲ့ဝင်အချို့လည်း ခရီးသွားရောက်ကြတွေ့ဆုံအားပေးစကား ပြောကြဟောပြောကြသည်ဟု သိရှိရပါသည်။
လူငယ်တို့၏ နုနယ်ပျိုရွယ်မှုကို မြတ်နိုးတန်ဖိုးထားကြရသည်မှာ အချိန်နှင့် ဒီရေသည် လူကို မစောင့်သောကြောင့်လည်း ဖြစ်ပါသည်။ ယခုတော့ အကြားအလပ်ဖြစ်ခဲ့ရသော ကာလအတွက် နှစ်ဖက်သုံးဖက် ဆုံးရှုံးနစ်နာကြရပါသည်။

ဆရာ၊ ကျောင်းသား၊ ပြည်သူမိဘဟူသော ဘက်သုံးဖက်သည် မသိမတတ်သည်ကို သိတတ်လာအောင် သင်ပြလေ့ကျင့်ပေးကြရသကဲ့သို့ တော်သူများကိုလည်း ပိုမိုထက်မြက် ထူးချွန်လာကြလေအောင် ချီးမြှင့်မှုပြု ကြရပါသည်။ သို့အတွက် “ဘက်စုံပညာထူးချွန်”တို့၏ ရှေ့ခရီးသည် သည့်ထက်သည်တိုးချဲ့ တိုးတက်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒမွန်ပြုမိပါသည်။

တေးသီချင်းများစွာထဲမှ ကွယ်လွန်သူတေးသံရှင် အစ်ကိုကြီးကိုလှဦး၏ တေးတစ်ပိုဒ်ကို နားထဲကြားယောင်မိသည် –

“ဂိမှာန်နွေရောက်လို့..ပန်းပိတောက် နဲ့ ငုဝါတွေ…ပွင့်ကြဝေဝေ…ဥဩပျိုသံချိုပေး ….တေးအလှသီနေ…ဒီအချိန်ခါ အရောက် သာလှမ်းလို့… ပြည်ထောင်စုတစ်ဝန်းမှ… မောင်နှမညီအစ်ကိုတွေ စုကာဝေးကာ အပန်းဖြေဖို့လေ…ရောက်ခဲ့ပြန်ပေ…ပြည်သူသား ကောင်းသမီးကောင်း လူရည်ချွန်တွေ …” ဟူသော အပိုဒ်ဖြစ်ပါသည်။

အဆိုပါ ၁၉၆၄-၁၉၈၈ လူရည်ချွန်တို့က လူရည်ချွန်စီမံကိန်း နှစ် (၅ဝ) ပြည့် ရွှေရတုပွဲဆိုပြီး ဖိတ်ခေါ်ပြင်ဆင်လျက်ရှိကြသည်။ တက္ကသိုလ်ဝင်တန်း ဘက်စုံထူးချွန် ၁ဝ ဦးတို့အား ဆုချီးမြှင့်ရန် အစီအစဉ်လည်းရှိကြောင်းသိရ၍ ဝမ်းသာရသည်။ သူတို့၏ ဆောင်ရွက်မှုသည် ဝတ်မှုန်ကူးပေးနေခြင်းဟု နားလည်မိပါသည်။

လူရည်ချွန် (၆၄-၈၈) ကြီးတို့နှင့် ဘက်စုံထူးချွန်သူကလေးတို့သည် ဝတ်မှုန်ထုံမွှေး ကူးပါစေ၊ ပွားစီးပါစေဟူ၍ ဆန္ဒမွန် ထပ်ဆင့်လောင်းရပြန်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: