Gambira calls for tolerance and compassion ရခိုင်သံဃာတော်များနှင့်ပတ်သက်ရ်ျ

Ms Veronica Pedrosa>>> Gambira calls for tolerance and compassion between faiths and within the Sangha

ရခိုင်သံဃာတော်များနှင့်ပတ်သက်ရ်ျ

မြန်မာပြည်မှာထောင်စုနှစ်တွေနဲ့ချီပြီး အတူတကွနေထိုင်လာခဲ့ကြတဲ့လူမျိုးစုတွေအများကြီးရှိပါတယ်။ လူမျိုးစုအသီးသီးမှာ ကိုယ်စီထူးခြားတဲ့၊ ချစ်စရာ မြတ်နိုးစရာကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်ဓလေ့ထုံးစံတွေရှိကြပါတယ်။ ရခိုင်တွေဟာလည်း မြန်မာရဲ့ကြီးမားတဲ့လူမျိုးစုတွေထဲက လူမျိုးတစ်မျိုးဖြစ်ပါတယ်။ အခြားတိုင်းရင်းသားလူမျိုးစုများနည်းတူ ရခိုင်လူမျိုးတွေဟာလည်း ထူးခြားတဲ့၊ ချစ်စရာ၊ မြတ်နိုးစရာကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံတွေကြီးကြီးမားမားရှိကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်တို့ရဲ့ချစ်မြတ်နိုးစရာအစဉ်အလာဓလေ့ထုံးစံတွေမှာ ချစ်စရာမကောင်းတဲ့အကျင့်ဆိုးလေးတစ်ခုကလည်းပဲ ပါဝင်နေပါတယ်။ အဲဒါကတော့ ရခိုင်လူမျိုးတိုင်းရင်းသားတွေဟာ အခြားလူမျိုးတွေနဲ့သဟဇာတရှိရှိမနေတတ်ကြတာပါပဲ။

ဒါဟာရခိုင်ပြည်နယ်ထဲမှာမှဖြစ်နေတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့အပြားမှာနေထိုင်ကြတဲ့ရခိုင်လူမျိုးတွေမှာ ဒီအလေ့အထဆိုးလေးကစွဲကပ်နေပါတယ်။ ရခိုင်လူမျိုးအချင်းချင်းမှတစ်ပါး အခြားတိုင်းရင်းသားလူမျိုးတွေနဲ့ အဆင်ပြေပြေ၊ သဟဇာတရှိရှိ မနေတတ်ကြတဲ့သူတို့ရဲ့အကျင့်ဆိုးတစ်ခုကြောင့်ပဲ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်မလာသင့်တဲ့ဆိုရိုးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ ” မြွေပွေးနဲ့ရခိုင်ကိုတွေ့ရင် ရခိုင်ကိုအရင်သတ် ” ဆိုတဲ့ဆိုးဆိုးဝါးဝါးဆိုရိုးတစ်ခုပါပဲ။ ရခိုင်လူမျိုးတွေအနေနဲ့လည်း ရခိုင်မဟုတ်တဲ့၊ မတူတဲ့အခြားသူတွေအပေါ်မှာ သဘောထားကြီးတတ်ဖို့၊ သည်းခံစိတ်ရှည်တတ်ဖို့ကြိုးစားကြရမှာဖြစ်သလို ဒီလိုမကောင်းတဲ့ဆိုရိုးတစ်ခုကိုလည်းရေရှည်ဖြစ်ပေါ်မနေအောင် အားလုံးကမေတ္တာတရားနဲ့ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါတယ်။

အဲဒီလို လူမျိုးရေးအစွဲကြီးတဲ့ရခိုင်တိုင်းရင်းသားတွေကို စနစ်ရဲ့သားကောင်အဖြစ်ဖန်တီးဖို့၊ လှေကားအဖြစ်ချနင်းဖို့၊ ဖိနပ်လုပ်စီးဖို့၊ အညွန့်ခူးစားဖို့ အာဏာရူးအဆက်ဆက်ရဲ့စစ်အာဏာရှင်စနစ်အဓွန့်ရှည်ခိုင်မာရေးစီမံကိန်းကြီးတစ်ခုရေးဆွဲခံခဲ့ကြရပါတယ်။ အဲဒါကတော့ အမျိုးပျောက်မှာစိုးကြောက်စရာ၊ ကိုယ်တော်ကရုဏာ၊ သွေးနဲ့ရေးတဲ့စာ..စတဲ့မွတ်ဆလင်မုန်းတီးရေးစာအုပ်စာတမ်းတွေ မြန်မာသံဃာထုအကြားဖြန့်ဝေခံခဲ့ကြရတာပါ။ အစပိုင်းမှာ စစ်ထောက်လှမ်းရေးတွေဖြန့်ဝေခဲ့ကြပေမယ့် နောက်ပိုင်းတွေမှာ ရခိုင်သံဃာတော်တွေကအဓိကထားပြီးဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ စာအုပ်တွေထဲမှာရေးထားတာတွေတော်တော်များများက ရခိုင်ပြည်နယ်ကအဖြစ်အပျက်တွေဆိုပြီး နာနာကျည်းကျည်းဖြစ်အောင်ရေးထားပါတယ်။ ဖတ်မိကြတဲ့ရခိုင်သံဃာငယ်တွေအနေနဲ့အင်မတန်ပဲနာနာကျည်းကျည်းဖြစ်ကြပါတယ်။ အဲဒီအပြင် ရခိုင်ဆရာတော်တစ်ပါးဖြစ်တဲ့ မေဃ၀တီဆရာတော်ဦးနာရဒကိုပါ သူရဲကောင်းအဖြစ်တင်ပြီးရေးထားတာတွေဖတ်ရတော့ မေဃ၀တီဆရာတော်ကိုဟီးရိုးအဖြစ်အားကျကုန်ကြတာလည်းပါပါတယ်။ ဒီတော့ ရခိုင်သံဃာတွေဟာ Islamophobia ရဲ့သားကောင်တွေအဖြစ်ခိုင်ခိုင်မာမာဖြစ်ကုန်ကြတော့တာပါပဲ။ စနစ်ရဲ့သားကောင်အဖြစ်ရောက်ကုန်ကြတဲ့ရခိုင်စာသင်သားသံဃာတွေဟာ ဒီအမှားကိုအမှားလို့မသိမမြင်နိုင်ခဲ့ကြပဲ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ်လို့ သတ်မှတ်ခဲ့ကြပြီး အားတက်သရောဖြန့်ဝေခဲ့ကြပါတယ်။ အင်မတန်ချို့တဲ့ကြတဲ့မြန်မာ့စာသင်သားလောကမှာ ရလာတဲ့ချို့ချို့ငဲ့ငဲ့လာပ်လာဘလေးတွေကိုတောင် မသုံးရက်မစွဲရက်၊ မစားရက်မသောက်နဲ့ စာအုပ်တွေဝယ်ယူပြီး အခမဲ့ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာတော်တော်ကိုသနားစရာကောင်းတဲ့ဖြစ်ရပ်တွေပါ။ နှစ်ပေါင်းများစွာမှားယွင်းခဲ့မိကြတာရဲ့အကျိုးဆက်ရလာဒ်ဆိုးအဖြစ် အခုဆိုရင်ရခိုင်ပြည်နယ်ဟာ ဘာသာရေး လူမျိုးရေးဆိုင်ရာရန်ပွဲတွေဖြစ်ခဲ့ရပြီး မတည်မငြိမ်ဖြစ်နေရဆဲရင်ဆိုင်နေကြရပြီး မြန်မာသံဃာ့အစည်းအရုံးအတွင်းမှာနဲ့ ဒကာ၊ ဒကာမများအတွင်းမှာ အကွဲကွဲအပြားပြားအငြင်းပွားတင်းမာလာနေကြပြီဖြစ်ပါတယ်။

မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံတစ်ခုလုံးမှာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၆%ကျော်ပဲရှိတာပါ။ ဒါကအငြင်းမပွားနိုင်အောင်ပိုပြောထားတာ ဖြစ်ပါတယ်။ သေချာအောင်အောက်မှာပေးထားတဲ့ Link တွေကိုဖတ်ကြည့်ပါ။ ပြီးမှငြင်းချင်ရင်လည်းငြင်းပေါ့။ အရူးချီးပန်းစာအုပ်စာတမ်းတွေလျှောက်ဖတ်လာပြီး လာမငြင်းပါနဲ့။ အထောက်အထားနဲ့၊ ယုတ္တိရှိရှိ၊ မှန်မှန်ကန်ကန်သိအောင် အရင်ကြိုးစားပါဦး။

မန္တလေးမြို့ကြီးကို တရုတ်တွေသိမ်းပိုက်လိုက်ကြတာ၊ မြန်မာ့စီးပွားရေးဟာ တရုတ်တွေလက်ထဲမှကြေပြုန်းနေရတာ၊ တရုတ်သြဇာခံအာဏာရူးတွေလုပ်ချင်ရာလျှောက်လုပ်နေကြတာတွေဟာ မြန်မာ့နိုင်ငံရေးရဲ့ ပကတိနိုင်ငံရေးဖြစ်ရပ်တွေပဲ။ ဒါတွေကိုမမြင်နိုင်ပဲ မွတ်ဆလင်မုန်းတီးရေးကိုပဲရှေ့တန်းတင်နေကြတာဟာ မျက်မှန်စိမ်းတပ်ပြီး မြက်ခြောက်ကျွေးခံကြရတဲ့ပုံပြင်လိုဖြစ်နေကြပါတယ်။ တရုတ်ဝန်ကြီးချုပ်ဟောင်းဝမ်ကျားပေါင်ပိုင်တဲ့ ၀မ်ပေါင်ကုမ္ပဏီကလက်ပန်းတောင်းဒေသခံတွေရဲ့လယ်ယာမြေတွေကိုမတရားလုပ်တာမှာ သတ္တိပြောင်မြောက်တဲ့လက်ပန်းတောင်းဒေသခံတွေရဲ့မြေယာတော်လှန်ပွဲတွေကို ထိန်းလို့မရနိုင်တဲ့အခါမှာ မိတ္ထီလာကမွတ်ဆလင်တွေကိုသတ်ဖြတ်ပြီးအဓိကရုန်းတစ်ခုဖန်းတီးပြီး လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဆန့်ကျင်တော်လှန်ပွဲတွေကိုမှေးမှိန်တိမ်မြုတ်သွားအောင်ဖန်တီးခံခဲ့ကြတယ်။ ဒါကြောင့်မြန်မာ့လူမှုအသိုင်းအ၀န်းမှာ ဒီလုပ်ကြံမှုကို ” တရုတ်ကြီးကိုထိမှာစိုးလို့ ကုလားကြီးကိုထုတ်ရိုက်လိုက်တာ ” လို့ပြောစမှတ်ပြုခဲ့ကြပါတယ်။

ခြောက်ရာခိုင်နှုန်းလောက်ပဲရှိတဲ့မွတ်ဆလင်တွေက မြန်မာနိုင်ငံကိုသိမ်းနိုင်ပါ့မလား။ ဒါဟာတကယ်လက်တွေ့ကျရဲ့လား။ မြေပုံကိုပြန်ကြည့်ပါ။ မြန်မာဆိုတာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံကြားမှာ သတ္တိရှိရှိ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဂီတ၊ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ အစဉ်အလာမပျက်နှစ်ကာလတွေထောင်နဲ့ချီပြီးရပ်တည်လာခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်။ မွတ်ဆလင်မုန်းတီးရေးစာအုပ်စာတမ်းတွေမှာပါသလို မြန်မာမိန်းကလေးတွေကကော ခပ်ညံ့ညံ့မိန်းကလေးတွေလား။ သခင်ကိုယ်တော်မှိုင်းကလည်း ပြောသွားပါတယ်။ ကုလားအရေးက ဓါးမသွေးလောက်ပါဘူးကွာ..ဆိုပြီးတော့ပြောသွားပါတယ်။ တကယ်တော်လှန်ရမယ့်စစ်အာဏာရှင်စနစ်ကိုကျတော့မတော်လှန်ပဲ လူနည်းစုဖြစ်တဲ့မွတ်ဆလင်တွေကို အနိုင်ကျင့်သတ်ဖြတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေဟာ အလွန်ရိုင်းစိုင်းရက်စက်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒါတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကလက်မခံပါဘူး။ ဘာသာတရားအရကော၊ ဥပဒေကြောင်းအရပါ လက်မခံနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်းနိုင်ငံတကာက ၀ိုင်းဝန်းကန့်ကွက်ရှုံ့ချနေကြတာဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူးဆိုရင်တောင် ဒီလိုရိုင်းရိုင်းစိုင်းစိုင်းမဆက်ဆံရပါဘူး။ သူတို့မှားနေခဲ့ကြရင်တောင် ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ ပြေပြေလည်လည်နည်းလမ်းတွေနဲ့ဖြေရှင်းရမှာဖြစ်ပါတယ်။ ဂမ္ဘီရကအခုထိုင်းနိုင်ငံမှာရောက်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားသိန်းသုံးဆယ်ကျော်ရှိပါတယ်။ သုံးသန်းကျော်ပါတယ်။၁၉၈၈ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံကနေထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ်တစ်စတစ်စနဲ့ဝင်ရောက်လာခဲ့ကြတာဟာ အဲသလောက်ကိုများပြားတဲ့အရေအတွက်ရှိနေပါပြီ။ ထိုင်းနိုင်ငံမှာမြန်မာတွေဘာဖြစ်နေကြရသလဲဆိုတာကိုကော သိကြရဲ့လား။ ကျွန်၊ ကျွန်သဘောက်ထက်ဆိုးတဲ့အခြေအနေတွေကို ဆင်းဆင်းရဲရဲရင်ဆိုင်ခံစားနေကြရတာပါ။ ထိုင်းလူမျိုးတွေဟာ မြန်မာတွေကို ကျွန်လို့သဘောထားတာပါ။ သတ်ဖြတ်ပစ်တာတွေ၊ မတရားငွေညှစ်တာတွေ၊ လုပ်ခလစာတွေမပေးပဲညစ်တာတွေ၊ ပတ်စ်ပို့တွေသိမ်းထားပြီး ပြန်မပေးပဲ ငွေမပေးပဲခိုင်းစေတာတွေ၊ ထိခိုက်ဒါဏ်ရာရတဲ့အခါတွေမှာ လျော်ကြေးမပေးပဲမတရားလုပ်တာတွေ … ပြောရရင် အများကြီးပါပဲ။ ဒီနေရာမှာမွတ်ဆလင်မုန်းတီးရေးဝါဒပြဌာန်းစာအုပ်တွေနဲ့တိုက်ကြည့်ပါ။ ထိုင်းနဲ့မြန်မာဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံချင်းတူပါတယ်။ ဒါပေမယ့် ဘာကြောင့်အဲလောက်တောင်ထိုင်းလူမျိုးတွေက မြန်မာနိုင်ငံသားတွေကို ရက်ရက်စက်စက်လုပ်နေကြရတာလဲ။ အကြောင်းရင်းတစ်ခုတည်းကြောင့်ပါ။ အဲဒါက ထိုင်းလူမျိုးတွေရဲ့ထိုင်းအမျိုးသားရေးဝါဒအမှားကြောင့် ဒီလိုရက်ရက်စက်စက်ယုတ်ယုတ်မာမာလူမဆန်တဲ့ပြစ်မှုတွေကိုကျူးလွန်နေကြတာဖြစ်ပါတယ်။ တစ်ချိန်က မြန်မာကထိုင်းကိုလက်အောက်နိုင်ငံတစ်ခုအဖြစ်သိမ်းယူခဲ့ဖူးတာကို လက်စားချေတဲ့အနေနဲ့ အခုလိုဒုစရိုက်ပြစ်မှုတွေလွန်လွန်ကဲကဲကျူးလွန်နေကြတာဖြစ်ပါတယ်။

ဆိုလိုချင်တာက အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေးဝါဒတစ်ခုကို နိုးကြားထက်သန်အောင်တည်ဆောက်ကြရာမှာ တစ်ခြားသူတစ်ပါးတွေကိုစက်ဆုပ်မုန်းတီးပြီးတော့ ကိုယ့်လူမျိုးကိုချစ်ခင်စိတ်တွေအားကောင်းလာအောင် တည်ဆောက်တယ်ဆိုတာဟာ လူသားဆန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ စိုင်းခမ်းလိတ်ရေးခဲ့သလိုပါပဲ။ ဘယ်နေရာမှာမဆိုတစ်ဖက်စွန်းကျရင်တစ်ခြားတစ်ဖက်မှာနစ်နာရတတ်တာ သဘာဝပဲဖြစ်ဖြစ်ပါတယ်။ ဒါမျိုးကမ္ဘာကြီးတစ်ခုလုံးကိုလုပ်ပစ်မယ်ဆိုပြီး နာဇီတွေလုပ်ခဲ့ကြတာပဲ။ မအောင်မြင်ပါဘူး။

ပထမကြီးတန်းအောင်ပြီးပြီးချင်း ကရင်ပြည်နယ်ကိုသာသနာပြုခရီးသွားခဲ့ရတုန်းက ကရင်ဘုန်းကြီးကျောင်းတွေရဲ့ရှေ့မျက်နှာစာမှာထိုးထိုးထားတတ်တဲ့စာတန်းလေးတစ်ခုကိုလည်း သတိရမိပါတယ်။ အဲဒီစာတန်းလေးက ” အဲလာ့ဆိုဒ် ” ။ အဓိပ္ပါယ်က ” အမျိုးကိုချစ်ပါ ” ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ အမျိုးကိုချစ်ပါ-ဆိုတာကို ကရင်လူမျိုးတစ်မျိုးတည်းကိုပဲချစ်ရမယ်လို့နားလည်ရင် အဲဒါဟာအင်မတန်ကျဉ်းမြောင်းတဲ့အမျိုးချစ်စိတ်အဓိပ္ပါယ်တစ်ခုဖြစ်သွားမှာပါ။ ကိုယ်နားလည်မိတာကတော့ အဲလာ့ဆိုဒ်-ဟာ ကရင်လူမျိုးတစ်ယောက်အနေနဲ့ ကရင်လူမျိုးတွေကိုချစ်မြတ်နိုးရမှာဖြစ်သလို မတူတဲ့တခြားလူမျိုးတွေကိုလည်း မမုန်းတီးပဲ ပျူပျူငှာငှာဆက်ဆံရမယ်လို့ နားလည်မိပါတယ်။

Political Defiance Theory လို့ခေါ်တဲ့ နိုင်ငံရေးအံတုမှုသီအိုရီမှာ မဟာဗျူဟာကျတဲ့အခင်းအကျင်းကိုကြည့်တဲ့အခါမှာ လှေလှော်သလိုမကြည့်ရဘူး။ ငှက်ပျံသလိုကြည့်ရမယ်လို့ အဆိုအမိန့်တစ်ရပ်ပါရှိပါတယ်။ ထားပါတော့။ အဲဒါကိုအရှည်ကြီးဆွေးနွေးမနေတော့ပါဘူး။ ကမ္ဘာကြီးကို အပေါ်စီးကနေကြည့်လိုက်ပြီး နိုင်ငံတွေရဲ့နယ်နိမိတ်စည်းတွေကိုခဏဖယ်ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာကမ္ဘာမြေပြင်ကြီးတစ်ခုတည်းပေါ်မှာအတူနေထိုင်နေကြတဲ့ မိသားစုကြီးတစ်ခုတည်းပဲဖြစ်ပါတယ်။ ဒါကိုပဲ ကမ္ဘာရွာ၊ ဂလိုဘယ် ဗစ်လစ်ခ်ျ၊ ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်လာကြတာပါပဲ။ မြေပြင်ကြီးတစ်ခုပေါ်မှာအတူနေထိုင်ကြသူတွေဖြစ်သည့်အားလျော်စွာ အကျိုးတူစီးပွားဖက်တွေလည်းဖြစ်ကြပါတယ်။ အကျိုးတူစီးပွားဖက်တွေဖြစ်ကြသည့်အားလျော်စွာ အပြန်အလှန်ချစ်ခင်လေးစားခြင်းတွေ၊ အပြန်အလှန်ကာကွယ်စောင့်ရှောက်ခြင်းတွေ၊ အပြန်အလှန်စာနာနားလည်ခြင်းတွေ၊ အပြန်အလှန်သဘောထားကြီးခွင့်လွှတ်ခြင်းတွေအားကောင်းအောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ လူသားဆိုတာဟာ မိမိနဲ့မိမိရဲ့ပတ်ဝန်းကျင်ကိုငြိမ်းချမ်းသာယာလှပအောင်စောင့်ရှောက်ရပါတယ်။ အပြန်အလှန်စောင့်ရှောက်ကြခြင်းဖြင့် ငြိမ်းချမ်းသာယာခြင်းကိုရရှိခံစားကြရမှာဖြစ်ပါတယ်။ ဒါမှပဲလူသားအဖြစ်၊ လူပီသသူဖြစ်တာပါ။ နောက်တစ်ခုထပ်ဖြည့်ရရင် အနန္တနယ သမန္တ မဟာပဌာန်းကျမ်းလာအတိုင်း အနာဒိအနန္တ အစအဆုံးမထင်တဲ့ကိုယ်စီကိုယ်စီရဲ့ဘ၀များစွာသံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူဆိုတာမရှိပါဘူး။ အားလုံးဟာဆွေမျိုးသာချင်းတွေချည်းပဲဖြစ်ပါတယ်။ ဘ၀တစ်ပါးဖုံးလွှမ်းခံရတာကြောင့် မသိနိုင်ကြရတာပဲဖြစ်ပါတယ်။ အပြန်အလှန်ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်နိုင်ကြပါစေလို့နေ့စဉ်ဆုတောင်းနေမိတာပါ။

ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးသေသေချာချာတွေးကြည့်ပါ။ ကိုယ်ကဘာဖြစ်နေပြီလဲဆိုတာတွေ့လာပါလိမ့်မယ်။ စစ်ကျွန်နံ့တွေထောင်းထောင်းထနေပြီးတော့ ကိုယ်အမြတ်တနိုးကိုးကွယ်ဆည်းကပ်ရာဘာသာအယူဝါဒကို အများကကဲ့ရဲ့ရှုံ့ချအောင်၊ သံဃာ့အစည်းအရုံးအတွင်းမှာ အကွဲကွဲအပြားပြားဖြစ်လာအောင်၊ ကိုးကွယ်ဆည်းကပ်သူဒကာ၊ ဒကာမတွေကို အကြည်ညိုလျော့နည်းလာစေအောင်၊ အပြန်အလှန်မုန်းတီးမှုတွေနဲ့ သွေးချောင်းစီးသတ်ပွဲတွေဖြစ်ပေါ်လာအောင်၊ အနာဂတ်မှာ ခွဲထွက်ရေးစကားတွေပြောလာအောင်၊ ဘာသာသာသနာမကြာခင်အမြန်ကွယ်ပျောက်စေအောင်လုပ်နေကြတယ်ဆိုတာ တွေ့လာရမှာပါ။ ကိုယ့်ကိုယ်ကိုယ် မဟာအမျိုးသားရေးဝါဒီသူရဲကောင်းကြီင်္းတွေလို့ထင်မြင်ယူဆနေကြဦးမယ်ဆိုရင်တော့လည်း နဖားကြိုးကတော်တော်ခိုင်တာပဲလို့ သိပြီးစိတ်မကောင်းဖြစ်နေရုံပါပဲ။ နွားမဟုတ်ရင် နဖားကြိုးအထိုးမခံရဘူးလေ။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း၊ ညှင်းဆဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ။

မေတ္တာဖြင့် –
ဂမ္ဘီရ
ခေတ္တ-ထိုင်းနိုင်ငံ
၁၈.၁၂.၂၀၁၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: