ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်စော်ကားသူတွေကို အရေးယူသလို အခြား ဘာသာတွေကို အမုန်း တရားနဲ့ စော်ကားပုတ်ခတ်နေသူတွေကိုလည်း အရေးယူဖို့ သန့်ရှင်းသော အစိုးရကြီးကို လက်တို့ချင်ပါရဲ

“သည်းဘွင်ထိတ်စရာ့ကြီး”””
—————————————

“နှုတ်ကြောင့်သေ၊ လက်ကြောင့်လျော်” ဆိုတဲ့ စကားကို ငယ်ငယ်က ကြားဖူးရဲ့။ ဘာကိုဆိုလိုသလဲဆိုတာတော့ နားဝေတိမ်တောင်ပါပဲ။ နို့ အခုတော့ နည်းနည်းသဘောပေါက်သလိုလို ရှိလာတယ်ဗျာ။

အိမ်က သခင်မ ဖောက်ပြန်နေတာကို သခင်ကြီး ပြန်လာရင် တိုင်ပြောမယ်လုပ်တဲ့ ကြက်တူရွေးသူတော်ကောင်း ခမျာ အသက်တိုရသလို နှုတ်ကြောင့်သေရ ဖြစ်အင်မျိုးထင်ပါ့။ ဆိုကရေးတီးလို အမှန်တရားပြောလို့ အဆိပ်သောက်သေရတဲ့ အဖြစ်မျိုးထင်ပါ့။ ဆရာထင်လင်ဦးခမျာ မှန်တာလေးကို နတ်သံမနှောပဲ ဒေါသံဗျောနဲ့ တွန်းမိလို့ ခုဆို အာမခံတောင်မရရှာဘူးကိုး။


လက်ဆော့တာတော့ ခပ်ကောင်းကောင်းထင်တာပဲ။ အများကြီးမဟုတ်တောင် ကိတ်လှီးတာမျိုးလောက်ပေါ့။ တကယ်ပြောရတာပါ။ အခုတလော ကျုပ်ဖြင့် ဂျာမနီက မြန်မာသံအရာရှိကြီးတစ်ဦးလို ရွှေတိဂုံစေတီတော်ပုံ ကိတ်မုန့် လေးကို ရယ်ရယ်မောမော ပျော်ပျော်ပါးပါးကြီး ဘီယာနဲ့ မြည်းဖို့ လှီးပြီး လက်ဆော့တာမျိုးလေးတွေကို စိတ်ကူး မယဉ်ဝံ့ဝံ့ ယဉ်ဝံ့ဝံ့ ဖြစ်ရပါသဗျာ။

မဖြစ်ရတန်ကောလား။ အရင်က ဂျာမဏီ၊ သြစတီးယား၊ ချက်နိုင်ငံလာက်ပဲ တာဝန်ယူထားရာကနေ ရွှေတိဂုံကိတ်လေးလှီးလိုက်မှ နောက်ထပ် အက်စ်တိုးနီးယားနိုင်ငံတစ်ခုပါ ထပ်တိုးပြီး အခွင့်အာဏာ ခံစားခွင့် ပိုရသွားသဗျ။ မနိပ်ဘူး လား။ အဲတော့ကာ ကိုယ်တွေလည်း နည်းနည်းတော့ လက်ဆော့ချင်သလိုလို ဖြစ်မိတာပေါ့။ သံရာထူးလေး ရလိုရငြားပေါ့။ ဟုတ်ဘူးလား။

ဒါပေမယ့် ဂျာမနီက မြန်မာတွေကတော့ ကျုပ်ကို ကြိတ်ကြိတ်နဲ့ လက်တို့ကြတယ်။ သူလက်ဆော့တာက မလျော်ရတဲ့အပြင် အပိုဆုအကျိုးပေးထူးရပုံက ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တစ်ပတ်ထဲ ဆင်းတွေမို့လို့တဲ့ဗျို့။ တော်ပါပြီဗျာ။ သံမဖြစ်ရလည်း နေပါစေတော့။ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ပုံစံကိတ်ကို လှီးပြီး အကုသိုလ် ဗလပွနဲ့ အဝီစိကိုလည်း ဘယ်သူနဲ့မှ တစ်ပတ်ထဲ မဆင်းရဲပေါင်။

လက်ပံတောင်းမှာ သံဃာတော်တွေကို မီးလောင်ဗုံး အာရုဏ်ဆွမ်းဆက်ကပ်သလိုလည်း လက်မဆော့ရဲပေါင်။ သန္တိသုခကျောင်းက သံဃာတွေကို အတင်းလူဝတ်လဲဖမ်းဆီးသလိုမျိုးလည်း လက်မဆော့ရဲပေါင်။ လယ်တီသိမ်နဲ့စေတီကိုလည်း ဖျက်ပြီး ရွှေ့လို့ လက်မဆော့ရဲပေါင်။ သူတို့လို ကိုယ်တွေက တစ်ပတ်ထဲ ဆင်းတွေ ဟုတ်မှဟုတ်ပဲကိုး။ မယှဉ်ဝံ့ပါပဲ။ နောက်ပြီး ဟိုဘားဆိုင်လိုလည်း ဗုဒ္ဓကို နားကြပ်ကြီး တပ်တဲ့ပုံနဲ့ လက်မဆော့ဝံ့ပေါင်။

ဘယ့်နှယ်ဗျာ။ အရက်ဘားကြော်ငြာတာများ ဗုဒ္ဓကိုနားကြပ်တပ်တဲ့ ဒီဇိုင်းဆွဲရတယ်လို့ကွယ်။ ဦးသိန်းစိန် အစိုးရကြီးက ဒါမျိုး ဘယ်လက်နှေးလိမ့်မလဲဗျာ။ နံရိုးပါ စည်းရိုးထိုးပစ်လိုက်မှာပေါ့။ သူတို့ဆရာဒကာအင်အားက နည်းမှတ် လို့။ အခုလို ဘာသာတရားတစ်ခုကို စော်ကားတာမို့ ထိထိရောက်ရောက် အရေးယူပေးတာ ဝမ်းသာအယ်လဲဖြစ်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကို စော်ကားရင် အရေးယူသလို အခြားဘာသာတွေကို စော်ကားရင်လည်း အရေးယူပေးမှ တရားဥပဒေ မည်မယ်ထင်ပါ့။

ပြီးတော့ နားကြပ်တပ်တဲ့သူကိုအရေးယူသလို ရွှေတိဂုံစေတီပုံတော်ကိတ်လှီးသူကိုလည်း ကျောသား ရင်သားမခွဲခြားပဲ အရေးယူဖို့လို့သဗျ။ ဆရာထင်လင်းဦးကို အာမခံမပေးသလိုမျိုး လောင်မီးဗုံးဆွမ်းရှင်တွေကိုလည်း အရေးယူဖို့လိုမယ်ထင်ပါသဗျ။ ဆိုတော့ကာ ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်စော်ကားသူတွေကို အရေးယူသလို အခြား ဘာသာတွေကို အမုန်း တရားနဲ့ စော်ကားပုတ်ခတ်နေသူတွေကိုလည်း အရေးယူဖို့ သန့်ရှင်းသော အစိုးရကြီးကို လက်တို့ချင်ပါရဲ့။ နို့ပေမယ့် ကျုပ်က နည်းနည်းကြက်သီးတော့ ထမိသဗျ။

စာရေးတယ်ဆိုတာက မနောကတွေးမိသမျှ နှုတ်ကပြောသလို လက်နဲ့စာရေးရတာမို့လား။ နှုတ်ကြောင့်သေ၊ လက်ကြောင့်လျော် ဆိုတဲ့ မူအရ စာရေးတဲ့သူက နှုတ်ရော လက်ရော အတွင်းစိတ်ရောပါ အဆစ်ပါလေတော့ လွယ်မထင်ကြီးရယ်။ ခေတ်ကိုက မီးလောင်ဗုံးကြဲသူထက် ပါးစပ်ကနေ အာဗုံးကြဲသူက အာမခံမရဘူးလေဗျာ။ အဲဒီတော့ မှန်တာ ပြောရပေမယ့်လည်း သန်ရှင်းကောင်းမွန်သောအစိုးရကြီးရဲ့ တရားဥပဒေစိုးမိုးမှုက ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ကဗျာလေးထဲကလို သည်းဘွင်ထိတ်စရာ့ကြီးမို့ နှုတ်ဆိတ်နေပါတော့မယ်ခင်ဗျ။ ကောင်းတယ်မို့လားနော့။

ခေတ်သဘောဟာမို့ ဖြစ်မပြောသာဘု့
စစ်ကြောပါလိုက်လျှင်။
တန်ခိုးပြ စိုးရကာ ကြိမ်မတော့
သမ္ဘာရှိန် ဝင့်ကာ မောက်ကြပေသပေါ့
ကြောက်စရာ့ပင်။ ။

ပြည်သဘောကိုလ မကြည်မောနိုင်တဲ့အင်
ကိုယ်ထင်ရာလုပ်တမ်း။ ။

သည်အတိုင်းသာဖြင့် ပြည်တိုင်းမှာဆာပူလို့
ညာသူသာ ဘုန်းရှိန်တောက်ပါလိမ့်
ကဲရောက်လျှင်အာဏာနှင့်နှိပ်မှာမို့
ပဏ္ဍိတ်သူတော်စင်တို့ ပွဲမဝင်
သည်းဘွင် ထိတ်လို့ရယ်
နှုတ်ဆိတ်မည့်လမ်း ။ ။
(ဂျာနယ်ကျော်ဦးချစ်မောင်)
——–
နေစကြာနိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: