အစၥလာမ္ဘာသာ၀င္မ်ား လူ့ဂုဏ်သိက္ခာနှင့်အညီနေနိင်သည်အထိကြိုးပမ်းမည်ဟု သာသနာရေးရာကောင်စီ ကတိပြု

အစ္စလာမ်ဘာသာဝင်များ လူ့ဂုဏ်သိက္ခာနှင့်အညီနေနိင်သည်အထိကြိုးပမ်းမည်ဟု သာသနာရေးရာကောင်စီ ကတိပြု

ကိုပေါက်(Myanmar Muslim Media CJ)
ဒီဇင်ဘာ ၂၁၊ ၂၀၁၄

အစ္စလာမ်သာသနာရေးရာကောင်စီအား စတင်ထူထောင်ခဲ့သူများ၏ ရည်မှန်းချက်ဖြစ်သည့် အစ္စလာမ်ဘာသာဝင်များ လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ဘ၀ရပ်တည်နိင်ရေး ရည်မှန်းချက်ကို ယနေ့အချိန်အထိအောင်မြင်အောင် မဆောင်ရွက်နိင်သေးကြောင်းနှင့် အဆိုပါရည်မှန်းချက်အောင်မြင်ရေး သံဓိဌာန်ချထားကြောင်း ဥက္ကဌကြီး ဦးညွန့်မောင်သျှိန်က အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နှစ် ၆၀ ပြည့်အခမ်းအနားတွင်ကတိပြုပြောကြားလိုက်သည်။

“မိမိတို့ဘိုးဘေးများရဲ့ ဂုဏ်ရောင်ပြောင်မြောက်တဲ့ အတိတ်သမိုင်းနဲ့အညီ ဂုဏ်သိက္ခာရှိစွာဖြင့် ဘ၀ရပ်တည်နိင်ရေးနဲ့ နှစ်ဘ၀ကောင်းစားရေးကိုရည်မှန်းချက်ပန်းတိုင်ထားကာ အစ္စလာမ်သာသနာရေးရာကောင်စီကိုဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။အဲဒီ့ရည်မှန်းချက်ပန်းတိုင်သို့ ယနေ့တိုင်မတက်လှမ်းနိင်သေးသော်လည်း မဆုတ်မနစ်ဇွဲလုံးလဖြင့် ဆက်လက်လျှောက်လှမ်းကြမယ်လို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ပြုပါတယ်”ဟု အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌကြီး ဦးညွန့်မောင်သျှိန်က အထက်ပါအခန်းအနားမိန့်ခွန်းတွင် ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“သန္နိဋ္ဌာန်ချထားတယ်။မဖြစ်ဖြစ်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန် ချထားတယ်”ဟု ဥက္ကဌကြီး ဦးညွန့်မောင်သျှိန် က Myanmar Muslim Media သို့လည်း ထပ်လောင်းပြောကြားသည်။

သာသနာရေးရာကောင်စီ၏ မူလမျှော်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အစိုးရအသီးသီးလက်ထက်တွင်ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀မရှိခြင်းလည်းပါဝင်ကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ်က သုံးသပ်သည်။

“ဘာသာရေးလွတ်လပ်ခွင့်လည်းဒီ့ထက်ပိုပြီးရှိဖို့လိုမှာပေါ့။ဘာသာရေးလွတ်လပ်ခွင့်က အခြေခံကျတယ်။လုပ်ငန်းစဉ်အားလုံးအတွက်ကို ။ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့အတွက် လွတ်လွတ်လပ်လပ်မဆောင်ရွက်နိင်ဘူး၊ လွတ်လွတ်လပ်လပ်မဆောင်ရွက်နိင်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေနဲ့ ဘယ်လိုဘဲ ချမှတ်ပြီး အကောင်းဆုံးပြဌာန်းပြဌာန်းပေါ့ လက်တွေ့မှာကျတော့ ဖြစ်သင့်သလောက်ဖြစ်မလာဘူးပေါ့” ဟု အတွင်းရေးမှုးချုပ် ဦးတင်မောင်သန်းက Myanmar Muslim Media သို့ပြောသည်။

လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း အစိုးရအဖွဲ့အစည်းများက မကြာခနပြောကြားချက်များရှိနေသည့်မြန်မာနိင်ငံသည် စနစ်တကျနှင့်တုန်လှုပ်ချောက်ခြားဖွယ်ရာ ဘာသာရေးအကြမ်းဖက်မှုအဖြစ်ပွားဆုံးအမည်ပျက် ၁၅ နိင်ငံစာရင်းတွင် မြန်မာနိင်ငံပါဝင်ကြောင်း အမေရိကန်နိင်ငံမှ ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကားကာ ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ပါ The Irrawaddy သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

“ဒီနိင်ငံမှာ နိင်ငံသားကောင်းတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဘာသာသာသနာအပေါ်ကိုယ် ယုံကြည်တာကိုလဲ စိတ်အေးချမ်းသာစွာနဲ့ ကျင့်သုံးချင်တယ်။အဲဒီ့ အခြေအနေကိုရောက်အောင်ကြိုးပမ်းတာ မအောင်မြင်သေးဘူးလို့ ကျွန်တော်တို့အဖွဲ့ရဲ့ ဥက္ကဌရော အတွင်းရေးမှူးချုပ်ကရောပြောတာ” ဟု အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက လည်းရှင်းပြသည်။
ဦးနုအစိုးရ အဖွဲ့က ဗမာမွတ်စလင်မ်ကွန်ဂရက် အား ဘာသာရေးနှင့်နိင်ငံရေးရောထွေးသည်ဟူသောအကြောင်းပြချက်ဖြင့် ဖျက်သိမ်းစေခဲ့သောကြောင့် အစ္စလာမ်သာသနာရေးရာကောင်စီကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

“ကောင်စီရဲ့ ရည်မှန်းချက်ပန်းတိုင် ဘာလဲဆိုတာကို အတိုဆုံးနဲ့အရှင်းဆုံး ပြောရရင်တော့ လူ့ဂုဏ်သိက္ခာနဲ့အညီ လူပီပီသသ နေနိင်ဖို့ပဲ။ အဲ့ဒီ့လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိင်သလားမနေနိင်သလားဆိုတာ ကျွန်တော်တို့ပြောစရာမလိုဘူး။ခင်ဗျားတို့အားလုံးသိတယ်”ဟု လည်း ဦးဝဏ္ဏရွှေက ပြောသည်။

အစ္စလာမ်သာသနာရေးရာကောင်စီသည်အစ္စလာမ့်အသိပညာပေးစာပေများထုတ်ဝေခြင်း၊ ခေတ်ပညာနှင့် အစ္စလာမ်သာသနာ့ပညာတွဲဘက်သင်ယူနိင်ရေးထောက်ကူပြုကျောင်းများဖွင့်လှစ်ခြင်း၊နွေရာသီ အစ္စလာမ်အသိပညာပေး အန်ဆွာရီ သင်တန်းများဖွင့်လှစ်ခြင်း၊ဟာလာဟ်စားသောက်ကုန်စိစစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: