အမေရိကန်တွေသာ မြန်မာစိတ်ပေါက်ခဲ့သော်

အမေရိကန်တွေသာ မြန်မာစိတ်ပေါက်ခဲ့သော်

ဒီတော့ စဉ်းစားမိတယ်။ ဒီကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုလောက် ရန်သူများတာ ဘယ်နိုင်ငံမှ မရှိဘူး။ အင်အားကြီးသူမို့ ရန်သူ မရှိဘူးလို့ မြင်ရင် မှားမှာပဲ။ အမေရိကန်ပြည်ထောင်စုကို ရန်ရှာနေတဲ့ ကျူးဘားနိုင်ငံဟာ ဖလော်ရီဒါရဲ့ Key west ဟိုမှာဘက်ကမ်းမှာ နီးနီးလေးပါ။ တောင်အမေရိကတိုက်မှာလည်း ဗင်နီဇွဲလာဆိုတဲ့ နိုင်ငံရှိတယ်။ ဥရောပမှာ ရုရှားဆိုတာ ရှိတယ်။ အရှေ့အလယ်ပိုင်းမှာ ISIS ဆိုတာ ရှိတယ်။ အာရှမှာ တရုတ်ဆိုတာ ရှိတယ်။ ရန်သူများလို့ အာဏာရှင်စနစ်နဲ့မှ ကိုက်ညီတယ်လို့ ပြောရင် အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီဘိုးအေနိုင်ငံ ဖြစ်မလာဘဲ အာဏာရှင်စနစ်ရဲ့ ဘိုးအေနိုင်ငံပဲ ဖြစ်စရာ ရှိတယ်။

အနည်းဆုံးကတော့ နေ့တိုင်း ရုရှားမကောင်းကြောင်း ပြောနေရမှာပဲ။ တရုတ်မကောင်းကြောင်း ပြောနေရမှာပဲ။ ISIS မကောင်းကြောင်း ပြောနေရမှာပဲ။ အခြားရန်ဘက်နိုင်ငံတွေရဲ့ မကောင်းကြောင်းကို ပြောနေရမှာပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကိုလည်း ထိန်းချုပ်ထားရမှာပဲ။ လူတိုင်းကိုလည်း နိုင်ငံသား မပေးကောင်းဘူး။ ကွန်မြူနစ်တွေ၊ လက်ဝဲသမားတွေ၊ အကြမ်းဖက်သမားတွေက အမေရိကန်နိုင်ငံသားအဖြစ်ကို ခံယူပြီး အမေရိကန်ပြည်ထောင်စုကို ဒုက္ခပေးမှာ အသေအချာပါပဲ။ ဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအတွက် ဘယ်သူမှ အဝင်မခံတော့ဘူးလို့ ကျေညာခဲ့ရင် ဘယ့်နှယ်ပြောကြမလဲ။

နောက်ပြီး လူမည်းနဲ့ ညားရင် ကလေးက ဖြူလာစရာ မရှိလို့ လူဖြူနဲ့ လူမည်း မညားကြအောင်လည်း ဥပဒေပြုရပါအုံးမယ်။ ကလေးအမွေးကြမ်းတဲ့ လူမည်းမိသားစုများကိုလည်း ကလေးကို ဘယ်နှယောက်ပဲ မွေးပါလို့ ပြောရပါအုံးမယ်။ ဗုဒ္ဓဘာသာနဲ့ ဘုရားမဲ့သူဦးရေကလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်၊ အားကစားသမားအချို့ကလည်း အစ္စလမ်ဘာသာဘက်ကို အာရုံညွတ်နေကြတာ ရှိတယ်၊ ဟောလီဝုဒ်က မင်းသားမင်းသမီးတွေကလည်း ရှင်တိုလိုလို၊ ဇင်လိုလို Let it go လုပ်နေကြတယ်။ ဂျူးတွေကလည်း ဘယ်လူမျိုးနဲ့မှ လက်မထပ်ကြဖို့ ဆော်အောင်နေကြသလို အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားကြတဲ့ လူမျိုးလည်း ဖြစ်တယ်။ ဒီဂျူးမသားတွေက လာမဲ့ ၂၀၁၅-ခုနှစ်မှာ လူဦးရေ (၇)သန်းအထိ ရှိတော့မယ်။ အစ္စရေးနိုင်ငံရဲ့ လူဦးရေးထက်ကို ပိုများနေတယ်။ မတော်တဆများ ဒီဂျူးတွေက အမေရိကန်ပြည်ထောင်စုကို သိမ်းပိုက်သွားမှဖြင့် အခက်ပေါ့။ နာဇီဝါဒကို ကျင့်သုံးဖို့ အမေရိကန်တွေအနေနဲ့ ကျင့်သုံးသင့်က ကျင့်သုံးရပါလိမ့်မယ်။ ဒီတော့ ကက်သိုလစ်ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ လူသာရင်ဘုန်းတော်ကြီးတွေ၊ မာမွန်ဘုန်းတော်ကြီးတွေက လူမျိုးနဲ့ ဘာသာတရားကို ပိုအားပေးတဲ့ ရီပဗ္ဗလီကန်ပါတီကို ချဉ်းကပ်ကြပြီး မျိုးစောင့်ဥပဒေသာ ပြဌာန်းပေးရင် ရီပဗ္ဗလီကန်ပါတီ မဲနိုင်အောင် မိမိတို့ ရပ်တည်ပေးမယ်လို့ သိမ်းသွင်းကြမယ်။ ဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စုဆိုတာ ဘာဖြစ်သွားမလဲ။

အမေရိကန်ကလေးတွေက ဘာမှ မလုပ်ဘဲ ဂျူးမကောင်းကြောင်းတွေကိုပဲ ပြောနေရပါလိမ့်မယ်။ ဒီနိုင်ငံကို ပိုင်ဆိုင်ခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေကလည်း အချိန်မရွေး ပြန်သိမ်းသွားနိုင်မှာမို့ ဒီလူမျိုးပပျောက်သွားအောင် သမိုင်းအလိမ်များကိုလည်း ဖန်တီးပြီး ကျောင်းမှာ သင်ခိုင်းရပါလိမ့်မယ်။ မြောက်အမေရိကတိုက်မှာ လူဦးရေ (၈)သန်းအထိ ရှိလာတဲ့ မွတ်စလင်တွေကို ထိန်ချုပ်ဖို့ပေါ်လစီလည်း ကွန်ဂရက်ကလည်း ဥပဒေပြုပေးဖို့ လူကြီးတွေ ကြိုးစားကြရပါလိမ့်မယ်။ တကမ္ဘာလုံးမှာလည်း မွတ်စလင်လူဦးရေက 1.84 အထိ တိုးတက်လာတော့ ကျန်တဲ့ ဘာသာတရားတွေက အစ္စလာမ်ဘာသာကို ထိန်းချုပ်ဖို့ ကုလသမဂ္ဂမှာ အရေးဆိုကြရပါအုံးမယ်။ ဒီတော့ လူ့အခွင့်အရေးအကြောင်းတွေ လာပြောမနေနဲ့။ သိပ္ပံနဲ့နည်းပညာအကြောင်းတွေ လာမပြောနဲ့။ နိုင်ငံရေးသမားတွေဆိုတာကလည်း မဲဆွယ်တုန်းက တစ်မျိုး၊ အစိုးရဖွဲ့ပြီးရင်လည်း ဒုံးရင်းနဲ့ပဲ။ ဒီပြည်ထောင်စုကြီးကို တကယ်တိုက်ပေးခဲ့တာ ဂျော့ဂ်ျဝါရှင်တန်ပါပဲ။ သူက စစ်သားပဲ။ အမေရိကန်ပြည်တွင်းစစ်မှာ တကယ်တိုက်ပြီး အသက်ပေးခဲ့တာကလည်း နိုင်ငံရေးသမားတွေမဟုတ်ဘူး။ နိုင်ငံရေးသမားတွေက ကျွန်စနစ်နဲ့ အမြင်ကွဲလို့ ပြည်ထောင်စုကြီး ကွဲမလောက် ဖြစ်သွားခဲ့ရတာ ဖြစ်တယ်။ နိုင်ငံရေးသမားတွေ ရူးလို့ စစ်သားပေါင်းများစွာ အသက်ပေးခဲ့ရတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ စစ်ရေးအမြင် မရှိရင် စစ်သေနာပတိချုပ် မဖြစ်ရပါဘူး။ နျူးကလီယားခေတ်မှာ စစ်ရေးအမြင်မရှိဘဲ ဒီစစ်တပ်ကြီးကို ဘယ်လိုအမိန့်ပေးမလဲ။ အခုလည်း သမ္မတအိုဘာမားဆိုတာ စစ်ရေးအမြင်လည်း မရှိလို့ ISIS က တန်ခိုးထွားနေကြတာ ဖြစ်တယ်။ ဒီတော့ အာဏာသိမ်းပစ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ သတင်းစာနယ်ဇင်းတွေအားလုံးကို စစ်တပ်က ထိန်းချုပ်ပြီး အမေရိကန်ပြည်သူများ ဘာမှ မလုပ်ဘဲ လူမျိုးမုန်းတီးရေးတွေ၊ ဘာသာရေးမုန်းတီ်းရေးတွေ၊ အမေရိကန်တွေ မျိုးချစ်တဲ့အကြောင်းတွေ နေ့စဉ်နဲ့အမျှ ပြောနေကြဖို့ လိုတယ်။

ဟော ကြည့်ပါလေ။ သင်္ကန်းကိုးရိုးကားယားနဲ့ လာနေတဲ့ ဦးပြည်းကတုံးတစ်ယောက်။ ဟေ့ကောင် မင်း ဘာရပ်ကြည့်နေလဲ။ သေချာစစ်။ ဒီကောင်တွေက အမေရိကန်ပြည်ထောင်စုရဲ့ အမှိုက်တွေပဲ။ အလုပ်လည်း မလုပ်ဘူး။ ပြီးရင် medicaid တို့ဘာတို့ လျှောက်အုံးမယ်။ အဆိုးဆုံးက God ကို အခွင့်ရရင် စော်ကားမဲ့ကောင်တွေကွ။ မင်းတို့ပဲ ရောရောနှောနှော လုပ်ကြ။ တစ်နေ့ ဒုက္ခရောက်ကြရပါအုံးမယ်။ ဘုရားရှိခိုးကျောင်းကို သွားကြ။ မူကြိုကလေးတွေက စပြီး တက္ကသိုလ်အထိ ပညာသင်ပေးနေတဲ့ ခရစ်ယာန်ကျောင်းတွေကို ပြုပြင်သင့်ရင် ပြုပြင်ရပါလိမ့်မယ်။ ဒီတော့ ဒီလူက Space Center ကို ဝင်ကြည့်ဖို့ ခွင့်မပြုသင့်ဘူး။ မတော်တဆများ Satellite ကို မောင်းပြေးသွားမှဖြင့် ဒုက္ခပါပဲ။ အမေရိကန်လုံခြုံရေးအရာရှိဆိုသူကလည်း သိပ္ပံအမြင်မှ မရှိတာပဲလေ။ နောက်ပြီး အမေရိကန်ပြည်သူတွေကလည်း ဘုန်းကြီးပြောတိုင်း ယုံကြတော့ အမျိုးမချစ်တဲ့ကောင်တွေ လာမဲ့ ၂၀၁၅-ခုနှစ်မှာ မဲရဖို့ မစဉ်းစားကြပါနဲ့တော့။ Satellite ကို သေနတ်တစ်လက်လို ပစ်လွှတ်လို့ ရတယ်လို့ ရွာသားတွေကို ပြောထားလိုက်။ ဒီကောင်တွေလည်း ဘာမှ သိကြတာ မဟုတ်ဘူး။ ပြောတိုင်း ယုံကြမှာပဲ။ ဘာတဲ့ ဗုဒ္ဓဘာသာက ငြိမ်းချမ်းတဲ့ ဘာသာတရားဟုတ်လား။ ဘယ်မလဲ ဦးဝီရသူ။ မတွေ့ဘူးလား မြန်မာပြည်မှာ ဖြစ်ပျက်နေတာ။ သူက မွတ်စလင်အိမ်ကို လိုက်ပြီး မီးရှို့နေတာလေ။ မွတ်စလင်တွေလောက် မငြိမ်းချမ်းလို့ မွတ်စလင်အိမ်တွေ၊ ဗလီတွေကို လိုက်ပြီး မီးရှို့နေတာပေါ့။ ဒီကတုံးတွေက နည်းနည်းလေး အင်အားများတာနဲ့ ချာ့ခ်ျကျောင်းတွေကို မီးရှို့ကြမှာ အသေအချာပါပဲ။ နောက်ထပ်သမ္မတသက်တမ်းအတွက် သူတို့အဆိုပြုနေတဲ့အစိုးရနဲ့ စစ်တပ်ကလည်း ကချင်ပြည်နယ်မှာ ခရစ်ယာန်တို့ရဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ရွာတွေ၊ စာသင်ကျောင်းတွေ ရှို့လိုက်တာ မနည်းဘူးပဲ။ ဒါကြောင့် ဒီဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို သာသနာပြုဗီဇာကို ထုတ်မပေးပါနဲ့တော့။ ဒီနိုင်ငံပိုက်ဆံမှာတောင် In God We Trust ရေးထားတာပဲ။ ဒါ ခရစ်ယာန်တို့ရဲ့ တိုင်းပြည်ပါပဲ။ ကြည့်ပါလေ။ သြစီရောက်နေတဲ့ကောင်တွေ၊ အမေရိကရောက်နေတဲ့ကောင်တွေ၊ ဥရောပရောက်နေတဲ့အကောင်တွေ ကြည့်ပါ။ အချို့က ဦးဝီရသူကို ထောက်ခံရေး လုပ်နေကြတယ်။ ဒီကောင်တွေကို ထောက်လှမ်းကြပါ။

အမေရိကန်ရှိပြည်နယ်တွေမှာ ကိုယ်ပိုင်စစ်တပ် ရှိနေတယ်။ ဒီပြည်နယ်တွေက ခွဲထွက်သွားမှဖြင့်။ နောက်ပြီး မက္ကစီကိုနိုင်ငံက သူတို့နယ်ဖြစ်ဖူးတဲ့ ပြည်နယ်အချို့ကို အနုနည်းနဲ့ သိမ်းဖို့ ကြိုးစားနေတယ်ဗျ။ အခု နယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်သူအမေရိကန်သားတွေနဲ့ လက်ထပ်ပြီး ကလေးရအောင် လုပ်နေကြတယ်။ ကလေးက အမေရိကန်နိုင်ငံသား တန်းဖြစ်တယ်ဆိုတော့ ကလေးမိဘတွေလည်း တချိန်ချိန်မှာ ဒီနိုင်ငံသားအဖြစ်ကို ရကြမှာပဲ။ ဒါကြောင့် (၁) မက္ကစီကိုနယ်ဖြစ်ဖူးတဲ့ ပြည်နယ်တွေမှာ မက္ကစီကိုလူမျိုတွေ များလာတယ်၊ အခု ဖလော်ရီဒါမှာတောင် စပိန်ယဉ်ကျေးမှုနဲ့ စပိန်ဘာသာစကားက အင်္ဂလိပ်စကားနီးပါး ပြောနေပြီ။ ပူတိုရီကိုဆိုတဲ့နယ်ဟာ စပိန်စကားချည်းပဲ ပြောနေပါတယ်။ မက္ကစီနယ်စပ်နဲ့ ကပ်နေတဲ့ ပြည်နယ်တွေဆိုတာကလည်းပဲ အင်္ဂလိပ်စကားကို သိပ်မပြောချင်ကြဘူး။ သူတို့အချင်းချင်းဆို စပိန်ချည်း ပြောတော့တာပဲ။ ဒီကောင်တွေက ဒီနိုင်ငံကို ခိုးဝင်ကြတယ်၊ ပြီးတော့ အင်္ဂလိပ်စကားကိုလည်း သိပ်မပြောချင်ဘူး၊ ဒီတော့ ဒီငပဲတွေရဲ့ ရန်ကလည်း ကာကွယ်ဖို့ နယ်စပ်ရေးရာဝန်ကြီးတွေ ခန့်ရမယ်။ (၂) နောက်ပြီး အမေရိကန်သူတွေဆိုတာ တွေ့တဲ့လူမျိုးကို ယူကြတာ ဖြစ်တယ်။ ကမြင်း……ထနေတဲ့ ဒီမိန်းမတွေရဲ့ အပေါက်ကို စောင့်ရှောက်ဖို့လည်း လိုတယ်။ အမေရိကန်ကို အထင်အမြင်လွဲမှားရင် ဘာအရေးလဲ။ လူ့အခွင့်အရေး မရှိဘူးဆိုရင်လည်း ဂရုစိုက်စရာ ဘာရှိသလဲ။ တိုင်းပြည်လုံခြုံရေးအတွက် အရေးကြီးတယ်။ နိုင်ငံသားအခွင့်အရေးဆိုတာ အနစ်နာခံသင့်က အနစ်နာခံကြရပါမှာပဲ။

တွေးရင်းတွေးရင်းနဲ့ ရေက ဆာလာလို့ "ဟ ဒကာကြီး ဘုန်းဘုန်း ရေသန့်ဗူး ဘယ်မလဲ"လို့ မေးမိတယ်။ "အခုန ဆရာတော်လက်ထဲမှာ တွေ့သေးတယ်"လို့ ပြောတော့ ရေဗူးကို ရေကန်တံတားပေါ်မှာ တင်ထားခဲ့မိကြောင်း သတိပြန်ရတယ်။ ဒကာရေ လမ်းမလျှောက်နိုင်ရင် ဒီမှာပဲ စောင့်နေပါ၊ ဘုန်းဘုန်း ရေဗူးမေ့ကျန်ခဲ့လို့ အမှိုက်က ရေထဲကျနေမှာ၊ သွားသိမ်းလိုက်အုံးမယ်"လို့ ဆိုပြီး ထွက်လာခဲ့တယ်။ အမေရိကန်ကို ရောက်နေပေမဲ့ အမေရိကန်မှာ မြန်မာတွေး တွေးပြီး အမြင်မှောက်မှားနေတာကိုး။ ဘေးယာကို ကြည့်တော့ သင်္ကန်းနဲ့ မိမိကို လူတွေများ စောင့်ကြည့်နေကြသလားလို့ သတိထားကြည့်မိတယ်။ မိမိကို ဘယ်သူမှ အမှတ်မထား၊ မစပ်စုကြ၊ သူတို့မိသားစုနဲ့အတူ အေးချမ်းစွာနဲ့ ဥဒဟို သွားလာလျက်ပါပဲ။

၁။ တရုတ်နဲ့ အပြိုင် စီးပွားရေး လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စု၊
၂။ ISIS ကို အသေအကျေ တိုက်နေရတဲ့ အမေရိကန်ပြည်ထောင်စု၊
၃။ ရုရှားနဲ့ ဓာတ်ဆီတိုက်ပွဲ ဆင်နွှဲနေတဲ့ အမေရိကန်ပြည်ထောင်စု၊
၎။ ကမ္ဘာတဝန်းလုံးမှာ ဖြစ်ပျက်နေတဲ့ အမေရိကန်အကျိုးစီးပွားကို ကာကွယ်နေရတဲ့ အမေရိကန်ပြည်ထောင်စု

ဒီအမေရိကန်ပြည်ထောင်စုရဲ့ ခရစ္စမတ်နေ့မှာ ရဲသားတစ်ယောက်မှ မတွေ့ရ၊ စစ်သားတစ်ယောက်မှ မတွေ့ရ၊ ဘယ်ခရစ်ယာန်ဘုန်းကြီးတစ်ပါးမှ မတွေ့ရ။ ဘုန်းကြီးဆိုလို့ မိမိပဲ ဒီမှာ ရှိနေသလိုပါပဲ။ အော် မိဘကောင်းတော့လည်း ဒီကကလေးတွေက အပူအပင် ကင်းတဲ့ဘဝကို ရနေကြတာပေါ့လေ လို့ စိတ်ထဲ ကြည်နူးစိတ် ဖြစ်မိတယ်။ အလားတူစွာ မြန်မာနိုင်ငံအကြောင်းကို တွေးမိတော့လည်း ရင်လေးလွန်းလို့ သက်ပြင်းချမိပါတော့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: