ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍ မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်း တစ်ခုမှ ပြောကြား

ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍ မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်း တစ်ခုမှ ပြောကြား
==================
ဇန်န၀ါရီ ၁၀၊ ၂၀၁၅
M-Media
– ဗုဒ္ဓဟူးနေ့က သေနတ်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော Charlie Hebdo သတင်းစာတိုက်က ဘာသာတရားများ အပေါ် စော်ကားရေးသားခြင်းကို အမေရိကန်ရှိ ခရစ်ယာန် ကက်သလစ် အသင်း Catholic League က ဝေဖန်လိုက်ပြီး အကြမ်းဖက် လုပ်ရပ်များအား လှုံ့ဆော်ပေးသည့် အဆိုပါ စော်ကားမှုများကိုလည်း သည်းခံ၍ မဖြစ်ဟု ပြောကြားလိုက်သည်။

ထိုတိုက်ခိုက်မှုအတွင်း အယ်ဒီတာ အပါအ၀င် သတင်းစာတိုက်မှ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ ၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်။ Catholic League ဥက္ကဌ ဘီလ် ဒိုနိုဟူကမူ ထိုသတင်းစာက တမန်တော် မိုဟာမက်အား စော်ကားမှုအတွက် မွတ်စလင်များ ဒေါသထွက်ခြင်းမှာ
မှန်ကန်သည်ဟု အသင်းမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်သည့် လုပ်ရပ်ကိုမူ ရှုတ်ချခဲ့သည်။

`ဘယ်လောက်ပဲ ဆိုးရွားဆိုးရွား- စော်ကားမှုကို တုံ့ပြန်တဲ့ အနေနဲ့ သတ်ဖြတ်တာမျိုး ကိုတော့ ပြတ်ပြတ်သားသားကို ရှုတ်ချရမှာပါ။ ဒါ့ကြောင့် ပဲရစ်မှာဖြစ်ခဲ့တာကို သည်းခံလို့ မရပါဘူး။ သိုပေမယ့် ဒီလုပ်ရပ်ကိုဖြစ်အောင် လှုံ့ဆော်ပေးတဲ့ သည်းမခံနိုင်စရာ လုပ်ရပ်မျိုးကိုလည်း လွှတ်ထားလို့ မရပါဘူး´ ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Charlie Hebdo သတင်းစာ၏ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာ တရားများကို လွန်လွန်ကျူးကျူး စော်ကားမှုများကိုလည်း အဆိုပါ ကြေညာချက်တွင် ထောက်ပြခဲ့သည်။

`ခရစ်ယာန်သီလရှင်တွေ လိင်စိတ်ကို ကိုယ်တိုင်ဖြေသိပ်နေတာမျိုး၊ ပုပ်ရဟန်းမင်းကြီးတွေ ကွန်ဒုံး စွပ်ထားတာမျိုး စတဲ့ ကာတွန်းတွေကို သူတို့ ဖော်ပြခဲ့ကြပါတယ်။ ပြီးတော့ တမန်တော် မိုဟာမက်ကိုလည်း ကာမမှုနဲ့ ဆက်နွယ်တဲ့ ပုံစံမျိုးနဲ့ ဖော်ပြခဲ့ပါတယ်´

ထို့ပြင် Charlie Hebdo သတင်းစာမှာ ခရစ်ယာန်တို့၏ Holy Trinity (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိဥာဉ်တော် သုံးခုပေါင်း၍ဖြစ်သော ဘုရားသခင်) ကို လိင်တူ ချစ်သူ ပုံစံမျိုးနှင့် ပေါင်းစပ်ကာ ဖော်ပြခြင်း၊ ခရစ်ယာန် ဘုန်းတော်ကြီးမျာအား စော်ကားခြင်း စသည့် ကာတွန်းများကိုလည်း အကြိမ်ကြိမ် ရေးဆွဲဖော်ပြခဲ့သည်။

ထိုကဲ့သို့ ခရစ်ယာန်နှင့် အစ္စလာမ် သာသနာများအား စော်ကားသည့် ကာတွန်းများ ရေးသားခဲ့မှုကို သတင်းစာတိုက်မှ တာဝန်ရှိသူများက မည်သည့် အရေးယူမှုမှ မပြုလုပ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်က ဂျူးဘာသာအား စော်ကားသည့်ကာတွန်း ရေးဆွဲခဲ့သူ ကာတွန်းဆရာအား ထုတ်ပယ်ခဲ့သည်။

Catholic League ကြေညာချက် နောက်ဆုံးတွင် `အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ဖခင်´ ဂျိမ်းမက်ဒီဆင်၏ ပြောစကားဖြစ်သော `လွတ်လပ်မှုဆိုတာကြီးကို အဲဒီလွတ်လပ်မှု အလွဲသုံးစား လုပ်ခြင်းနဲ့ အာဏာကို အလွဲ သုံးစားလုပ်ခြင်းက အန္တရာယ် ပေးပါလိ့မ်မယ်´ ဟူသည့် စကားကို ဖော်ပြခဲ့ပြီး မိမိတို့ အနေနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ရရှိရမည် ဖြစ်သော်လည်း အဆိုပါ လွတ်လပ်ခွင့်၏ တန်ဖိုးကို လေးစားလိုက်နာရမည်ဟု ဖော်ပြခဲ့သည်။

Ref : washingtonpost

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: