အရှင်နာဂသေန (မဘသ) အဖွဲ့ထဲသို့ မ၀င်ရခြင်းအကြောင်းရင်း

အရှင်နာဂသေန (မဘသ) အဖွဲ့ထဲသို့ မ၀င်ရခြင်းအကြောင်းရင်း
=================================
မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ရေးသားတော်မူသည်။

သူငယ်ချင်းဖြစ်သူ အရှင်နာဂသေနနဲ့ ပြန်လည်မဆုံဖြစ်ခဲ့တာ နှစ်တွေတော်တော်ကြာသွားခဲ့ပါတယ်။ မဆုံဖြစ်ဆို စာရေးသူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကြီးကိုရောက်ပြီးနောက်ပိုင်းကတည်းက မဆုံဖြစ်ကြတော့ပါဘူး။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူ အရှင်နာဂသေန တစ်ယောက် သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဘက်သွားပြီး ပညာသင်နေတာကိုတော့ ကြားသိနေရပါတယ်။ အဲဒီနောက် အိန္ဒိယ နိုင်ငံကနေ ဒေါက်တာဘွဲ့ယူပြီး ပြန်လာတဲ့ နောက်ဆက်တွဲသတင်းကိုလည်း ထပ်မံကြားသိခဲ့ရပေမဲ့ လူချင်းတော့မဆုံဖြစ်နိုင်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့လက ပဲခူးတိုင်း၊ သနပ်ပင်မြို့မှ သူငယ်ချင်းဖြစ်သူက တရားဟောပင့်တာနဲ့ကြွဖြစ်ခဲ့ပါတယ်။ တရားဟောအပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာသို့ ပညာအလင်းဖေါင်ဒေးရှင်းရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံအနှံ့အပြား စာပေဝိုင်းများ၊ စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေးနဲ့ အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်နိုင်ရေး အစရှိတဲ့ စာပေစည်းရုံးရေး ခရီးများ ကြွဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့ရောက်တော့ နံနက်စာဘုဉ်းပေးရအောင်ဆိုပြီး လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်ပါတယ်။ ဆိုင်ထဲကို ဝင်ဝင်ချင်း သူငယ်ချင်းဖြစ်သူ အရှင်နာရသေနကို အမှတ်မထင် ရုတ်တရက် လှမ်းတွေ့လိုက်ရတော့ ဝမ်းသာသွားပါတယ်။ ချက်ချင်းဆိုသလို သူငယ်ချင်းဖြစ်သူကလည်း မိမိကို တွေ့ရှိသွားပြီး အားရဝမ်းသာ လှမ်းပင့်တာကြောင့် မဆုံဖြစ်တာကြာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေကို လက်ဖက်ရည် တစ်ဝိုင်းတည်းအတူသောက်ရင်း ပြောဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ နံနက်စာဘုဉ်းပေးလို့အပြီးမှာ သူငယ်ချင်းဖြစ်သူက သူရဲ့ကျောင်းကို ပင့်နေတာနဲ့ လိုက်သွားဖြစ်ခဲ့ပါတယ်။ ကျောင်း ရောက်တဲ့အခါ စကားတွေဆက်ပြောဖြစ်နေရင်းကနေ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အကြောင်းကို ရောက်သွားကြ ပါတယ်။ သူငယ်ချင်းက စာရေးသူကို မဘသအဖွဲ့ထဲ ၀င်ပြီးပြီလား လို့ မေးပါတယ်။ စာရေးသူက မဘသအကြောင်းကို အသေအချာ မသိတာရော၊ အခုတလော မဘသအကြောင်း ကြားရတဲ့ သတင်းတွေက ပိုပိုဆိုးလာတာတွေကြောင့်- “တပည့်တော်တော့ မဝင်ဘူး၊ အရှင်ဘုရားကောဝင်ပြီးပြီလား” လို့ ပြန်မေးမိပါတယ်။ သူငယ်ချင်းက မဘသ အဖွဲ့ထဲကို သူ့အနေနဲ့ လုံးဝမဝင်ဘူး၊ အခုလည်း မဝင်ဘူး၊ နောင်လည်း လုံးဝမဝင်ဘူး ဆိုတဲ့အကြောင်းကို ပြောပါတယ်။

သူငယ်ချင်းဖြစ်သူဟာ သာသနာ့တက္ကသိုလ်မှာ သီတင်းသုံးစဉ်ကတည်းက စာဖတ်အားကောင်းတယ်။ လေ့လာမှုအား ကောင်းတယ်။ စာရေးကောင်းတယ်။ အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးကို ခွဲခြားစိတ်ဖြာမှု ဝေဖန်မှု ၀ိဘဇ္ဖ အားကောင်းတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူကိုပဲ စာရေးသူက ဘာဖြစ်လို့မဝင်တာလဲဆိုပြီး မဘသအကြောင်းကို ပြန်မေးလိုက်ပါတယ်။ သူငယ်ချင်း ဖြစ်သူက အခုလို အလေးအနက် ပြန်လည် ဖြေကြားတာကို ဂရုတစိုက်နားထောင်ခဲ့မိပါတယ်။

“ဒီမှာ သူငယ်ချင်း၊ တို့နိုင်ငံကို သာသနာ စတင်ရောက်စကတည်းက အကျော်အမော်ထင်ရှားကျော်ကြား ရှေ့မြင်နောက်မြင် ပညာဥာဏ်အလွန်ကြီးမားတဲ့ ဆရာတော်ကြီးတွေဟာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာသုံးရပ်ကို ဘာမှမလစ်ဟင်းရအောင် သာသနာပြုသွားကြတယ်။ ကျမ်းစာပေါင်း မြောက်များစွာ ရေးကြတယ်။ တရားတွေဟောတယ်။ ပရိယတ္တိစာသင်တိုက်ကြီးတွေ၊ တရား ရိပ်သာကြီးတွေ၊ တက္ကသိုလ်ကြီးတွေ တည်ထောင်ပြီး သာသနာပြုသွားကြတယ်။ လယ်တီဆရာတော်ကြီးဆိုရင် တစ်နိုင်ငံလုံး လှည့်လည် တရားဟောရင်း ကျမ်းစာတွေရေးရင်း သာသနာပြုသွားတယ်။ တခါမှ အမျိုး ဘာသာ သာသနာကို ဘယ်လောက်ချစ်ကြောင်း စောင့်ရှောက်နေကြောင်း ပြောမသွားဘူး။

တို့နိုင်ငံမှာ ရှေးဆရာတော်ကြီးတွေ ပဉ္စမသင်္ဂါယနာ၊ ဆဌသင်္ဂါယနာ နှစ်ကြိမ်တိုင်အောင်တင်ပြီး သာသနာ ပြုသွားကြတယ်။ သာသနာရှေ့ရေးကို ကြိုတင်မြင်တဲ့ အနာဂတ် သာသနာစာအုပ်နှင့်တကွ ကျမ်းစာအုပ်ပေါင်း မြောက်များစွာရေးပြီး သာသနာပြုသွားတဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသလည်း အမျိုး ဘာသာ သာသနာကို သူဘယ်လောက်ချစ်ကြောင်း စောင့်ရှောက်သွားကြောင်း ပြောမသွားဘူး။

“မဘသ” လို အဖွဲ့မျိုး တည်ထောင်မသွားဘူး။ တည်ထောင်မသွားတဲ့အပြင် ရှိပြီးသား ဂိုဏ်းကြီး ကိုးဂိုဏ်းကိုတောင် သာသနာပြုရာမှာ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ခြံစည်းရိုးကြီးတွေ ခြားထားသလို ဖြစ်နေလို့ “သာသနာပြု လုပ်ငန်းတွေ မအောင်မြင်ပါဘူးဘုရား၊ ဂိုဏ်းဆိုတဲ့ ခြံစည်းရိုးကြီးများကိုဖြုတ်ပြီး ပြန်လည် ပေါင်းစည်း သာသနာပြုရအောင်” ဆိုပြီး ဆဌမ သင်္ဂါယနာတင်ပွဲ ဂိုဏ်းပေါင်းစုံအစည်းအဝေးပွဲကြီးမှာ လျှောက်ကြားခဲ့တာကို အရှင်ဘုရားလည်း သိပါတယ်ဘုရား။ အခုလို မဘသ အဖွဲ့ထထောင်ပြီး သံဃာတော်များအချင်းချင်း ၀ိဝါဒကွဲပြား အငြင်းပွါးနေကြတာကိုများတွေ့ရင် ဆရာတော်ကြီးအနေနဲ့ ဘယ်လောက် စိတ်မကောင်းဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။

မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသလည်း သာသနာတော်မှာ အရမ်းအလုပ်လုပ်သွားတဲ့ ရှေ့မြင်နောက်မြင် ဆရာတော်ကြီးပဲ။ ဆရာတော်ကြီးလည်း တကယ်ဥာဏ်အမြော်အမြင်ကြီးမားတာပဲ။ ဆရာတော်ကြီးတွေအနေနဲ့ သာသနာအတွက် တကယ်လိုအပ်ရင် လုပ်ခဲ့ကြမှာပေါ့။ သာသနာတော်အတွက် မလိုအပ်တဲ့ ၀ိဝါဒကွဲပြား အငြင်းပွါး ခိုက်ရန်တွေ ပွါးလာနိုင်တဲ့ ဆိုးကျိုး တွေကိုမြင်လို့ မတည်ထောင်ခဲ့ကြတာနေမှာပေါ့။

သူတို့ဥာဏ်အမြောင်အမြင်တွေနဲ့ သာသနာပြုခဲ့တာကို ငါတို့ရဲ့ အသိဥာဏ် တစ်ထွာ တစ်မိုက်နဲ့ သွားပြီး “ဆရာတော်ကြီးတွေ မမြင်ခဲ့လို့ ငါတို့လုပ်ရပါတယ်” ဆိုပြီး မဘသ ထဲပါပြီး မောက်ကြွားကြွားနဲ့ “ငါတို့ထဲမပါရင် ငါတို့ကို မထောက်ခံရင် အမျိုးသားသစ္စာ ဖေါက်အဖြစ် သတ်မှတ်မယ်” ဆိုတော့ သူငယ်ချင်းရာ—၊ သူတို့ သတ်မှတ်ချင်လဲ သက်မှတ်ပါစေ။

သူတို့သတ်မှတ်ရုံနဲ့လည်း အမျိုးသား သစ္စာဖောက်ဖြစ်သွားတာမှမဟုတ်တာ။ ကိုယ်ကိုယ်တိုင်က အမျိုးသားသစ္စာဖောက်လုပ်ငန်းတွေကိုလုပ်နေမှသာ အမျိုးသားသစ္စာဖောက် ဖြစ်တာပါ။ ကြာရင်ကြည့်ပါ။ ဘယ်သူက အမျိုးသားသစ္စာဖောက်များလည်းဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။

တပည့်တော်ကတော့ ရှေးဆရာတော်ကြီးတွေရဲ့ သီလ သမာဓိ ပညာတွေနဲ့ တည်ဆောက်ခဲ့ကြတဲ့ သာသနာတော်ကြီးကို ကိုယ့်လက်ထက်ကျမှ မညီညွတ် မှုတွေ ပိုများ ၀ိဝါဒကွဲပြားသာသနာပျက်ကြမယ့် လမ်းစဉ်ကိုတော့ မလိုက်နိုင်ဘူး။
ပြီးတော့ ဒီမဘသ အဖွဲ့ကြီး ပေါ်ပေါက်လာတာကိုကြည့်ပါဦး။

ဒို့သံဃာတော်အားလုံးရဲ့ ဆန္ဒကိုခံယူပြီးမှ ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ဆရာတော် လေးငါးပါးကနေပြီး တည်ထောင်ပြီးကာမှ သံဃာတော်တွေကို ပင့်ပြီး ထောက်ခံခိုင်းလိုက်တာပဲ။ စဖွဲ့စဉ်တုန်း ကတော့ သံဃာတော်တွေဘက်က အမှန်တရားတွေဘက်က ရပ်တည်မယ်။ မှားရင်နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်တွေက အစ လက်မခံဘူးဆိုပြီး ဟစ်ကြွေးပြီး သံဃာ အကြိုက်တွေပြောခဲ့ပေမယ့် လက်တွေ့မှာ မဟနကိုဘယ်တော့မှ မဝေဖန်ဘူး၊ မပြောဘူး။ မဟနရဲ့ မှားမှားမှန်မှန် သူတို့လက်အောက်မှာပဲသြ၀ါဒအဆုံးအမကိုခံယူပြီး မဟနရဲ့အဆုံးအမနှင့်အညီနေထိုင်ပြုလုပ်သွားမယ့် အဖွဲ့ကြီး ဖြစ်တယ်ဆိုပြီး ကြော်ငြာပြန်တယ်။

အဖွဲ့အစည်းတစ်ခုဆိုတာ အခုတမျိုး တော်ကြာတမျိုး မလုပ်ရဘူး သူငယ်ချင်း။ တကယ်သာသနာ ပြုချင်ကြတဲ့ ဆရာတော် အချို့က သူတို့ရဲ့ ပထမ ကြော်ငြာချက်တွေကို တကယ်မှတ်ပြီး မဘသ အဖွဲ့ထဲကို ၀င်ပါကြတယ်။ ပြီးတော့မှ အပြောနှင့်အလုပ် မညီညွတ်တာတွေကို တွေ့လာကြလို့ ဆရာတော် တော်တော်များ အဖွဲ့ထဲကနေ ပြန်ပြီးတော့ နှုတ်ထွက်သွားကြတာ သူငယ်ချင်းလည်း ကြားမှာပေါ့။

ပြီးတော့ မဘသ အဖွဲ့ကြီးရဲ့လမ်းစဉ် လုပ်ငန်းပလန်တွေက ဘာတွေလဲ။ ယနေ့ထိ ဘာမှတိတိကျကျ မရှိဘူး။ အားလုံး အငြင်းအခုံဖြစ်စေတဲ့ မျိုးစောင့်ဥပဒေ ထုတ်ပြန်ရေးကိုသာ တစိုက်စိုက်မက်မက်လုပ်နေကြ တာကိုပဲတွေ့ရတယ်။ အဆိုးဆုံးကတော့ ငါတို့လုပ်တဲ့ အလုပ်ကိုထောက်ခံကြ၊ မထောက်ခံရင် အမျိုးသား သစ္စာဖောက်အဖြစ်သတ်မှတ်မယ်။ မထောက်ခံတဲ့ အမတ်တွေကို မဲမရအောင်လုပ်မယ်။ မထောက်ခံတဲ့ ပါတီကို ရန် သူလို သဘောထားပြီး တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတဲ့ လမ်းစဉ်တွေဟာ ဒို့ဗုဒ္ဓရဲ့ သာသနာပြုလမ်းစဉ်တွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။

မဘသ အဖွဲ့ထဲက ခေါင်းဆောင်တစ်ချို့ ၀ိဝါဒ ကွဲပြား အငြင်းပွါးစေမယ့် စကားတွေကို ပြောတာ သာသနာနဲ့ မလျော်တဲ့ စကားတွေကို ပြောတာတွေကို ဘာမှတာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ သူတို့တွေရဲ့ အစွန်းရောက်လာမှုဟာ သာသနာ တစ်ခုလုံးကို ထိခိုက်လာတယ်သူငယ်ချင်း။ သူတို့တွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပါတယ်တာ ပြောကြပေမဲ့ လယ်တီ ဆရာတော်ကြီးရဲ့ သမိုင်းအမွေအနှစ် သိမ်တော်ကြီး နှင့်စေတီတော်ကြီးတွေ အဖျက်ခံရတာ ဘာမှမပြောခဲ့ကြဘူး။

ရန်ကုန်မြို့ သန္တိသုခ ကျောင်းတော်ကြီး ထဲကို အတင်းအဓမ္မ၀င်ရောက် ဆီးနင်းပြီး သံဃာတော်တွေကို လူဝတ်ချွတ်ပစ်တာ၊ ကျောင်းတော်ကြီးကိုမောင်ပိုင်စီးလုယူထားကြတာတွေကိုလည်း ဘာမှထိထိရောက်ရောက်နဲ့ ရှေ့တန်းကနေ ၀င်ရောက်ကူညီဖြေရှင်း ပေးတာ မတွေ့ရဘူးသူငယ်ချင်း။ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ လယ်ယာမြေတွေ အသိမ်းခံရ၊ အိုးအိမ်တွေ အဖျက်ဆီးခံရ၊ မတရားဖမ်းဆီးထောင်ချ ညှင်းဆဲအသတ်ဖြတ်ခံနေကြရတာတွေကို သူတို့ ဘာမှမပြောကြဘူး။ မသိချင်ယောင် ဆောင်နေကြတယ်။ စစ်အုပ်စုဘက်ဆိုရင် ကြိုက်သလောက် မှားတာလုပ်၊ မပြောကြပဲ ရေငုံနှုတ်ပိတ်နေကြပြီး အင်အယ်ဒီပါတီဘက်က ဆိုရင်တော့ နည်းနည်းလေးမှ မလှုပ်နဲ့ မှားတာနဲ့ အလဲထိုးမယ် ဆိုတဲ့လုပ်ရပ်တွေနဲ့ ကြာလေ လမ်းလွဲလာလေဖြစ်လာတယ်သူငယ်ချင်း။

ဦးသိန်းစိန်တို့ စစ်အုပ်စုက သံဃာတော်တွေအပေါ် ကိုယ်ထိလက်ရောက်ပစ်မှားခဲ့ကြလို့ နှစ်ကြိမ်တိုင်တိုင် သပိတ်မှောက်ခဲ့ကြတာ ယနေ့ထိပြန်မတောင်းပန်ရသေးဘူးသူငယ်ချင်း။

လက်ပံတောင်းတောင်ကိစ္စမှာ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ထုပစ်လို့ သံဃာတော်အများ မီးလောင်ဒဏ်ရာ တွေပြင်းပြင်းထန်ရကုန်တယ်။ စစ်အုပ်စုမှားတဲ့ အမှားအကြီးကြီးတွေကို မှားခွင့် လုပ်ခွင့်ပေးထားကြပြီး အင်အယ်ဒီပါတီက ကိုထင်လင်းဦး ကျတော့ သံဃာတော်တွေကိုလည်း ပြန်တောင်းပန်ပြီးနေပြီ။ ဘယ်နေရာကိုမဆိုပြောပါ လာပြီးထပ်ပြီးတောင်းပန်ပေးပါ့မယ်လို့ အထပ်ထပ်လျှောက်ကြားနေတဲ့ သူ့ကိုကျတော့ မဘသအဖွဲ့က သပိတ်မှောက်တာ တရားစွဲတာတွေဟာ လုံးဝလက်မခံနိုင်စရာ အချက်တွေပဲသူငယ်ချင်း။ ဒါကြောင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ဆိုပြီး ခေါင်းစီးလှလှတပ်ပြီး စစ်အုပ်စု ဒေါက်တိုင် လုပ်ရင်း အာဏာရှင်ရဲ့ ကုလားထိုင်ကာကွယ်ရေးလုပ်နေတာကိုတော့ ငါလုံးဝလက်မခံနိုင်ဘူး သဘောမတူဘူး သူငယ်ချင်း။

ဒို့ဘုရားရဲ့ဝါဒဟာ အမှားအမှန်တွေကို ဥာဏ်ပညာနဲ့ သေချာပိုင်းခြားစီစစ်ပြီးမှ လက်ခံတဲ့ ၀ိဘဇ္ဖ၀ါဒ ဖြစ်တယ်။ ဘယ်ဆရာတော်ကြီးမို့လို့ ဘိဝံသဘွဲ့တွေရလို့ စာတတ်ပေတတ် အကျော်အမော်ဖြစ်လို့ မှားမှားမှန်မှန် မျက်စိစုံမှိတ် လက်ခံရမယ် ဆိုတဲ့ဝါဒ မဟုတ်ဘူး။

ယနေ့နာမည်ကျော်ပါတယ်ဆိုတဲ့ မဘသထဲက ဆရာတော်ဟာ ဒေ၀ဒတ် လောက်နာမည်ကျော်လို့လား။ ဒေ၀ဒတ်လောက် ဈန်အဘိဥာဏ်တွေရကြလို့လား။ ဈာန်အဘိဥာဏ်ရမှုနဲ့ ကျော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီးလိုက်သွားတဲ့ သောတာပန်ဖြစ်နိုင်လောက်အောင် ပါရမီပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကိုသတ်မိသည်အထိ လမ်းမှားသွားတာ သူ့ရဲ့သန္တာန်မှာ ၀ိဘဇ္ဖဥာဏ်မရှိလို့ပဲ သူငယ်ချင်း။ ဒါကြောင့် ငါကတော့ မဘသ အဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မ၀င်ရေးချ မ၀င်ပဲ သူငယ်ချင်းရေ”

အဲဒီလို သူငယ်ချင်းဖြစ်သူ ပြောပြတာများကို နားထောင်လို့အပြီးမှာ သူရှင်းပြသွားတာတွေဟာ မိမိထံ လာရောက်မေးမြန်း လေ့ရှိကြတဲ့ တက္ကသိုလ်ကျောင်းသားလေးများရဲ့ မေးခွန်းတွေကိုလည်း ဖြေပြီးသား ဖြစ်သွားတာမို့ သူငယ်ချင်းဖြစ်သူ အရှင် နာဂသေန ပြောပြတဲ့ (မဘသ)အဖွဲ့ထဲကိုသူ မ၀င်ရောက်ရခြင်း အကြောင်းအရာ လေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မိတ်ဆွေများအားလုံး ဘယ်အရာကိုမဆို မှားမှားမှန်မှန် မျက်စိစုံမှိတ်မလိုက်ကြပဲ မြတ်စွာဘုရားရှင်၏ ၀ိဘဇ္ဖ၀ါဒအတိုင်း အမှားအမှန်ကိုဥာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာနိုင်ကြသော ရန်သူဆင်ထားသော ထောင်ချောက် များကို ရှောင်ရှားနိုင်ကြသော ဗုဒ္ဓဘာသာကောင်းများဖြစ်နိုင်ကြပါစေ…….။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: