ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ သတင်းထုတ်ပြန်ကြေညာချက်

Myanmar translation:
ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ သတင်းထုတ်ပြန်ကြေညာချက်
၁၆ ရက် ဇန်န၀ါရီလ ၂၀၁၅

နိဒါန်း
ယနေ့သည် ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်သော ဒုတိယအကြိမ် တရားဝင် ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။ ဤခရီးစဉ်သည် မတူကွဲပြားခြားနားမှုများ၊ ပထဝီဝင်ဆိုင်ရာ အခြေအနေများ၊ အမြင်များနှင့် အတွေ့အကြုံ များ အမြောက်အများ ရရှိခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ကျွန်မသည် အစိုးရအရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် နိုင်ငံတကာအသိုင်းအ၀န်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများသည် ရိုးသားမှု၊ ပွင့်လင်းမှု၊ တစ်ခါတစ်ရံတွင် စိတ်ခံစားချက် ပြင်းပြမှုတို့ ရှိခဲ့ပါသည်။ သို့သော် အစဉ်သဖြင့် ရင်းနှီးဖော်ရွေသောအသွင် ဆောင်ပါသည်။ ကျွန်မအနေဖြင့် ဤတိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပို၍ ပို၍ ခံစားလာရပြီး လူ့အခွင့်အရေးများ ပိုမို ရရှိခံစားနိုင်စေ ရေးအတွက် သွားရောက်နေသော ပြုပြင်ပြောင်းလဲရေးခရီးစဉ်တွင် မြန်မာပြည်သူတို့နှင့်အတူ လက်တွဲပါဝင် ခွင့် အခွင့်အရေး ရရှိလာပါသည်။ မြန်မာနိုင်ငံအစိုးရ၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတို့၏ တာဝန်ကျေပွန်သော ပံ့ပိုးမှုတို့ မရရှိခဲ့ပါလျှင် ကျွန်မ၏ခရီးစဉ်မှာ ဖြစ် ပေါ်လာနိုင်စရာအကြောင်း မရှိပါ။ အဆိုပါ အဖွဲ့အစည်း နှစ်ရပ်စလုံးအား ကျွန်မအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

ယနေ့တွင် ကျွန်မအနေဖြင့် ယခုခရီးစဉ်မှ ရရှိလာသော အကြို လေ့လာတွေ့ရှိချက် အချို့နှင့် ကျွန်မ၏ အရင်တစ်ခေါက် ခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတို့ကို တင်ပြလိုပါသည်။ ကျွန်မအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လခရီးစဉ်အပြီး အထွေထွေညီလာခံသို့ တင်ပြခဲ့သော ကျွန်မ၏ အစီရင်ခံစာထဲတွင် ဖော်ပြ ထားသော အဓိကကျသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုတို့ပါ အထူးစိတ်ဝင်စားပါသည်။
ရန်ကုန်မြို့၌ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး၊ ဦးစိန်သန်း၊ ဦးထင်ကျော်၊ ဒေါက်တာထွန်းအောင်၊ ဦးနေမျိုးဇင်၊ ဦးအောင်မျိုးသူ၊ နော်အုံးလှ တို့နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တပ်မတော်လှည့်ကင်းတစ်ဖွဲ့နှင့် တွေ့ဆုံစဉ် အသတ်ခံခဲ့ရသည့် ကချင်မိန်းမငယ်တစ်ဦး ဖြစ်သည့် ဂျာဆိုင်းအင် (Ja Seng Ing) ၏ ဖခင် ဦးဘရန်ရှောင်း (U Brang Shawng) နှင့် တွေ့ဆုံခဲ့ပါသည်။ လက်ပံတောင်းအရေးကိစ္စနှင့် အခြားသော ကိစ္စရပ်များအတွက် ရှေ့နေကွန်ရက်အဖွဲ့များ၊ မြေယာအခွင့် အရေး တက်ကြွလှုပ်ရှားသူများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် အက်ဥပဒေအရ စွဲချက်တင်ထားခံရသောသူများအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများရေးရာကော်မတီ၏ အစိုးရ မဟုတ်သောအဖွဲ့ဝင်အချို့တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ကျွန်မ၏ ရန်ကုန်မြို့ တွေ့ဆုံဆွေးနွေးမှုများ တွင် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လှုမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ပါဝင်ပါသည်။ ထို့အပြင် ကိုပါကြီး၏ ဇနီး၊ ပုဂ္ဂလိက သတင်းမီဒီယာ အဖွဲ့ဝင်အချို့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင်အချို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ယနေ့မနက်ခင်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနမှ အရာရှိများအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြေယာအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီတို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ယမန်နေ့က နေပြည်တော်၌ အထက်လွှတ်တော် ကော်မတီများ ( လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌ များနှင့် ဥပဒေမူကြမ်းကော်မတီများ၏ ကိုယ်စားလှယ်များ)၊ အောက်လွှတ်တော်ရေးရာကော်မတီများ (လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အောက်လွှတ်တော် ဥပဒေမူကြမ်းကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ အောက်လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်ရေးကော်မရှင်နှင့် မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်တို့၏ ဥက္ကဋ္ဌများ အပါအဝင်) တို့နှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏ ဥပဒေ၊ နိုင်ငံရေးနှင့် စီးပွားရေးအကြံပေး ပုဂ္ဂိုလ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ပါသည်။
ကျွန်မ၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်များနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ကျွန်မ၏ ထုတ်ပြန်ကြေညာချက်ထဲ၌ အသေးစိတ်ဖော် ပြသွားပါမည်။

အကြိုလေ့လာတွေ့ရှိချက်များ
စုဆောင်းရရှိသော သတင်းအချက်အလက်များအားလုံးအပေါ် အခြေခံလျက် အချို့သောကဏ္ဍများတွင် အစိုးရအနေဖြင့် ယင်း၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို တိုးတက်မှုရရှိအောင် ဆက်လက်ဆောင် ရွက်မှု ရှိနေသည်မှာ သေချာသည်ဟု ထင်မြင်ယူဆပါသည်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သည့် အစီအစဉ်များ ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ကျေနပ်မိပြီး၊ မြေယာနှင့်ဆက်စပ်သည့် စီမံကိန်းများနှင့် ပတ်သက်၍ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့် ပိုမို ညှိနှိုင်းဆောင်ရွက်ရေး အဆိုပြုချက်များနှင့် စပ်လျဉ်း၍ အစိုးရကို ချီးကျူးပါသည်။ ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်းတွင် ဦးကျော်လှအောင်အား ပြန်လည် လွှတ်ပေးမှုကြောင့်လည်း အားရကျေနပ်မိပါသည်။ သို့သော် ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်း အချို့ ကဏ္ဍများတွင် တိုးတက်မှုများ မတွေ့ရပါ။ အထူးသဖြင့် မြေယာဖွံ့ဖြိုးမှုစီမံကိန်းများနှင့် ပတ်သက်၍ မကြာခဏဆိုသလို သတင်းအချက်အလက်ရရှိမှု နည်းပါးခဲ့ပြီး၊ ထိခိုက်ခံစားရသော ရပ်ရွာပြည်သူများနှင့် လုံလောက်သော ညှိနှိုင်းဆွေးနွေးမှု မရှိသည်ကို တွေ့ရှိရပါသည်။ အကျိုးဆက်အနေဖြင့် ပေါ်ထွက်လာ သော အငြင်းပွားမှုများသည်လည်း အကြမ်းဖက်နှိမ်နင်းမှုများနှင့် တွေ့ကြုံခဲ့ရပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဒေသန္တရအဆင့်၌ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုံလောက်သော စွမ်းရည် မရှိမှု သို့မဟုတ် လျစ်လျူရှုထားမှုတို့ကြောင့် အချို့သောကဏ္ဍများတွင် မျှော်လင့်သလောက် ဖြည့်ဆည်း ဆောင်ရွက်နိုင်မှု မရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်ကဏ္ဍတွင် အပြုသဘောဆောင်သော ဖြစ်ပေါ်မှုများသည် ပြန်လည်ဆုံးရှုံးမှု အန္တရာယ်နှင့် ကြုံတွေ့နေရပါသည်။ ဤကဏ္ဍတွင် ကျွန်မ၏ ပထမအကြိမ် အစီရင်ခံစာတွင် ဖော်ပြထား သော နောက်ကြောင်းပြန်လှည့်မှု ဖြစ်နိုင်ချေရှိသော အရိပ်လက္ခဏာများသည် ပိုမို အရှိန်မြန်လာသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စရပ်များအား ဦးစားပေးအနေဖြင့် ဖြေရှင်းရန် အစိုးရအား တိုက်တွန်းပါသည်။ မတ်လတွင် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည့် ကျွန်မ၏အစီရင်ခံစာထဲတွင် ဤကိစ္စရပ်အား ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။

ဒီမိုကရက်တစ် အခန်းကဏ္ဍ
ကျွန်မ၏ ပထမအကြိမ် ခရီးစဉ်နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အခန်းကဏ္ဍ ပွင့်လင်းလာမှုကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အရေးပါသော အောင်မြင်မှုတစ်ရပ်အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိအမှတ်ပြုကြသည်ကို သိရှိခဲ့ရပါသည်။ သို့သော် ဤကဲ့သို့သော အောင်မြင်မှုများကို ထိန်းသိမ်း ထားရန်အတွက်ဆိုလျှင် အရေးကြီးသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် အရှိန်အဟုန်မြှင့် အားထုတ် မှုများ လိုအပ်ကြောင်းကို အလေးထားဖော်ပြခဲ့ပါသည်။ ငြိမ်းချမ်းစွာစုဝေးမှုနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်မှု အက်ဥပဒေ၏ ပုဒ်မ ၁၈ နှင့်ပတ်သက်ပြီး ကျွန်မနှင့် ပါဝင်ဆွေးနွေးသူများက အထူးတလည် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်းကို သိရှိခဲ့ရပါသည်။
အဆိုပါ စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်သည့် အရိပ်လက္ခဏာ များလည်း ရှိနေပါသည်။ မြေယာသိမ်းယူမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးမှုနှင့် ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာ အခွင့် အရေးများကို ကျင့်သုံးဆောင်ရွက်သော ပြည်သူများအား ဖမ်းဆီးနေမှုများနှင့် တရားစွဲဆိုမှုများသည် ကျွန်မ ၏ ယခင်ခရီးစဉ်နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။ ကန့်ကွက်ဆန္ဒပြသူ များကို ပုဒ်မ ၁၈ နှင့် ပြစ်မှုဆိုင်ရာဥပဒေတို့အရ စွဲချက်တင်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်နေပြီး ဖမ်းဆီးခံရသည့် အရေအတွက်မှာလည်း တိုးပွားလာနေပါသည်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရားဝင် ကိန်း ဂဏန်းများအရ နိုင်ငံရေးအကျဉ်းသား ၂၇ ဦး အကျဉ်းထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် မြေယာနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်စဉ်ကာလအတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံရသည့် လယ်သမား ၇၈ ဦးတို့ကိုလည်း နိုင်ငံရေးရည်ရွယ်ချက်များဖြင့် ဖမ်းဆီးခဲ့သည်ဟု ကျွန်မ ယူဆပါသည်။ နိုင်ငံရေးပြစ်မှုများဖြင့် စွဲချက်တင်ခံထားရသည့် ရာပေါင်းများစွာသောသူများမှာ လတ်တလောအချိန်တွင် ရုံးတင်စစ်ဆေးခံရန် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး၊ ယင်းတို့ထဲတွင် ယခုနှစ်တွင်း ကန့်ကွက်ဆန္ဒပြစဉ် ဖမ်းဆီးခံရသူ အများအပြား ပါဝင်ကြောင်း သိရှိရပါသည်။ အရေအတွက်များမှာ အလွန်အမင်း ဆက်လက် မြင့်တက်လျက်ရှိနေပြီး ကျွန်မအနေဖြင့် ဤကဏ္ဍတွင် တိုးတက်မှုများ ရရှိနေ သည်ဟု မဆိုနိုင်ပါ။
ကျွန်မ၏ ယခင်ခရီးစဉ် ပြီးဆုံးပြီးနောက် မကြာမီတွင် မြေယာသိမ်းဆည်းမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖြည့်စွက်အထောက်အထား စာရွက်စာတမ်းများကို ကျွန်မအား ပေးအပ်ရန် ကုလသမဂ္ဂရုံးသို့ အလာလမ်း တွင် အဖမ်းခံခဲ့ရသော ဦးစိန်သန်းအပါအ၀င် ပုဒ်မ ၁၈ ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ လွန်ခဲ့သောလအတွင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းအရေးအခင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံရုံးအပြင်ဘက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် အဖမ်းခံခဲ့ရသော နော်အုံးလှ၊ ဦးနေမျိုးဇင် တို့နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ မိဘတစ်ဦးအနေဖြင့် သတင်းမှားများပေးသည်ဟု စစ်တပ်၏ စွပ်စွဲချက်များ ဖြင့် ရင်ဆိုင်နေရသော ဂျာဆိုင်းအင်၏ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်း၏အမှုကိုလည်း သိရှိရ၍ စိတ်ထိခိုက် ခဲ့ရပါသည်။ ၂၀၁၂ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ခိုက်မှု တွင် ၁၄ နှစ် အရွယ် သမီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၄င်းက စာရေးသားပေးပို့ပြီးနောက် ၄င်း၏အမှုကိစ္စ ပေါ်ပေါက် လာခဲ့ပါသည်။ ၄င်းအပေါ် တရားရုံး ကြားနာစစ်ဆေးမှုများ ဆောင်ရွက်သည့် ၂ နှစ်တာ ကာလအတွင်း ၄င်း၏သမီး သေဆုံးမှုနှင့်ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ခဲ့ခြင်း မရှိပါ။
၂၀၁၄ ခုနှစ် နှစ်အကုန်ပိုင်းတွင် ယခင်ကဖွဲ့စည်းခဲ့သော အကျဉ်းသားများ ပြန်လည်စိစစ်ရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီး အဖွဲ့အဝင် ၂၈ ဦးပါဝင်သော ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများရေးရာကော်မတီ တစ်ရပ်ကို အစားထိုးဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီတွင် အားလုံးမဟုတ်သော်လည်း အချို့မှာ ယခင် NGO အဖွဲ့ဝင်များ ပါဝင်ပါသည်။ ယခင်ကော်မတီသည် ၂၀၁၄ ခုနှစ်အတွင်း ၃ ကြိမ်သာ တွေ့ဆုံခဲ့ပြီး ပြည်သူ့အစီရင်ခံစာများ ထုတ်ဝေခဲ့ခြင်း မရှိပါ။ ကျွန်မအနေဖြင့် အဆိုပါကော်မတီအသစ်အား ထိရောက်မှု ရှိစေရေး၊ အပြုသဘောဆောင်ရေးနှင့် နိုင်ငံရေးအကြောင်းအရင်းများကြောင့် ထိန်းသိမ်းခြင်းခံနေရသူများ အားလုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးမှုရှိစေခြင်းတို့ကို အာမခံချက်ရှိစေရန် အစိုးရအား တိုက်တွန်းခဲ့ပါသည်။
လွတ်လပ်မှုရှိပြီး အနှောင်အဖွဲ့ကင်းသော သတင်းမီဒီယာသည် ဒီမိုကရက်တစ်လူမှုအဖွဲ့အစည်း၏ အရေး ကြီးသော နောက်ထပ်အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ အစိုးရအနေဖြင့် မီဒီယာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီး၊ အဆိုပါ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် ဂျာနယ်လစ်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။ သို့သော် ဆောင်ရွက်စရာ လုပ်ငန်းများစွာ ကျန်ရှိနေပါသေး သည်။ လက်ရှိ ရုပ်သံထုတ်လုပ်မှုဆိုင်ရာဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် ညှိနှိုင်းဆောင်ရွက်မှုများမှာ လုံလောက်မှုမရှိကြောင်း တင်ပြတိုင်ကြားမှုများကိုလည်း လက်ခံရရှိပါသည်။ ထုတ်ဝေရေးနှင့် မီဒီယာဥပဒေ များသည် လွတ်လပ်သော မီဒီယာကို ချုပ်ချယ်မှုဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ ကန့်သတ်ချုပ်ချယ်မှု ဖြစ် ကြောင်း စသည့် စိုးရိမ်ပူပန်မှုများကိုလည်း တင်ပြကြပါသည်။
ဂျာနယ်လစ်များမှာ ပုံမှန်ခြိမ်းခြောက်မှုများ၊ ထိန်းချုပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရှိခဲ့ ရပါသည်။ ကိုပါကြီး၏ ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ရမှုဖြစ်ရပ်သည် ယင်းအခြေအနေကို ထင်ဟပ်ဖော်ပြ သည့် ဆိုးရွားသော နမူနာတစ်ခု ဖြစ်ပါသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဖမ်းခဲ့ရသည့်နောက်ပိုင်း မွန်ပြည်နယ်ရှိ တပ်မတော်၏ ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်ရန် ကြိုးပမ်းရင်း ကိုပါကြီးမှာ ပစ်သတ်ခံ ခဲ့ရသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အဆိုပါ အမှုကိစ္စအား စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ခဲ့ပြီး ယင်းအမှုကိစ္စကို အရပ်ဘက်တရားရုံးတစ်ခုတွင် စစ်ဆေးရန် တောင်းဆိုခဲ့ပါသည်။ ကျွန်မအနေဖြင့် ပြစ်မှုဆိုင်ရာ စစ်ဆေးကြားနာမှုကိစ္စများကို ပွင့်လင်းမြင်သာမှုရှိသော ပုံစံဖြင့် ဆောင်ရွက်ရေးကို ဦးစားပေးကိစ္စရပ်တစ်ခုအနေဖြင့် စတင် ဆောင်ရွက်ရန် အစိုးရအား တောင်းဆို ပါသည်။
ထို့အပြင် ကျွန်မ၏ ယခင်ခရီးစဉ်မတိုင်မီကလေးတွင် ယူနတီဂျာနယ်၏ အယ်ဒီတာနှင့် သတင်းထောက် ၄ ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်မှုတွင်လည်း လျှော့ပေါ့ပေးမှုမရှိဘဲ ထောင်သွင်း အကျဉ်းချထားဆဲဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ဤကဲ့သို့သော ဖြစ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှု/တာဝန်ခံမှု တောင်း ဆိုမှုများအပါအဝင် နိုင်ငံတော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆိုရန် ဆန္ဒရှိသူများအား ခြိမ်းခြောက်မှုနှင့် ထိန်းချုပ်မှုများ တိုးပွားလာခြင်း ဖြစ်ပါသည်။ ခိုင်မာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် အခြေခံကျသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အထောက်အကူပြုရမည့်အစား အဆိုပါဖြစ်ရပ်များသည် မိမိလုပ်ရပ်အပေါ် ကိုယ်တိုင် ဆင်ဆာဖြတ် တောက်မှုနှင့် သတိထားဆောင်ရွက်မှုတို့ကို အားပေးရာရောက်ပါသည်။ ကျွန်မအနေဖြင့် အစိုးရအား သဘောထားကွဲလွဲမှုများကို ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ယူမှု/တာဝန်ခံမှုအတွက် တောင်းဆိုမှုများကို အကာအကွယ်ပေးခြင်းနှင့် တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို အာမခံချက်ပေးရန် တိုက်တွန်းခဲ့ပါသည်။ လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားမှုများအတွက် အခွင့်အလမ်း ရရှိရေးမှာလည်း ၂၀၁၅ ခုနှစ်အတွင်း အဓိကကျသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါလိမ့်မည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ကျွန်မ၏ ခရီးစဉ်တစ်လျှောက်လုံး အထင်အရှားဆုံး ကိစ္စရပ်များမှာ မတရားမြေယာသိမ်းယူမှု၊ အတင်း အဓမ္မနှင်ထုတ်မှုများနှင့် မြေယာအသုံးချမှု မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် တိုင်ကြားမှုများဖြစ် သည်။ အစိုးရဘက်မှ ပါဝင်ဆွေးနွေးသူများက ရရှိနိုင်သော အခွင့်အလမ်းများကို မြန်မာနိုင်ငံရှိ ပြည်သူများ အားလုံး အကျိုးကျေးဇူး ရရှိခံစားရနိုင်စေရေးအတွက် ရေရှည်တည်တံ့ပြီး အကျိုးအမြတ်ရှိသော မြေယာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ကျွန်မ အနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများ မစတင်မီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်ချက် (environmental impact assessment) လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြဋ္ဌာန်းပေးသော ဥပဒေဆိုင်ရာ မူဘောင်တစ်ရပ် ဖော်ထုတ်မှုကို ချီးကျူးပြီး ထိခိုက် ခံစားရသည့် ရပ်ရွာပြည်သူများနှင့် အပြည့်အဝ ညှိနှိုင်းဆွေးနွေးရာတွင် အဆိုပါ မူဘောင်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ အကောင်အထည်ဖော် ဆောင် ရွက်ရန် တိုက်တွန်းပါသည်။
သို့သော် ယင်းသည် လုံလောက်မှုမရှိပါ။ အမြင့်ဆုံးအဆင့်များ၌ နိုင်ငံတော်၏ ပါဝင်ပတ်သက်မှု အပါအဝင် မြေယာအငြင်းပွားမှုများကို လွတ်လပ်စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသလို၊ လယ်သမားများ၏ အခွင့်အရေးများနှင့် တာဝန်ထမ်းဆောင်နေသူများ၏ တာဝန်ဝတ္တရား များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ ပိုမိုမျှဝေပေးရန်လည်း လိုအပ်ပါသည်။ ကျွန်မ၏ခရီးစဉ် အတွင်း မြေယာ အရောင်းအဝယ် ဖြစ်ထွန်းမှုနှင့်ပတ်သက်၍ ကြားသိခဲ့ရပါသည်။ ဆိုလိုသည်မှာ မြေယာ တန်ဖိုးများ အလွန်အမင်း တိုးတက်လာပြီး မြန်မာပြည်သူများအတွက် အလွယ်တကူ အမြတ်အစွန်း ရရှိ နိုင်သည့် ထူးကဲသော အခွင့်အလမ်းများ ဖြစ်ပေါ်စေပါသည်။ လက်ရှိ ရှိနေသော ဥပဒေများနှင့် စနစ်များ သည် လယ်သမားများအား ခေါင်းပုံဖြတ်ရန် အခွင့်အလမ်း ဖန်တီးပေးပြီး လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခ များ တိုးပွားစေကာ အကျိုးအမြတ် ရရှိနိုင်သော မြေယာများ သိမ်းယူမှုကို အထောက်အကူဖြစ်စေသည်။ ထို့အပြင် ဤကဲ့သို့သော ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆန့်ကျင်ရန် သို့မဟုတ် ဝေဖန်ရန် မြန်မာပြည်သူများအ တွက် ခက်ခဲပါသည်။
ကျေးလက်ဒေသရှိ လယ်သမားများနှင့် မြို့ပြဒေသ နေထိုင်သူများက ၄င်းတို့၏ အိုးအိမ်များနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမှုအတွက် ကန့်ကွက်ဆန္ဒပြမှု ဆောင်ရွက်သည့်အပေါ် အလွန်အကျူး အင် အားအသုံးပြုမှုဆိုင်ရာ အမှုကိစ္စအများအပြားကိုလည်း ကြားသိခဲ့ရပါသည်။ မြေယာသိမ်းယူမှုများကို ကန့်ကွက် ဆန္ဒပြသူ အများအပြားတို့မှာ ကျူးကျော်ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံရပြီး ပြင်းထန်သည့် ထောင်ချအပြစ်ပေးမှုများ ရှိနေသည်ကိုလည်း သိရှိခဲ့ရပါသည်။ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ လက်ပံ တောင်း၌ဖြစ်ပွားသော အရေးအခင်း ဖြစ်ပါသည်။ ယင်းဒေသတွင် အဆိုပြုထားသော ကြေးနီသတ္တုတွင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် ဖယ်ရှားခံ တောင်သူလယ်သမားများသည် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ အလွန်အကျွံ အင်အားအသုံးပြုမှုနှင့် တွေ့ကြုံခဲ့ရပါသည်။ ကန့်ကွက်ဆန္ဒပြသူ အများအ ပြား ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြသူအချို့ ဖမ်းဆီးခံခဲ့ကြရပြီး လက်ရှိအချိန်တွင် ၄င်းတို့မှာ ကျူးကျော်ဝင်ရောက်မှု၊ ဥပဒေနှင့်ညီညွတ်မှုမရှိသော ကန့်ကွက်ဆန္ဒပြမှုများအတွက် ရုံးတင်စစ်ဆေးခံကာ စောင့်ဆိုင်းနေကြရပါသည်။
အလားတူပင် ဒီဇင်ဘာလ ၂၂ နှင့် ၂၃ ရက်တို့၌ ဝမ်ပေါင် စီမံကိန်းအတွက် ၄င်းတို့၏ မြေယာသိမ်းဆည်း ခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိမှုများ ရှိခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံ သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြသူ အများအပြားမှာ ပုဒ်မ ၁၈ အရ ဖမ်းဆီးခံခဲ့ကြရပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ အမှန်တကယ်အလေးထားသည်ဆို လျှင် ယင်း၏ဆောင်ရွက်မှုကြောင့် ထိခိုက်နစ်နာမှု ခံစားရသော ပြည်သူများက ၄င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောကြားခြင်းကို အရေးယူအပြစ်ပေးမှုမရှိဘဲ ခွင့်ပြုရမည် ဖြစ်သည်။ အစိုးရအနေဖြင့် မြေယာ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ လုံလောက်သော ဆွေးနွေးညှိနှိုင်းမှုများ ရှိကြောင်းနှင့် လက်ခံရ ရှိသော သဘောထားတင်ပြမှုများကို ကောင်းမွန်စွာ ထည့်သွင်းစဉ်းစားဆောင်ရွက်မှုရှိကြောင်းတို့ကို တက် တက်ကြွကြွဖြင့် အာမခံချက်ပေးရမည် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ အစိုးရအနေဖြင့် နိုင်ငံတော် မူဝါဒနှင့်ဆန့်ကျင်သည့် သဘောထားအမြင်များ ထုတ်ဖော်ပြောကြားမှုကို အပြစ်ပေးသည့် ဥပဒေကြောင်း ဆိုင်ရာ နည်းလမ်းများ ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်သည်။
ကျွန်မအနေဖြင့် ရပိုင်ခွင့်များကို အခြေခံသော၊ ပြည်သူများကို ဗဟိုပြုသော ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံတစ်ရပ်ကို အာမခံချက်ပေးရန် ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ စီမံခန့်ခွဲဆောင်ရွက်ရေးအတွက် အစိုးရကို တောင်းဆိုပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ မျှတမှုရှိသော အရင်းအမြစ် ခွဲဝေအသုံးပြုမှုနှင့် ခွဲခြားဆက်ဆံမှု မရှိစေရေးတို့ သည် အဓိကမဏ္ဍိုင်များအဖြစ် ပါဝင်သင့်ပါသည်။ ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှုသည် အဆိုပါလုပ်ငန်း စဉ်ကို အထောက်အကူပြုနိုင်သလို အစိုးရအဖွဲ့ အဆင့်အားလုံး၌ စိတ်နေသဘောထားများနှင့် အပြုအမူ ပြောင်းလဲမှုများလည်း လိုအပ်မည်ဖြစ်သည်။ နိုင်ငံတကာ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လည်း ယင်းတို့၏ ဖွံ့ဖြိုးရေးအစီအစဉ်များကြောင့် အမှုမဲ့အမှတ်မဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပေါ် စေရေး အာမခံချက်ပေးရန် အရေးကြီးပါလိမ့်မည်။

လူမှုအသိုင်းအ၀န်းများကြား အခြေအနေ
လူမျိုးစုများကြားနှင့် ဘာသာရေးအုပ်စုများကြား အကြမ်းဖက်မှုများ၊ နှစ်မျိုးစလုံး ပါဝင်သည့် လူမှုအသိုင်း အဝန်းများကြား အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုသည် မြန်မာနိုင်ငံတွင်း အေးချမ်းမှုနှင့် တိုးတက် အောင်မြင်မှုတို့အပေါ်တွင် အရေးပါသော အဟန့်အတားတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ အမျိုးသားရေး စရိုက်လက္ခဏာအသစ်တစ်ရပ် ပေါ်ထွန်းလာနေသည့် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲရေး ခေတ်တွင် ကောလာဟလများ၊ ခွဲခြားဆက်ဆံသည့်မူဝါဒများနှင့် အစွန်းရောက် အမုန်းပွား ပြောဆိုချက် များဖြင့် အချို့သော လူနည်းစုများအပေါ် ဦးတည်ချက်ထား ဆောင်ရွက်နေသည်ကို တွေ့မြင်ရခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်မိပါသည်။ ဤနေရာတွင်လည်း မတူကွဲပြားခြားနားသော အသိုင်းအ၀န်းများ အကြား သတင်းအချက်အလက် အမှားအယွင်းများသည် ပျက်စီးမှုလမ်းကြောင်းသို့ ဦးတည်နေစေပြီး ကျွန်မအနေဖြင့် အစိုးရနှင့် လူမှုအသိုင်းအ၀န်း ခေါင်းဆောင်များကို အဆိုပါ ပြဿနာအား ဖြေရှင်းရန် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ မြန်မာနိုင်ငံအနေဖြင့် အတိတ်ကာလတွင် ယင်း၏ များပြားလှသော လူမျိုးစု၊ ယဉ်ကျေးမှု ကွဲပြားခြားနားမှု အမျိုးမျိုးဖြင့် ဖွဲ့စည်း တည်ရှိမှုအတွက် ချီးကျူးလေးစားခံခဲ့ရပါသည်။ ကျွန်မအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်တွင်လည်း အဆိုပါ အမျိုးသားစရိုက်လက္ခဏာရပ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရေး အာမခံချက်ပေးရာတွင် အစိုးရ အနေဖြင့် ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်။
ကျွန်မ၏ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်ကိုလည်း သိရှိခဲ့ရပါသည်။ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်တစ်ရပ် ရရှိလိမ့်မည်ဆိုသည်ကို ယုံကြည်မှု ရှိကြောင်း အစိုးရက ကျွန်မအား ပြောကြားပါသည်။ ယင်းအခြေအနေသည် နိုင်ငံအတွင်းရှိ ထိခိုက် ခံစားရလွယ်သော ပြည်သူ အများစုထဲမှ အချို့၏ လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်စေရေးအတွက် အရေးကြီး သော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ ယင်းအခြေအနေသည် လက်ရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လာမည့် အမျိုးသားရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ဆောင် ရွက်နိုင်စေရေးကို အာမခံချက် ပေးရေးအတွက်လည်းပဲ အဓိကကျပါသည်။
ကျွန်မ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် တိုက်ခိုက်မှုများနှင့် တန်ပြန်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း IDP စခန်းများသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်သည်လည်း လုံခြုံရေးအန္တရာယ်ရှိကြောင်း အကြောင်းကြားလာခဲ့ပါသည်။ IDP စခန်းအချို့သို့ သွားရောက်လည်ပတ်ရန် အစီအစဉ်ကို နောက်ဆုံးမိနစ်၌ ဖျက်သိမ်းလိုက်ရခြင်းသည် ကံမကောင်းမှုတစ်ခု ဖြစ်ပါသည်။ မကြာသေးမီ လများအတွင်း ကချင်ပြည်နယ်အတွင်း၌ တိုက်ခိုက်မှုများ ပြင်းထန်လာပြီး ကျေးရွာသူ/ရွာသားများစွာတို့ သည် IDP စခန်းများ၌ ခိုလှုံရန် ထွက်ပြေးခဲ့ကြရပြန်သည်။ ကျွန်မ၏ခရီးစဉ်အတွင်း နှစ်ဖက်တပ်ဖွဲ့များမှ အရပ်သားများအား ထိခိုက်ဒဏ်ရာ ရရှိစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း သို့မဟုတ် နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခြင်းတို့နှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်စဉ်များကိုလည်း သိရှိခဲ့ရပါသည်။ အဆိုပါ ကာလကြာရှည်စွာ ခံစားနေရသော အခြေအနေ အဆုံးသတ်ရေးအတွက် အချိန်အခါမှာ များစွာ လွန်ကဲခဲ့ပြီ ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သော လအတွင်း ကချင်ပြည်နယ်၌ တိုက်ခိုက်မှုများ တိုးမြင့်လာခြင်းသည် ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိရန် ဆွေးနွေးညှိနှိုင်းမှုများကို အထောက်အကူဖြစ်စေမည် မဟုတ်ပါ။ ကျွန်ုပ် တို့တွင် သမိုင်းဝင် အောင်မြင်မှုတစ်ရပ် ရရှိရန်အတွက် အခွင့်အလမ်း ရှိနေပါသည်။ ထို့ကြောင့် ကျွန်မအနေ ဖြင့် မြန်မာပြည်သူများ အားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုရန်အလို့ငှာ အဆိုပါလုပ်ငန်းစဉ်ကို အောင်မြင် အောင် ဆောင်ရွက်ရန်နှင့် ယင်းကို ရေရှည်တည်တံ့ခိုင်မြဲစေရေး အာမခံချက်ပေးရန်တို့အတွက် သက်ဆိုင် ရာ အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းပါသည်။
ကျွန်မအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့သို့ သွားရောက်ရန် အခွင့်အရေး ရရှိခဲ့ပြီး ဒေသဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မန်ဆူဆရာတော်ကြီး (Mansu Sayadaw) ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါသည်။ ထို့အပြင် ပလောင်ဝ်တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးမောင်ကျော်နှင့် ဦးအိုက်မုံး၊ ဒေသခံ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များအပြင် အရပ်ဘက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ကျွန်မအနေဖြင့် ဒေသခံမွတ်စလင် လူမှု အသိုင်းအဝန်းအား ဗုဒ္ဓဘာသာဝင် လူအုပ်စုတစ်ခုက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ၂၀၁၃ ခုနှစ် မေလ လူမှုအသိုင်းအ၀န်းများကြား အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း အခြေအနေကို ဆန်းစစ်လေ့လာရန် အထူး စိတ်ဝင်စားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နောက်ပိုင်း ပြန်လည်တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် လားရှိုးမြို့၏ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများကို ချီးကျူးပါသည်။ ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဗုဒ္ဓဘာသာ၊ မွတ် စလင်၊ ဟိန္ဒူနှင့် ခရစ်ယာန်လူမှုအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ၏ ကတိပြု တာဝန်ယူ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျွန်မအနေဖြင့် အထူးပင် လေးစားမိပါသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုကြောင့် တိုက်ခိုက်မှုအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မွတ်စလင် မိဘမဲ့ကလေးများ ဂေဟာနှင့် ဟိန္ဒူဘာသာဝင်တို့၏ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်း မပြုနိုင်သေးသည် ကို တွေ့မြင်ခဲ့ရသည့်အတွက် စိတ်ပျက်မိပါသည်။ ကျွန်မအနေဖြင့် ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် အာဏာပိုင်အဖွဲ့အစည်းများကို တိုက်တွန်းပါသည်။ သို့မှသာ လားရှိုးအတွေ့အကြုံသည် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ပိုမိုခက်ခဲသည့် မြန်မာနိုင်ငံရှိ အခြားဒေသများအတွက် စံပြနမူနာ ပုံစံတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်သည်။
ကျွန်မ၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့လည်း ထပ်မံသွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းအပြင် အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးစင်တာမှ အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ရှိ မြို့မိ မြို့ဖများနှင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ မြေပုံနှင့် စစ်တွေရှိ ထိခိုက်ခံစား ခဲ့ရသော နှစ်ဖက်လူမှုအသိုင်းအဝန်းတို့၏ IDP ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပါသည်။ စစ်တွေမြို့ တွင် အရေးပေါ်ညှိနှိုင်းဆောင်ရွက်ရေးစင်တာ၏ အဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် မြို့မိမြိုဖများနှင့် တစ်နာရီခွဲကြာမြင့်သော ပွင့်လင်းမှုရှိသည့် အစည်းအဝေး၌ ရခိုင်ပြည်သူ များ၏ စိုးရိမ်ကြောင့်ကြမှုများနှင့် နစ်နာခံစားရမှုများအပြင် ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကိုလည်း ပိုမို၍ သိမြင်နားလည်ခွင့် ရရှိခဲ့ပါသည်။
ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများကြောင့် ကျွန်မအနေဖြင့် မြေပုံမြို့နယ်သို့ သွား ရောက်နိုင်ခဲ့ပြီး ဒေသခံ ရခိုင်ရပ်ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည့်အပြင် ဗုဒ္ဓဘာသာနှင့် မွတ်စလင် IDP စခန်းများသို့လည်း သွားရောက်ခဲ့ပါသည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင် လူမှုအသိုင်းအဝန်း နှစ်ခုစလုံး၏ အမြင်များကို နားထောင်ခွင့်ရရှိသည့်အတွက်ကြောင့်လည်း ကျွန်မအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုပါသည်။ နှစ်ဖက်လူမှုအဖွဲ့အစည်းများ၏ စိတ်ခံစားချက်များနှင့် စိုးရိမ်ကြောက်ရွံ့မှုများ၏ အတိမ်အနက်ကို ကြားသိခဲ့ရပါသည်။ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှု လွန်စွာနိမ့်ကျသည့် အခြေအနေနှင့် ပြည်သူများ နေထိုင်ရသည့် ဆင်းရဲနွမ်းပါးမှု အခြေအနေတို့သည် မကျေနပ်မှုများနှင့် တင်းမာမှုများ ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းအရင်းများအဖြစ် ရှိနေပါသည်။ လွန်ခဲ့သောလအတွင်း ရခိုင်ပြည်နယ်သို့ လျှပ်စစ်မီး စတင်ဖြန့်ဝေပေးမှု အခြေအနေကို ကြားသိခဲ့ရသည့်အတွက်လည်း ကျေနပ်မိပါသည်။ သို့သော် လိုအပ် ချက်များစွာ ရှိနေပါသေးသည်။
ရခိုင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်မတင်ပြမီ ရိုဟင်ဂျာနှင့် ဘင်္ဂါလီ အသုံးအနှုန်း နှစ်ခုနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ကိစ္စရပ်ကို ရှင်းလင်းတင်ပြလိုပါသည်။ ယင်းစကားလုံးများသည် မတူညီ သည့် လူများအတွက် မတူညီသည့် အဓိပ္ပါယ်အသွင်ဆောင်ပြီး တစ်ခုချင်းစီက မတူညီသော အကြောင်းပြ ချက်များဖြင့် ဒေါသတရားနှင့် စိတ်ဆန္ဒပြင်းပြမှုများကို ဖြစ်စေပါသည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အများစုအတွက် မူ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းမှာ တိုင်းရင်းသားဖြစ်မှုဆိုသည့် အနေအထားနှင့် ခွဲထွက်ရေးလှုပ်ရှားမှု များ တောင်းဆိုမှုသဘောနှင့် ညီမျှသည်ဟုယူဆကြပြီး၊ ၄င်းတို့၏ မြေ၊ လုံခြုံရေးနှင့် စားဝတ်နေရေး ဆုံးရှုံးရ မည်ကို ရခိုင်လူမျိုးတို့က ကြောက်ရွံ့ကြသည်။ ရိုဟင်ဂျာအဖြစ် မိမိကိုယ်ကိုယ်သတ်မှတ်ကြသူများ အနေဖြင့်မူ ဘင်္ဂါလီဆိုသည့် အသုံးအနှုန်းမှာ ၄င်းတို့ မွေးဖွားလာခဲ့သည့် လူမှုအသိုက်အ၀န်းမှနေ၍ အဆက်ဖြတ် ခွဲခြားခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ထို့အပြင် ဥပဒေကြောင်းအရ ယင်းအသုံးအနှုန်းသည် ၂၀၁၂ ခုနှစ်မတိုင်မီ ခံစားခဲ့ရသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပြီး၊ မညီမျှသည့် နိုင်သားဖြစ်ခွင့် အခွင့်အရေးလည်း ဖြစ်ပေါ်စေသည်။ အသုံးအနှုန်း နှစ်ခုနှင့်ပတ်သက်သည့် အငြင်းပွား ဖွယ်ရာကိစ္စရပ်ကို တွေ့ဆုံဆွေးနွေးခဲ့ကြသူများစွာတို့က အားတက်သရော တင်ပြခဲ့ကြပါသည်။
အမြင်ရှုထောင့်နှစ်ခုလုံး၏ တရားဝင်မှု မဝင်မှုအပေါ် ကောက်ချက်မချလိုသော်လည်း မည်သည့်စကားလုံး သုံးစွဲရေး သတ်မှတ်ခြင်းအပေါ် အာရုံစွဲကပ်နေခြင်းသည် အရေးပါသည့်ကိစ္စများ တိုးတက်မှုရရှိအောင် ဆောင်ရွက်ရေးကို တုံ့ဆိုင်းနေသည်ဟု ကျွန်မ အကြံပြုလိုပါသည်။ ကျွန်မအနေဖြင့် ဤကိစ္စအပေါ် ငြင်းဆို မှုမှာ အရေးမကြီးဟု မဆိုလိုသော်လည်း၊ ပြည်နယ်တစ်ဝန်း၌ ဆက်လက်ဖြစ်ပေါ်နေသော အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းဆောင်ရွက်ရေး အပေါ်တွင် အာရုံစိုက်ဆောင်ရွက်ကြရန် တောင်းဆိုနေခြင်း ဖြစ်ပါသည်။
ဤပြည်နယ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသော ပြဿနာများ ပြေလည်စေရေးကို ဝိုင်းဝန်း အထောက် အကူပြုစေရေး သေချာမှုရှိစေရန် ဗုဒ္ဓဘာသာဝင်များ၊ မွတ်စလင်များ၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် INGO များ အားလုံး၏အသံများ ပါဝင်စေနိုင်ခဲ့သော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပါသည်။ ကျွန်မ၏ ယခင်ခရီးစဉ်နောက်ပိုင်းမှစတင်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် တွေ့ကြုံခဲ့ရသော ကြီင်္းမားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိုးတက်မှုအချို့ ရရှိလာပါသည်။ MSF အဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ယင်း၏လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ခဲ့ပြီး၊ လွန်ခဲ့သသော သတင်းပတ်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ပိုမို ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ခွင့်ပြုချက်များကိုလည်း ပေးအပ်နေပါသည်။ သို့သော် ကျွန်မ၏ အမြင်တွင် ရခိုင်ပြည်နယ်အခြေအနေသည် အကျပ်အတည်းရှိနေဆဲပင် ဖြစ်သည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းဝင်ရောက်နိုင်မှုနည်းနေသေးပြီး ၊ စွန့်စားရနိုင်ခြေ မြင့်မားနေဆဲဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံသားဝန်ထမ်းတစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၄င်း၏တာဝန်များကိုထမ်းဆောင်နေချိန်တွင် စစ်တပ်အာဏာပိုင်များ၏ ရိုက်နှက်မှုကို ခံခဲ့ရပါသည်။ ကျွန်မ အနေဖြင့် ဤကဲ့သို့လုပ်ဆောင်မှုများအတွက် တာဝန်ယူမှု/တာဝန်ခံမှု ရှိစေရေးနှင့် UN နှင့် INGO ၀န်ထမ်း များ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးရန် အာဏာပိုင်အဖွဲ့အစည်းများအား တောင်းဆိုပါသည်။ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသည့် INGO နိုင်ငံသားဝန်ထမ်း ၃ ဦးမှာ ဘူးသီးတောင်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။ ကျွန်မအနေ ဖြင့် အဆိုပါဝန်ထမ်း ၃ ဦး ချက်ချင်း ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုပါသည်။
ကျွန်မသည် မြေပုံမြို့နယ်သို့ သွားရောက်ရန် ရွေးချယ်ခဲ့ပါသည်။ အကြောင်းအရင်းမှာ အဆိုမြို့နယ်တွင် နိုင် ငံသားစိစစ်အတည်ပြုရေး ရှေ့ပြေးလုပ်ငန်းစဉ် ဆောင်ရွက်နေခဲ့သောကြောင့် ဖြစ်ပါသည်။ မြေပုံမြို့နယ် ဒုက္ခသည်စခန်းတွင် IDP ၂၉၆၀ ဦးရှိသည့်အနက် အသက် ၁၈ နှစ်အထက် ၁၃၁၂ ဦးမှာ နိုင်ငံသား စိစစ် အတည်ပြုမှုအတွက် သတ်မှတ်ချက်ပြည့်မီသူများဖြစ်ပြီး၊ ၈၈ ဦးမှာ လျောက်ထားခြင်းမရှိဘဲ၊ ၉၄ ဦးမှာ လျှောက်ထားရန်ဆောင်ရွက်နေဆဲဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြော ကြားပါသည်။ လျှောက်ထားမှုပေါင်း ၁၂၈၀ ရှိသည့်အနက်၊ ၉၇ ဦးကို အပြည့်အ၀ နိုင်ငံသားအဖြစ် ပေးအပ်ပြီးဖြစ်ပြီး၊ ၃၆၀ ဦးကို နိုင်ငံသားအဖြစ် ပြုခွင့်ပေးခဲ့ပါသည်။ ဒုက္ခသည်စခန်းအတွင်း၌ စခန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားချက်အရ လူပေါင်း ၄၀ ဦးတို့သည် အပြည့်အဝ နိုင်ငံသားအဖြစ် ရရှိခဲ့ ကြပြီး၊ ၁၆၉ ဦးမှာ နိုင်ငံသားအဖြစ် ပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုခံရကြောင်းနှင့် ကျန်ရှိသောသူများမှာ လုပ်ငန်းစဉ်၏ ရလဒ်အဖြေများကို စောင့်ဆိုင်းနေကြကြောင်း သိရှိခဲ့ရပါသည်။
ကျွန်မတွေ့မြင်ကြားသိခဲ့ရသည်များအပေါ်တွင် အရေးကြီးသော သုံးသပ်ချက်အချို့ပြုလုပ်ခဲ့ပါသည်။ ပထမ အချက်အနေဖြင့် မြေပုံဒုက္ခသည်စခန်းရှိ နိုင်ငံသားသက်သေခံကတ်ပြားရရှိခဲ့သည့် IDP များ၏ဘ၀များ သည် ပြောင်းလဲမှုမရှိပါ။ ၄င်းတို့သည် စခန်းအတွင်း၌ပင် နည်းပါးသည့် စာနပ်ရိက္ခာခွဲတမ်း၊ အကန့်အသတ် ဖြင့်ရရှိသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် အခြားမရှိမဖြစ်လိုအပ်သောဝန်ဆောင်မှု အနည်းငယ်တို့ဖြင့် ဆက်လက်ရပ်တည်နေကြရပါသည်။ IDP ဒုက္ခသည်စခန်းရှိ ပြည်သူများ၏မျက်လုံးများတွင် ကျွန်မမြင်တွေ့ ခဲ့ရသည့် မျှော်လင့်ချက်မဲ့စိတ်ပျက်အားငယ်နေသည့်အရိပ်လက္ခဏာများသည် စိတ်နှလုံးကြေကွဲဖွယ်ရာ အခြေအနေပင်ဖြစ်သည်။ အခြေအနေမှာ ဆက်လက်၍ တင်းမာနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြု ပြောကြားခဲ့သလို မြို့မိမြို့ဖများကလည်း အတည်ပြုခဲ့သည်။ ယင်းအခြေအနေကို လက်ခံနိုင် လောက်သည့် အခြေအနေတစ်ရပ်အဖြစ် ကျွန်မအနေဖြင့် မသတ်မှတ်ပါ။ ထိန်းချုပ်ထားသည့်အခြေအနေ များအောက်တွင် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်မှုနှင့်အတူ ဒုက္ခ သည်များ၏ အခွင့်အရေးများကို ဆိုးဆိုးဝါးဝါး ဖြတ်တောက်ထားခြင်းကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သည်။ ကျွန်မရောက်ရှိသည့်အချိန်အထိတိုင်အောင် INGO များအား ဒုက္ခသည်စခန်းများသို့ တစ်ပတ် တစ်ကြိမ်သာ လာရောက်ခွင့် ပြုထားပါသည်။ ယခုအချိန်မှာတော့ တစ်ပတ် သုံးကြိမ်လာရောက်ခွင့်ပြုထား ပြီဟု သိရှိရပါသည်။ ယင်းအခြေအနေသည်လည်း လုံလောက်မှုမရှိသေးပါ။ ကျန်းမာရေးဝန်ဆောင်မှုလုပ် ငန်းများသည်လည်း အလွန်အမင်း ဆိုးဝါးနေပြီး၊ ပညာသင်ကြားခွင့်မှာလည်း အလွန်ပင် နည်းပါးနေပါ သည်။ IDPများအားလုံးအတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရရှိသင့်ပြီး၊ ၄င်းတို့၏ မြေယာပိုင်ဆိုင် ခွင့်နှင့် ရခိုင်ပြည်နယ်ရှိ အခြားပြည်သူများ ရရှိခံစားနေသည့် အခြားသော အခွင့်အရေးများအားလုံးကိုလည်း ရရှိခံစားစေသင့်ပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံသားစိစစ်အတည်ပြုရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမရှိခဲ့သည့် မြေပုံမြို့ မွတ်စ လင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့်မေးမြန်းပြောဆိုသောအခါတွင် ၄င်းတို့က ကမန် မွတ်စလင် သို့မဟုတ် မွတ်စလင်များလက်ထပ်ထားသော ဗုဒ္ဓဘာသာဝင်များဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုကြ ပါသည်။ ယင်းသို့ဖြစ်ခြင်းကို ၄င်းတို့၏ သက်သေခံကတ်ပြားများ ထုတ်ပြခြင်းဖြင့် အတည်ပြု ပြောဆိုကြ ပါသည်။ သို့သော် ၄င်းတို့သည် ကြောက်ရွံ့မှုကြောင့်သော်လည်းကောင်း၊ ခွင့်ပြုချက်မရရှိခြင်းကြောင့် သော်လည်းကောင်း စခန်းအပြင်ဘက်သို့ မထွက်ခွာနိုင်ကြပါ။ အဆိုပါအခြေအနေက ဆက်လက်တည်ရှိနေ သည့် တင်းမာမှုနှင့် စိုးရိမ်ကြောက်ရွံ့မှု အဆင့် ပြင်းထန်မြင့်မားနေသည်ဆိုသည်ကို ဖော်ပြနေပါသည်။ ဤကိစ္စရပ်သည် ရိုဟင်ဂျာ/ဘင်္ဂါလီ အငြင်းပွားမှုထက် ပိုမိုရှုပ်ထွေးသည်ကို ဖော်ပြနေပါသည်။
တတိယအချက်အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍လည်းကောင်း၊ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍လည်းကောင်း လက်ရှိအခြေအနေကိုအကဲဖြတ်ရာတွင် ကောလာဟလများနှင့် လွဲမှားသော ထင်မြင်ယူဆချက် အများအပြား အသုံးပြုနေသည်ကို တွေ့ဆုံဆွေးမှုများမှ ကျွန်မ ကြားသိခဲ့ရပါသည်။ လူမျိုးစု နှစ်ခုအကြား အပြန်အလှန် ဆက်ဆံမှုကို အဟန့်အတားဖြစ်စေသည့် အဆိုပါ လွဲမှားသော ထင်မြင် ယူဆချက်များသည် ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ အမုန်းပွားစေသော ဟောပြောမှုများအဖြစ်သို့ လွယ် ကူစွာ ကူးပြောင်းလာမည် ဖြစ်သည်။ သီးခြား ခွဲခြားထားရှိမှုသည် အဖြေတစ်ခု မဟုတ်ပါ။
ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တွင် ရခိုင် Action Plan နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးမူကြမ်းကို ပေးမည်ဟု ကျွန်မအား ကတိပေးခဲ့ပါသည်။ သို့သော် ယခုအချိန်အထိတော့ ကျွန်မထံသို့ ပေးပို့လာခြင်း မရှိသေးပါ။ ရခိုင်ပြည်နယ်ရှိ ပြဿနာဖြေရှင်းရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများသည် အဓိကနေရာမှ ပါဝင်ရမည်ဟု ကျွန်မအနေဖြင့် အလေးထား ပြောကြားလိုပါသည်။ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်မှ ပြစ်မှုကျူးလွန်သူ အချို့၏ လုပ်ဆောင်မှုအတွက် ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူမျိုးစုတစ်ခုလုံးကို စုပေါင်းပြစ်ဒဏ်ပေးသည့်လုပ်ရပ်သည် အဖြေတစ်ခု မဟုတ်ပါ။ ထို့ပြင် ရိုဟင်ဂျာမွတ်စလင်များ၏ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် လက်ရှိအခြေအနေကို ဆက်လက် ထိန်သိမ်းထားရှိခြင်းသည်လည်း တင်းမာမှုနှင့် ဒေါသမီးတို့ တိုးပွားလာမှုကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ ယင်းအခြေအနေသည် လာမည့်ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေပြီး၊ ဖြေရှင်းရန် ခက်ခဲ မည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ ပြဿနာများသည် နိုင်ငံတကာ ပတ်သက်ဆက်နွယ် အကျိုးသက်ရောက် မှုများရှိပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သက်ဆိုင်ပါသည်။ အထူးသဖြင့် ကျူးလွန်ခြင်းခံရ သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူမှောင်ခိုကူးမှုကို အားပေးရာရောက်ပြီး၊ ခိုလှုံခွင့်တောင်းခံသူ အများအပြားကိုလည်း ပေါ်ပေါက်စေကာ၊ မကြာခဏဆိုသလို လူ့အသက်နှင့်ဘဝများ ၀မ်းနည်းဖွယ်ရာ ထိခိုက်ခံစားရမှုနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၄ ခုနှစ် အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် သဘောတူပါဝင်ဆောင်ရွက်မှုအ တွက် အစိုးရအား ကျွန်မအနေဖြင့် ချီးကျူးပါသည်။ ဆုံးဖြတ်ချက်ပါ ဝေါဟာရအသုံးအနှုန်းများနှင့်ပတ်သက် ၍ ဒေသန္တရမီဒီယာများတွင် လွဲမှားတင်ပြမှုအချို့ ရှိသည်ကို ကျွန်မ နားလည်သဘောပေါက်ပါသည်။ ဆုံး ဖြတ်ချက်ပါ တောင်းဆိုချက်ကို ရှင်းလင်းမှုရှိစေရန် တင်ပြလိုပါသည် – “ရိုဟင်ဂျာလူနည်းစုအတွက် နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ တန်းတူညီမျှ အခွင့်အရေးရရှိမှု” ဟူ၍ ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်သည် အကျပ်အတည်းအခြေအနေတွင် ဆက်လက်ရှိနေဆဲပင် ဖြစ်သည် ဟု ယုံကြည်ယူဆပါသည်။ အချို့သောပြဿနာရပ်များကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကိုလည်း လုပ်ဆောင်နေကြပါသည်။ သို့သော် ဆောင်ရွက်စရာ များစွာ လိုအပ်နေဆဲ ဖြစ်ပါသည်။ ကျွန်မအနေဖြင့် အစိုးရအား ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများအားလုံး၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့် များကို ၎င်းတို့၏ တရားဝင်ဖြစ်မှုဆိုင်ရာ အခြေအနေအဆင့်အတန်းကို ထည့်မတွက်ဘဲ အကာအကွယ် ပေးရန်၊ ပြည်နယ် အနှံ့အပြားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အပြည့်အ၀နှင့် အလျင်အမြန် ၀င်ရောက်လုပ်ကိုင်ခွင့် ပြုရန်၊ ဒုက္ခသည်များအားလုံးကို ၄င်းတို့မြေယာများ အပါအ၀င် ၄င်းတို့၏ မူရင်း လူမှုအသိုင်းအ၀န်းအတွင်းသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် တို့ကို အရေးတကြီး တောင်းဆိုပါသည်။

လူမျိုးစုနှင့်ကိုးကွယ်မှုဆိုင်ရာဥပဒေများ
နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းစဉ်းစားဆွေးနွေးရန် တင်ပြထား သည့် ဥပဒေမူကြမ်း ၄ ရပ်နှင့်ပတ်သက်၍ ကျွန်အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ မြန်မာအစိုးရနှင့် ဆွေးနွေးပွဲ တိုင်းတွင် ကျွန်မ၏ စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ပြီး၊ ကျွန်မတို့ကြား ရရှိခဲ့သည့် ပွင့်လင်းသော၊ တစ်ခါတစ်ရံ အားတက်သရောဖြစ်သော ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါသည်။ အဆိုပါ ဥပဒေမူကြမ်းများအတွက် များစွာသော ကျိုးကြောင်းဆီလျော်မှုများကို ဖော်ပြခဲ့ကြပြီး၊ အဆိုပါ ဥပဒေမူကြမ်းများ ရေးဆွဲရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို ထည့်သွင်းစဉ်းစားပြီးဖြစ်ကြောင်းကို ကျွန်မကို အာမခံ ချက် ပေးကြပါသည်။ အဆိုပါ ဥပဒေမူကြမ်းများသည် အထူးသဖြင့် အမျိုးသမီးများ၏ ကျန်းမာရေး၊ သာယာ ဝပြောရေးနှင့် အခွင့်အရေးများကို အကာအကွယ်ပေးရန် ကြိုးပမ်းမှုဖြစ်ပြီး၊ ဘာသာကူးပြောင်းမှုဆိုင်ရာ မှတ်ပုံတင်ခြင်းကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်မှုဖြစ်ကြောင်း အသိပေး ပြောကြားကြပါသည်။ သို့သော် အဆိုပါ ဥပဒေများနှင့်ပတ်သက်၍ ကျွန်မ၏စိုးရိမ်ပူများ ဆက် လက် ရှိနေဆဲဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များအား အဆိုပါ ဥပဒေများနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စိစစ်လေ့လာဆောင်ရွက်ကြရန်နှင့် ပိုမို၍ စိတ်ရှည်သည်းခံမှုရှိပြီး၊ အားလုံးပါဝင်သည့် လူမှုအသိုက်အ၀န်း တစ်ခု တည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြစေရန်အတွက် တောင်းဆိုပါသည်။ ကျွန်မ အနေဖြင့် အဆိုပါ ဥပဒေမူကြမ်းများနှင့်ပတ်သက်၍ အသေးစိတ် မှတ်ချက်အချို့ကို ပေးလိုပါသည် –
• ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းက အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် မြို့နယ် မှတ်ပုံတင်ဘုတ်အဖွဲ့က တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးဆောင်ရွက်ခြင်းများအပါအ၀င်၊ ကိုး ကွယ်ရာ ဘာသာကူးပြောင်းခြင်းနှင့် စည်းမျဉ်းစည်းကမ်း ချမှတ်ဆောင်ရွက်ခြင်းတို့အတွက် နိုင်ငံတော်က ထိန်းချုပ်ဆောင်ရွက်သည့် စနစ်တစ်ရပ် ထူထောင်ပေးမည်ဖြစ်သည်။ ကျွန်မ၏အမြင တွင် ဤ လုပ်ငန်းစဉ်သည် ကြီးလေးပြီး၊ ခြိမ်းခြောက်မှု အလားအလာ လည်းရှိသည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ကူးပြောင်းခွင့်သည် အခြေခံ လူ့အခွင့်အရေး ဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်လည်း ဖြစ်သည်။ ဘာသာတရားအား စော်ကားမှုအတွက် ဤ ဥပဒေက ပြစ်မှုနှင့် ပြစ်ဒဏ် များ အဆိုပြုထားမှုအပေါ်၌လည်း ကျွန်မအနေဖြင့် စိုးရိမ်မိပါသည်။ ယင်းသည် တိကျရေရာမှုမရှိဘဲ လူနည်းစုကိုးကွယ်သည့် ဘာသာတရားများအပေါ် ခွဲခြား ဆက်ဆံ ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။
• လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေမူကြမ်းသည် လူဦးရေပေါက်ပွားမှုနှုန်း အလွန် မြင့်မားသည်ဟု တွေ့ရှိရသည့် ဒေသတစ်ခုတွင် ကျန်းမာရေးနှင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ကိစ္စရပ် များကို ဖြေရှင်းပေးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းကိုယ်ဝန်ဆောင်မှု နှစ်ကြိမ်ကြား သားဆက်ခြားကာလကို ၃၆ လ ခြားခြင်းအပါအ၀င် နည်းလမ်းများစွာဖြင့် ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ ကျွန်မအား အဆိုပါ ဥပဒေမူကြမ်းသည် ပြစ်ဒဏ်များ ချမှတ်မည် မဟုတ်ဟု အာမခံချက်ပေးသော်လည်း သားဆက်ခြားမှုအတွက် ဥပဒေကြောင်းအရ သတ်မှတ် ပြဋ္ဌာန်း ဆောင်ရွက်ခြင်းသည် ကလေးအရေအတွက်နှင့် သားဆက်ခြားမှုတို့အတွက် အမျိုးသမီး တစ်ဦး၏ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့်ကို နိုင်ငံတော်အစိုးရက တရားမ၀င် ၀င်ရောက်စွက်ဖက်မှု ဖြစ် သည်ဟု ထင်မြင်ယူဆပါသည်။ ဆင်းရဲနွမ်းပါးမှု၊ မိခင်နှင့်ကလေး သေဆုံးမှုနှင့် ကလေးမွေးဖွားမှု ထိန်းချုပ်ရေးတို့ကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများအနေဖြင့် ပညာပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု အစီအစဉ်များချမှတ် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးသည့် အခြားနည်းလမ်းများဖြင့် သင့်တော်သလို ဖြေရှင်းဆောင်ရွက်နိုင်ပါ သည်။
• ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွင် အငြင်းပွား ဖွယ်ရာ ပြဋ္ဌာန်းချက်များစွာ ပါဝင်နေပြီး၊ ယင်းကို ကျွန်မအနေဖြင့် ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ် ယူဆပါသည်။ ဥပဒေမူကြမ်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်ရန် ရည်ရွယ်သော သို့မဟုတ် လက်ထပ်သော ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အမျိုးသားများအပေါ် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် ပြစ်ဒဏ်များကို ထည့်သွင်း ဖော်ပြထားပါသည်။ ထို့ပြင် လင်မယား ကွဲကွာ ချိန်တွင် သားသမီးထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်၍ လမ်းညွှန်မူဝါဒ ချမှတ်ပေးရာတွင် ကလေးအတွက် အကောင်းဆုံး အကျိုးကို ရှေ့ရှုရမည်။ သို့သော် ယင်းအချက်သည် ဥပဒေ မူကြမ်းထဲတွင် ပါဝင်ခြင်း မရှိပါ။ ကျွန်မအနေဖြင့် ဤဥပဒေမူကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဥပဒေပြု အာဏာကို မလျော်မကန် အသုံးပြုမှုတစ်ရပ်အဖြစ် ယူဆပါသည်။
• ပြစ်မှုဆိုင်ရာဥပဒေအရ မိန်းမ အများအပြားယူခြင်းကို တားမြစ်ပိတ်ပင်ထားပြီးဖြစ်သည်ဟု သိရှိရပါ သည်။ ထို့ကြောင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်ကို ကျွန်မအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ထို့ပြင် ကျွန်မအနေဖြင့် ဥပဒေမူကြမ်းတွင် အသုံးပြုထားသော ဘာသာစကားအသုံးအနှုန်းနှင့် ပတ်သက်၍လည်း စိုးရိမ်မိပါသည်။ ယင်းသည် လူနည်းစု ကိုးကွယ်ရာဘာသာတရားများကို ဦးတည်ချက်ထား ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ခွဲ ခြားဆက်ဆံမှုကို ဖြစ်ပေါ်စေပါသည်။
ကိုးကွယ်ရာဘာသာတရား ကွဲပြားခြားနားသည့် လူမှုအသိုင်းအ၀န်းများကြား တင်းမာမှုများနှင့် အကြမ်းဖက် မှုများသည် မြန်မာနိုင်ငံရှိ အရေးကြီးသော ပြဿနာရပ်တစ်ခု ဖြစ်ပါသည်။ လူမှုအသိုင်းအ၀န်းများကြား အပြန်အလှန် အသိပညာပေးမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်မှုတို့သည် အရေးတကြီး လိုအပ် နေပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျွန်မ တွေ့မြင်ခဲ့ရသလိုမျိုး ယုံကြည်ကိုးကွယ်ရာ ဘာသာ ကွဲပြားခြားနားသည့် လူမှုအသိုင်းအ၀န်းများကြား အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ခြင်းနှင့် ပိုမို စုစည်းညီညွှတ်သည့် လူမှုအဖွဲ့အစည်း တည်ဆောက်ခြင်း စသည့်နည်းလမ်းတို့ဖြင့် အရေးကြီးသော လုပ်ငန်းအဆင့်များကို ဆောင်ရွက်နေပြီလည်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေမူကြမ်း ၄ ခုသည် ဘာသာရေး အုပ်စုများကြား ရှိနှင့်ပြီး တင်းမာမှုများကို ရန်မီးတောက်လောင်စေနိုင်သည့်အတွက် ကျွန်မနေဖြင့် စိုးရိမ် မိပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား အဆိုပါဥပဒေမူကြမ်းများကို သက်ဆိုင်ရာ လူမှုအသိုင်းအ၀န်းများနှင့် ဆွေးနွေးတိုင်ပင်လျက် စေ့စေ့စပ်စပ် စိစစ်ကြည့်ရှုလေ့လာရန်နှင့် ယင်းတို့ကို အလုံးစုံ ကန့်ကွက်ငြင်းဆိုရန် ကျွန်မအနေဖြင့် တိုက်တွန်းပါသည်။ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်း ပြတ်စဲခြင်းနှင့် ဆက်ခံခြင်းဆိုင်ရာ ဥပဒေများကဲ့သို့သော စည်းမျဉ်းထားဆောင်ရွက်ရန် လိုအပ်သည့် နယ်ပယ်ကဏ္ဍများနှင့် ပတ်သက်၍ ပြဋ္ဌာန်းဆောင်ရွက်သည့် ဥပဒေတစ်ရပ်သည် လူမျိုးဘာသာ ခွဲခြားမှု မရှိဘဲ မြန်မာနိုင်ငံ ပြည်သူများအားလုံးအတွက် သက်ဆိုင်သော၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်း များနှင့် အပြည့်အ၀ ကိုက်ညီမှုရှိသော၊ ဥပဒေတစ်ရပ် ဖြစ်သင့်ပါသည်။ အကယ်၍ အဆိုပါ ဥပဒေမူကြမ်း များ အတည်ပြုလိုက်ပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် နောက်ကြောင်းပြန်မှုကို ဖော်ပြနေ သည့် အရာများထဲမှ တစ်ခုအဖြစ် ရှုမြင်ခြင်းခံရနိုင်ပါသည်။

ရပ်ရွာလူထုအဆင့်ဖွံ့ဖြိုးတိုးတက်မှု နှင့် တရားဥပဒေစိုးမိုးမှု
ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မြှင့်တင်ရေးအတွက် အစီ အစဉ်များ ချမှတ်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ၀မ်းမြောက်ကျေနပ်မိပြီး၊ ဤကဏ္ဍတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အစိုးရကို ချီးကျူးပါသည်။ သို့သော် အဆိုပါ အစီအစဉ်များသည် သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများနှင့် ပွင့်လင်းမြင်သာမှုရှိခြင်း၊ လက်ခံ စဉ်းစားပေးမှု ရှိခြင်း နည်းလမ်းတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စစ်မှန်သော ညှိနှိုင်းဆွေးနွေးမှု ရှိသင့်ကြောင်း အလေးအနက် ပြောကြားလိုပါသည်။ ဒေသန္တရအဆင့်၌ ဥပဒေအသစ်များကို အကောင်အထည်ဖော်ရန် အင်အား မလုံလောက်မှုကြောင့်သော်လည်းကောင်း၊ စိတ်ပါဝင်စားမှု မရှိခြင်းကြောင့်သော်လည်းကောင်း၊ စွမ်းဆောင်နိုင်မှု မရှိခြင်းကြောင့်သော်လည်းကောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများသည် မျှော်မှန်း သလောက် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကဏ္ဍများကို လေ့လာတွေ့ရှိရပါသည်။
အမျိုးသမီးများအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ကိုယ်တိုင်ဆောင်ရွက်သူများအဖြစ်သာမက၊ အကျိုးခံစားသူများအဖြစ်ပါ ပိုမို အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်သည် ဆိုသည်နှင့် ပတ်သက် ၍ ယခင်ခရီးစဉ်အပြီး ကျွန်မအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့သော အချက်များသည် ဆက်လက်၍ အရေးပါ နေဆဲ ဖြစ်ပါသည်။ လတ်တလောဆောင်ရွက်နေသော ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် သဘောတူ စာချုပ် ချုပ်ဆိုပြီးသောအခါ ယင်းကို စောင့်ကြည့်လေ့လာမှု ပြုလုပ်ရာတို့တွင် အမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှုကို ကျွန်မအနေဖြင့် အထူးအားပေးပါသည်။ ထို့ပြင် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အမျိုးသမီးများက ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်းကောင်း၊ ဆန္ဒမဲပေးသူများ အနေဖြင့်လည်းကောင်း၊ လေ့လာသူများအနေဖြင့်လည်းကောင်း ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါ သည်။
တက္ကသိုလ်ပါမောက္ခတစ်ဦးအနေဖြင့် ကျွန်မသည် လူငယ်များ၏ ပညာရေးအတွက် လှိုက်လှဲစွာ စိတ်ဝင်စား မှု ရှိပါသည်။ ၄င်းတို့သည် ကျွန်မတို့၏ အနာဂတ်အတွက် အဓိကကျသူများ ဖြစ်ပါသည်။ ဤလူငယ်များ ကပင် မြန်မာနိုင်ငံအား တိုးတက်အောင်မြင်မှု နောက်တစ်ဆင့်နှင့် အားလုံးပါဝင်မှုရှိသော ငြိမ်းချမ်းသည့် လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးတို့တွင် ဦးဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခန်းအနားတွင် ကျောင်းသူ/သား ၃၀၀ ခန့်သည် ၄င်းတို့၏ စိစစ်ရေးကဒ်ပြားများ မရှိကြသဖြင့် ဘွဲ့လက်မှတ်များ ရရှိခြင်း မရှိခဲ့ကြကြောင်း ကြားသိရသည့်အတွက် အံ့သြတုန်လှုပ်မိပါသည်။ ဤဖြစ်ရပ်သည် အထူးသဖြင့် ရခိုင်ပြည်နယ်မှလာသော မွတ်စလင် ကျောင်းသားများအပေါ်တွင် သက်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ လတ်တလောအချိန်တွင် ၄င်းတို့သည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အရ စိစစ်နေသူများ ဖြစ်ပါသည်။ ပညာရေးအခွင့်အလမ်း ရရှိမှုသည် နိုင်ငံသားဖြစ်မှု အခြေအနေပေါ်တွင် အခြေမခံသင့်ပါ။ ကျွန်မအနေဖြင့် ဤပြဿနာကို ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးထံ တင်ပြခဲ့ပြီး၊ ၄င်းက ယင်းအခြေအနေကို ကုစားဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် အတွက်ကြောင့် အထူးပင် ကျေးဇူးတင်ပါသည်။ ၄င်းတို့၏ အဆင့်မြင့်ပညာရေး ပြီးဆုံးအောင် အပြင်းအထန် ကြိုးစားခဲ့ကြသည့် ကျောင်းသူ/သားတိုင်း ၄င်းတို့၏ဘွဲ့လက်မှတ်များ ရရှိကြ သည်ဆိုသည့် သတင်းကောင်း ရရှိရန် ကျွန်မ မျှော်လင့်နေပါသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အရေးပါသည်ဆိုသည့်အကြောင်းကို ကျွန်မအား များစွာပြောဆိုတင်ပြ ကြပါသည်။ ကျွန်မ အပြည့်အဝ သဘောတူပါသည်။ သို့သော် ဤနိုင်ငံတော်သစ်တွင် တရားဥပဒေစနစ်နှင့် အာဏာပိုင်တို့အပေါ်တွင် ယုံကြည်မှု ပေါ်ပေါက်မလာမီတွင် လုပ်ဆောင်စရာ များစွာ ကျန်ရှိနေပါသေး သည်။ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် လိင်နှင့် ကျား-မရေးရာတို့အပေါ်တွင် အခြေခံသော အကြမ်းဖက်မှု များအပါအ၀င် စစ်တပ်အရာရှိများ၏ တာဝန်ယူမှု/တာဝန်ခံမှုကို အာမခံချက်ပေးရန် လုပ်ငန်းစဉ်များ မအောင်မြင်မှုအပေါ်၌လည်း ကျွန်မအနေဖြင့် အထူးတလည် စိုးရိမ်ပူပန်မှု ရှိနေဆဲ ဖြစ်ပါသည်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ယင်းတို့၏ အဖွဲ့ဝင်များက ကျူးလွန်သော အပြည်ပြည်ဆိုင် ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို ချိုး ဖောက်မှုများအပေါ် ဖြေရှင်းဆောင်ရွက်ရန်ကိုလည်း တောင်းဆိုပါသည်။ တပ်မတော်တွင် အရွယ်မရောက် သေးသော စစ်သားများ အရေအတွက် ဆက်လက် မြင့်တက်နေမှု ရှိနေသည်ဆိုသည့် သတင်းများအပေါ် ၌လည်း စိုးရိမ်ပူပန်မိပါသည်။

နိဂုံး
အထက်ပါ အကြောင်းအရာများသည် ကျွန်မခရီးစဉ်မှ ရရှိလာသော အကြိုလေ့လာတွေ့ရှိချက်များဖြစ်ပြီး၊ မတ်လတွင် လူ့အခွင့်အရေးကောင်စီသို့ ကျွန်မ၏ အစီရင်ခံစာ တင်သွင်းသည့်အခါ ဤကိစ္စရပ်များအပေါ် ကို အကျယ်တ၀င့် တင်ပြသွားမည် ဖြစ်ပါသည်။ အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦးအနေနှင့်ရော၊ မြန်မာနိုင်ငံ၏ မိတ်ဆွေတစ်ဦးအနေနှင့်ရော မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ ပိုမိုမြှင့်တင် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့် အနာဂတ်ကာလတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျွှန်မအနေဖြင့် မျှော်လင့်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: