ပန်းပန်လျှက်ပဲ

ပန်းပန်လျှက်ပဲ

၁၉၈၆…..

သူ့အသက်က သုံးဆယ်စွန်းစွန်းသာ ရှိသေးသည်။ လူတွေက သူ့ကို ဥက္ကဌကြီးဟု ခေါ်နေကြသည်။ တကယ်တော့ သူဥက္ကဌ မဖြစ်သေး။ သို့သော် ရပ်ကွက်ဥက္ကဌကို အိတ်ထဲထည့်ထားသည်။ ထိုဥက္ကဌ အနားယူလျှင် သူပဲဖြစ်လိမ့်မည်။

သူတာဝန်ယူထားသည်ကလည်း မနည်း။ သမ၀ါယမ ဆိုင်တာဝန်ခံ။ အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အရန်ပါတီဝင်။ တင်းပြည့်ပါတီဝင်ဖြစ်ရန် မလိုတော့။

သူတို့ မြို့ကလေးဝယ် သူက အကောင်။ အလုပ်ကတော့ ဆိုက်ကားဆရာ။ ပေါ့သေးသေးတော့ မမှတ်စေချင်။ အလုပ်သမား၊ လယ်သမားကို ဦးစားပေးသောခေတ်ဝယ် သူသည် သြဇာရှိသော အလုပ်သမား။

သို့တိုင် သူ့အိမ်မှာတော့ သူဆိုက်ကားနင်းသည်မှာ ဟန်ပြ။ တကယ်က သူ့မိန်းမက အပေါင်ခံသည်။ မှောင်ခိုပစ္စည်းကိုင်သည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဝယ် မှောင်ခိုပစ္စည်းသည် ဈေးတန်လှသည် မဟုတ်ပါလား။

+++++

၁၉၈၈…..

သူ့တက်ကြွမှုကို သူ့အိမ်ကပင် အံ့သြရသည်။ ဒီမိုကရေစီ စကားသူ့ပါးစပ်ဖျားက မချ။ နဖူးစည်းရဲရဲနီနီနှင့် သူ့ကို သပိတ်စခန်းများတွင် မကြာခဏတွေ့ရသည်။ ချီတက်ပွဲများတွင်လည်း အသံပြာအောင်အော်နေသောသူ့ကို တွေ့နိုင်သည်။

တစ်ခုကောင်းသည်က သူက စာရင်းဇယားတွေ လုပ်တတ်ကိုင်တတ်သည်။ သပိတ်စခန်းရန်ပုံငွေ အလှူငွေကောက်ခံရာတွင် သူစာရင်းကိုင်။ သူ့စာရင်းကလည်းတိကျသည်။ အ၀င်အထွက် ပြားစွန်းမှပင် အပိုအလိုမရှိ။

တပ်မတော်မှ အာဏာသိမ်းတော့ သူတက်တက်ကြွကြွပင် မြို့ကာကွယ်ရေး လုပ်ငန်းများ လုပ်နေသေးသည်။ သစ်ပင်ကြီးများကို လမ်းပေါ်ခုတ်လှဲထားခြင်း၊ အတားအဆီးများချထားခြင်းကို နဖူးစီရဲရဲနှင့် လုပ်နေသေးသည်။

နောက်တစ်ရက် မြို့ထဲသို့ တပ်မတော်ဝင်သည်။ ကျည်များက တရွှီးရွှီးနှင့် အိမ်များပေါ်မှ ၀ဲနေသည်။ သေနတ်သံများ ဟိုမှသည်မှ ကြားသည်။ တကယ်ပစ်သည်ဟုလည်း မြို့ထဲဝယ် သတင်းပျံ့လာသည်။

သူ့ကို မည်သူမှ မတွေ့ကြ။ သူရှိမရှိလည်း မည်သူမှ ဂရုမစိုက်နိုင်။

+++++

၁၉၉၃…

ဥက္ကဌတော့ ဥက္ကဌ။ မဆလ ဥက္ကဌ မဟုတ်တော့။ ငြိမ်ပိဥက္ကဌ ဖြစ်နေလေပြီ။ ရပ်ကွက်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး ဥက္ကဌ။

သူ့အာဏာကလည်း ထက်သည်။ ရပ်ကွက်ထဲက လှုပ်လှုပ် လှုပ်လှုပ် လူငယ်များကို သူသတိပေးသည်။ စကားနားမထောင်လျှင် ပျောက်ပျောက်သွားသည်။ ရပ်ကွက်ထဲလာဖွင့်သော NLD ရုံးကိုလည်း သူစောင့်ကြည့်ရသေးသည်။ အန်အယ်ဒီအမာခံ တစ်ယောက်ကလည်း သူ့ရပ်ကွက်မှာ ရှိသည်။ သည်တော့ သူ့အိမ်ကို ထောက်လှမ်းရေး အလာစိတ်သည်။

အလုပ်အကိုင်ကလည်း အရင်လို မလုပ်တော့။ သို့သော် အိမ်ပြင်လိုက်ပြီ။ တိုက်ခံလေး ဖြစ်သွားပြီ။ သူကိုယ်တိုင်ကမူ ရုံးမှာအနေများသည်။ ဧည့်စာရင်းတိုင်သည်ကို သူကိုယ်တိုင်လက်ခံသည်။ ရပ်ကွက်သားများကို နိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးသည်။ အဲ၊ အလကားတော့မရ။

အလုပ်များမနိုင်။ ရုံးက စာရေးမလေးပါ ညအိပ်လုပ်ရသည်။ စာရေးမလေးက ဆယ်တန်းအောင်ကာစလေး။ အိမ်ကဆင်းရဲသဖြင့် သူရပ်ကွက်ရုံးတွင် အလုပ်ပေးထားရသည်။

သူ့မိန်းမ တငိုငိုတရီရီ ဖြစ်နေသည်ကိုတော့ အိမ်နီးချင်းများ သိကြသည်။

+++++

၂၀၀၉

ကြံဖွတ်ဟု ခေါ်လျှင် စိတ်ဆိုးတတ်သည်။ ပြည်ခိုင်ဖြိုးဟု ခေါ်မှ သဘောကျသည်။

အမြဲလိုလိုအဖြူအစိမ်းကြီး ၀တ်နေသဖြင့် ကျောင်းဆရာလိုလို ဖြစ်နေသည်။ သူက ပါတီအတွက် အမာခံ။ သူမရှိလျှင် ရပ်ကွက်ပါတီအသက်မဲ့သွားမည်။ သူက ဆရာကြီး ဖြစ်နေပြီ။ အဆီအစ်အစ် မျက်နှာ ညိုညစ်ညစ်နှင့် သူ့ကို တမြို့လုံး သိသည်။ တပည့်တပန်းကလည်း ပေါသည်။

သူ့တပည့်များကလည်း လက်စောင်းထက်သည်။ သူအမြင်ကပ်သူကို ခေါင်းရိုက်ခွဲရန် ၀န်မလေးချေ။ အမှုလည်း ဖြစ်ရန်မလို။ ဖြစ်သည့်တိုင် ကြောက်ရန်မလို။ စခန်းမှုး၊ တရားသူကြီးကအစ အိတ်ထဲမှာ။

ရအဖတော့ သူမကိုင်တော့။ ဘွဲ့ရမှ လုပ်ရမည်ဆို၍ သားမက်ကို ကိုင်စေသည်။ သူကမူ တတိယမြောက် မယားလေးနှင့် ကားတ၀ီဝီ။

+++++

၂၀၁၃

အသက်လည်းတော်တော်ရလာပြီ။ တရားပွဲများကိုပဲ ဦးဆောင်တော့သည်။

ခက်သည်က သူ့တရားပွဲများကို ရပ်ကွက်ထဲက လူတော်တော်များများမကြိုက်။

သူစီစဉ်သော တရားပွဲများဝယ် ဘာသာခြားဆန့်ကျင်ရေးတရားများ ဖြစ်သဖြင့် အရပ်ထဲမှ ဘာသာခြားများ မကြည်။ မကြည်သည့်တိုင် ဘာမှ မပြောရဲကြ။ တလောကတော့ သူ့အကြောင်း ဂျာနယ်ထဲ ပါသေးသည်။ အိတ်ဖွင့်ပေးစာဝယ် နာမည်မပါရုံတမည် ဆော်ထားခြင်း ဖြစ်သည်။

သူကတော့ အေးအေးဆေးဆေးပင်။

ပန်းပန်လျက်ပဲဟူသော စကားသည် မဗေဒါနှင့်မဆိုင်။ သူနှင့်သာဆိုင်သည်။

……………သက္ကမိုးညို……..(၂၂.၁.၂၀၁၅)…………..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: