အမုန်းတွေထဲက အမြတ်ထုတ်ရမယ့်အချိန်

အမုန်းတွေထဲက အမြတ်ထုတ်ရမယ့်အချိန်
=============

ဒီမှာမွေး၊ ဒီမှာကြီး၊ ဒီမှာပညာသင်၊ ဒီမှာပဲ အလုပ်လုပ်၊ ဒီကလူတွေ အကျိုးအတွက် လုပ်ဆောင်ရင်း သက်တမ်း တစ်ဝက်ကျော်ခဲ့ပြီ။

ငယ်ငယ်က မဆလထုတ်စာအုပ်တွေဖတ်ပြီး ငယ်သေးတဲ့အချိန်ဆိုတော့ ကိုယ်တွေပါ အကြောင်းမဲ့ ဗကပ ဆိုမုန်း၊ KNU ကိုမုန်း၊ ဒေသခံ သူပုန်တွေကိုမုန်း၊ မမုန်းတာ စစ်သားတစ်မျိုးတည်း။

နယ်စပ်မြို့သေးသေးလေး အမည်းရောင်နယ်မြေတွေမှာ နှစ်ကို ဆယ်ချီကာ နေခဲ့ဖူးသူမို့ သေနတ်သံနဲ့ မစိမ်း။ ဗုံးသံလည်း ကြားခဲ့ဖူးပါရဲ့။ စစ်သားတွေ ရှေ့တန်းပြန်လာရင် မြို့လေးထဲကို အချိန်မတော်ဝင်လာကြ၊ အိမ်ရှေ့က လှမ်းအော်၊ အကိုတို့ အမတို့၊ အမေတို့ အဖေတို့ တံခါးလေးဖွင့်ပေးပါဦး၊ ကျွန်တော်တို့ တပ်မတော်သားတွေပါတဲ့။ ထမင်းမစားရတာ ဘယ်နှစ်ရက်ရှိနေပါပြီ။ အဖေက တံခါး ထွက်ဖွင့်၊ တစ်အိမ်လုံး၊ တစ်မြို့လုံးနိုးကုန်ကြ။

ငယ်လွန်းသေးတော့ ဘာကိုမှမကြောက်၊ စစ်သားလာရင် ပျော်တောင်နေသေး။ ညနက်ချိန် ထမင်းမချက်ပါနဲ့တော့။ ကျန်တာလေးပဲ အရင်ကျွေးပါ..တဲ့။ ချပေးတဲ့ ထမင်းဟင်းအကျန် ထမင်းချိုးပါမကျန် အိုးထဲကပဲ နှိုက်စားကြ၊ ပန်းကန်ပြားတောင် မယူ။ အိမ်ရှေ့မှာပဲ သေနတ်တွေကို ပြုံပြီးထောင်ထားကြ၊ အမေအဖေကလည်း သဘောကောင်း၊ တောမှာဆိုတော့ ကြက်ဘဲက အကောင် သုံးလေးဆယ် မွေးထားတော့ အမြဲတမ်း အဆင်သင့်ရှိ။ မနက်ရောက်တာနဲ့ အဖေကိုယ်တိုင် ဘဲ ၁၀ ကောင်၊ ကြက် ၁၀ ကောင် ထုတ်ပေး။ ကိုယ့်အိမ်က ကြက်ဘဲ ရယ်ဒီရှိတော့ မနက်ပိုင်းမှာ ဗိုလ်မှူးအဆင့်ရှိသူတွေပါ အိမ်ကို ရောက်လာကြ၊ စားကြ သောက်ကြ၊ အဖေ့ကို ကျေးဇူးတင်၊ အိမ်မှာတည်း၊ အိမ်ရှေ့ကွက်လပ်မှာ အိပ်ကြ၊ ရဲဘော်တွေဆီက သေနတ် ယူကိုင်ဆော့ချင်ရင်တောင် ရသေးဗျာ။ ဗိုလ်ကြီးတွေဆီက ပစ္စတိုတွေလည်း ယူချင် ကိုင်ဖူးချင်ရင် ပေးကိုင်ပါရဲ့။ အဲလောက် မြို့ကလူတွေက ချစ်သလို၊ သူတို့ကလည်း ချစ်ကြသဗျ။ ပြည်သူ့တပ်မတော်သားတွေ ဖြစ်နေတုန်းအချိန်ကိုး။

သူတို့ဖက်ကလည်း အိမ်သာကျင်းမရှိရင် တူးပေးကြ၊ ၀ါးခွဲ၊ အကြောသပ်၊ ၀ါးထရံကာ၊ ခြံစည်းရိုးတည့်ပေးကြတာတွေလည်း လုပ်ကြရဲ့။ စစ်သားတွေကိုယ်တိုင် အရာရှိ မခိုင်းဘဲ အလိုက်သိသိ လုပ်ပေးကြတာတွေ၊ ကျွန်တော့် အမေဆိုလည်း ရှိတဲ့ဆေးအတိုအထွာ အကုန်ချပေး၊ ရဲဘော်တွေ ခြေထောက်တွေ သဲဝဲစား၊ ခြေသည်းကွာ၊ ခြေချောင်းတွေ ရေစားပြီး ထက်ခြမ်းကွဲနေတာတွေကို ကိုယ်တိုင်ဆေးထည့်ပေး ပတ်တီးစည်းပေး၊ လုပ်ပေးတာကိုလည်း မြင်ဖူးခဲ့ရဲ့။

တစ်မြို့လုံးမှာမှ ကျွန်တော်တို့မိဘတွေရဲ့ မွတ်ဆလင်တစ်အိမ်တည်း ရှိတာကို တစ်မြို့လုံးက ဗုဒ္ဓဘာသာတွေလည်း မချစ်မရှိ၊ ကျောင်းထိုင်ဘုန်းကြီးလည်း မကြာခဏကြွလာရဲ့။ အဖေနဲ့ ညဖက်-လေဖုတ်၊ ညကြီးပိုင်းမှပြန်၊ လက်ဆောင်တွေ ပေးကြယူကြ။ ဘယ်သူမှ ကုလားလို့ မခေါ်။ အဖြူထည်သက်သက်။ ခရစ်ယာန်နည်းနည်း၊ ချပ်ခ်ျမရှိ၊ နေကြတာပဲ။ နတ်ကိုးကွယ်တဲ့ လူတွေလည်း အများသား။

အင်မတန်ချစ်စရာကောင်းခဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်ကြီးပြင်းခဲ့ရတယ်။ သတိရတမ်းတစရာတွေချည်း။ ပတ်ဝန်းကျင်ကောင်းသလို လူတွေလည်း ကောင်းကြ၊ စိတ်ရင်းတွေလည်း ကောင်းကြ၊ အမုန်းမရှိ၊ အချစ်တွေချည်း။

နောက်တော့ အတန်းက ကြီးလာ။ မိဘတွေတာဝန်ကျရာ လိုက်ပြောင်းရင်း အမည်သစ်တွေကြားရ၊ ကုလားဆိုတာ ကိုယ့်ကို ခေါ်မှန်း သေချာသိလာရ။ သြော်.. မြို့ပေါ်ကလူတွေက တောကလူတွေလောက် လူလူချင်း မလေးစားကြပါလား။ တစ်နေရာတည်း တစ်ခုတည်း ဒီလိုလို့ ထင်မိခဲ့သေး။ မဟုတ်ဘူးဗျာ။ ဒေသတိုင်းမှာ racists တွေ ကြီးစိုးနေကြပြီပဲ။ အသက်ပိုကြီးလာလေလေ အမုန်းတရားခါးခါးတွေကို မြန်မာပြည်အနှံ့တွေ့ရလေ။

မွန်က ဗမာကို မုန်းတာလည်း မြင်ဖူး၊ ရခိုင်က ဗမာကို မုန်း၊ မွတ်ဆလင်ကိုမုန်း၊ ကရင်က ဗမာကို မုန်း၊ ချင်းက ဗမာကို မုန်း၊ တက္ကသိုလ်မှာ မဟာတက်ရင်း တွေ့ခဲ့တဲ့ ရှမ်းကြီးတစ်ယောက်နဲ့ ချင်းတွေဆို ဗမာအသေမုန်း။

သူငယ်ချင်းလို့သာ အပြင်ပန်းက ဟန်ဆောင်နေကြပေမယ့် ရင်ထဲက အမုန်းတွေကို မြင်သာမိခဲ့ ခံစားမိခဲ့ပါရဲ့။ အသက်ရလာလေလေ အမုန်းတရားကို ခံစားမိလေလေပါပဲ။ ဘာသာတူတူ မတူတူ အဓိကအကျဆုံးက မိမိရင်ထဲက တစ်ဖက်သားကို မလေးစားချင်တဲ့စိတ်၊ အထင်သေးတဲ့စိတ်တွေ အပြင် တစ်ဖက်သားကောင်းစားရင် မုဒိတာပွားရမယ့်အစား မနာလိုမှု အပြည့်နဲ့ ရှင်သန်နေကြတဲ့ ပတ်ဝန်းကျင်တွေကို တစ်ခုပြီးတစ်ခု မြင်လာခဲ့ရတယ်။

သိပ်မကြာပါဘူး။ ခရိုင်အဆင့်အရာရှိဖြစ်နေတဲ့ အဖေဟာ အစည်းအဝေးတစ်ခုကနေ မွတ်ဆလင်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ထုတ်ခံခဲ့ရတယ်။ အဲဒီနေ့က အဖေ့မျက်နှာ မကောင်း၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့်တဲ့ဆုတွေကို အကြိမ်ကြိမ်ရဖူးတဲ့ အဖေဟာ အစည်းအဝေးတိုင်းမှာ ပွဲတိုင်းကျော်ပါပဲ။ အဲဒီနေ့က အစည်းအဝေးရဲ့ ပထမပိုင်းမှာ တက်ခွင့်ရပေမယ့် မပြီးသေးတဲ့ အစည်းအဝေးဒုတိယပိုင်းမှာ မွတ်ဆလင်ဖြစ်နေတဲ့ အဖေတစ်ဦးတည်း ဖယ်ထုတ်ခံခဲ့ရတယ်။ တစ်ပတ်အတွင်း ဆေးခွင့်တင်၊ အလုပ်လွှဲ ပင်စင်အပြီးယူလိုက်တယ်။

အစိုးရကိုယ်တိုင် ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျန်ဘာသာတရားတွေကို အမုန်းထားနေပြီလို့ အဲဒီနေ့က အဖေပြောခဲ့တယ်။ မိဘနှစ်ပါးပေါင်း ၀န်ထမ်း လုပ်သက် နှစ် ၅၀ နီးနီးအတွက် အစိုးရတုန့်ပြန်တဲ့သဘောထားကို အဖေနားမလည်နိုင်ခဲ့။ တညလုံး တောက်ခေါက်သံတွေချည်း။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကျယ်လာနေခဲ့လေရဲ့။ သေချာကြီးကို နားနဲ့ဆတ်ဆတ်ကြားမိနေသေး။

နောက်နေ့မနက် အစောဆုံးပြောတဲ့ တစ်ခွန်းတည်းသောစကားက “မင်း အစိုးရ၀န်ထမ်းလုပ်ချင်ရင် ငါနဲ့ သေခန်းပြတ်ပြီ” တဲ့။ ကဲ… ဘယ်သူ့ကိုမှ မမုန်းဖူးတဲ့ မမုန်းတတ်တဲ့ အဖေ့ ရင်ဘတ်ကြီးထဲကို အစိုးရကိုယ်တိုင် ထည့်ပေးတဲ့ အမုန်းတရားတစ်ခုကို အဖေစကား ကတဆင့် ကျွန်တော်ခံစားခဲ့မိတယ်။

ဒါတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က။ အခု ဒီထက် အဆ ရာချီ ပိုဆိုးကုန်ပါပြီ။ အမုန်းတရားကို ဘယ်သူတွေ တမင်ထည့်ပေးနေတယ်ဆိုတာကိုလည်း ခွဲခြားတတ်ပြီ။ အိမ်ကြက်ချင်း အိုးမဲသုတ်နေတာ ဘယ်သူတွေလဲ မြင်တတ်ပြီ။

ရှေ့တန်းပြန်စစ်သားကြိုဖို့ ကျွန်တော်ကိုယ်တိုင် ပန်းကောက်ဖူးတာကို တွေးမိရင် နောင်တရမိသလို။ တစ်တိုင်းပြည်လုံးလည်း တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားအပြည့်။ ဗိုလ်ချုပ်တွေက ဘုန်းကြီး နဲ့ ကျောင်းသားတွေကို မုန်း။ ရိုက်နှက် ထုထောင်း ပစ်သတ်၊ မီးရှို့။ အရပ်သားထဲက နည်းနည်းထောင်နေရင် စာတတ်ပေတတ်ဆိုရင် မကြိုက်ချင်။ အလိုလို ကြည့်မရ။ အကြောင်းရှာ ဖမ်းဆီး ထောင်ချ။

အစိမ်းရောင်မျက်နှာဖုံးစွပ် ဘုန်းကြီးတွေက ကုလားကို မုန်း။ ခရစ်ယာန်ကို မုန်း။ ဘာသာမတူ အကုန်မုန်း။ အရပ်သား အချင်းချင်း သတ်ဖြတ် မုန်းတီးကြ။ ကရင်က ဗမာကို ဆော်ကြ မုန်းကြ။ တစ်ယောက်က ကျန်တဲ့လူကို မုန်း။ ကချင်ကို စစ်တပ်က အမြောက်နဲ့ပစ်။ လေယဉ်နဲ့ ဗုံးကြဲ။ ၀ါဒဖြန့်မှုတွေကြားထဲမှာ ဗမာတွေက ကချင်ကို မုန်းကြ။ ကချင်တွေက ပြန်အော်။ ချင်းတွေက ထွက်ပြေး။ ရခိုင်တွေ ကုလားကို သတ်။ သူတို့ကိုယ်တိုင်လည်း မတည့်ကြ။ ရခိုင်က ဗမာကို မုန်း။ ကရင်တွေ မွန်တွေ နယ်စပ်ပြေးရ။ ပြေးကြ၊ ဆော်ကြ၊ ဆဲကြ၊ ပြေးကြရင်း ပြည်ထောင်စုကြီးလည်း ဗုန်းဗုန်းကျ။

ဒီနေ့မနက်ထိ ဆော်နေကြတုန်း။ မြေဇာပင်တွေလည်း ကြေမွနေတုန်း။ ပြည်သူတွေလည်း ပြေးနေရတုန်း။ ဘယ်မလဲ ငြိမ်းချမ်းရေး။ ဘယ်မလဲ ဗြဟ္မစိုရ်တရားတွေ။ ဗုဒ္ဓဘာသာကိုင်းရှိုင်းလှပါတယ်ဆိုတဲ့ နိုင်ငံ၊ ကမ္ဘာမှာ ဘယ်မှာမှ မရှိတဲ့ တစ်မြို့တည်း စေတီ ပုထိုး ၂၀၀၀ ကျော်ရှိတဲ့ နိုင်ငံ။ ဘာအကြောင်းကြောင့် မငြိမ်းချမ်းပါသလဲ။ မတိုးတက်ရပါသလဲ။ တစ်ဦးနဲ့တစ်ဦး မချစ်ခင်နိုင်ရပါသလဲ။

‪#‎မြန်မာအမည်ဟာရန်လိုတဲ့လူတစ်စုလက်ထဲမှာကြေမွကုန်ပါပြီ‬

ဒါနဲ့ပဲ…

ထိုင်းမှာ ထွက်ပြေးနေရတာ ကိုယ့်လူတွေချည်း။

မလေးမှာ ထွက် အလုပ်လုပ်နေရတာ ကိုယ့်လူတွေချည်း။

ဒူဘိုင်း၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်ရောက် ပညာတတ်တွေ၊ အလုပ်သမားတွေ၊ အိမ်ဖော်တွေအားလုံး ကိုယ့်လူတွေချည်း။

အချင်းချင်း မုန်းတီးကြရင်း အားလုံးပြိုလဲကုန်ကြတဲ့ အဖြစ်တွေ။

ညီကိုချင်း အိုးမဲသုတ် ရန်ဖြစ်ခိုင်းရင် အိမ်ပါပြိုကြတဲ့ အမုန်းတွေ။

မိသားစုအချင်းချင်း ရန်ဖြစ်ကြရင်း ပြန်မရတော့တဲ့ အချစ်တွေ။

ဘာသာတရားအကြောင်းခံပြီး ပျက်စီးသွားရတဲ့ ညီညွတ်မှုတွေ။

အချင်းချင်းရန်တွေဖြစ်ရင်း ကျသွားခဲ့တဲ့ ကမ္ဘာ့အဆင့်တွေ။

အချင်းချင်းဆဲဆိုစော်ကားကြရင်း ကျရှုံးသွားတဲ့ နိုင်ငံ့သိက္ခာတွေ။

လွှတ်ပေးနေသေးသရွေ့ မြောင်းထဲကို အကုန်ရောက်မယ့် ကိုယ်ကျင့်တရားတွေ။

အားလုံးကို ဒီအချိန်မှာ မပြင်နိုင်ရင် နောင် ဘယ်အချိန်မှာမှ မပြင်နိုင်တော့ပါဘူး။

လွန်ခဲ့တဲ့အချိန်တွေတုန်းက ရှိခဲ့တဲ့ စည်းလုံးမှုတွေ၊ ညီညွတ်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ လှိုက်လှဲတဲ့ အပြုံးတွေ၊ ကျယ်လောင်တဲ့ ရယ်သံတွေကို အရင်တုန်းကလို ပြန်ကြားရအောင် လုပ်ဖို့ အချိန်တန်နေပါပြီ။

အမုန်းတွေကို ခါချကြပါတော့။ အပြုံးတွေကို ရှာပြကြပါတော့။

အမုန်းတရားတွေကို အဆုံးထိ လောင်မြိုက်စေတဲ့ ထိုင်ခုံရောဂါသည်အဖွဲ့အစည်းတွေကိုလည်း ၂၀၁၅ မှာ မြောက်ကြွမလာအောင် တောက်ချကြရမယ့် အချိန်ရောက်နေပါပြီ။ အချင်းချင်း လက်တွဲကြပါ။ ရင်ချင်းအပ်ကြပါ။ ပြုံးပြကြပါ။

သွားတွေရှိနေတုန်း အလှပဆုံးပြုံးနိုင်ဖို့ ကြိုးစားကြပါ။

သွားမရှိချိန်မှာမှ ပြုံးပြဖို့ကြိုးစားကြရင် အရာရာဟာ မလှပဘဲ နောက်ကျကုန်ပါလိမ့်မယ်။

ဒါတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့အတွက် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့အားလုံးရဲ့ သားသမီးတွေ အနာဂတ်တွေ လှပဖို့ အတွက်ပါပဲ။ မြန်မာပြည်ရဲ့ မူလနေရာ ပြန်ရောက်ဖို့ မူလအမည်ကို ပြန်လည်ရရှိဖို့ပါပဲ။

ချစ်ခြင်းဖြင့်ပါခင်ဗျာ။

ဆွေမွန်
၂၇ ဖေဖေါ်ဝါရီ ၂၀၁၅

လွန်ခဲ့တဲ့ နှစ် ၃၀ ကို တမ်းတမိရင်း ရေးမိတဲ့ ပို့စ်တစ်ခုပါပဲ။

One Response to “အမုန်းတွေထဲက အမြတ်ထုတ်ရမယ့်အချိန်”

  1. drkokogyi Says:

    The following paragraph written by the famous Journalist Mirror U Thaung explained my sentiments.
    မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ

    Although I never dare to say a word before I came out, most the people who knows me understand that I came out because of the Ne Win Government’s Racial and religious discrimination.
    ဦးကုလားရာဇ၀င်တွင် ပုဂံခေတ်က နောင်တော်ကို လုပ်ကြံကာ နန်းတက်သူ ကုလားကျမင်းအား ပံ့တကူမထေရ်ကြီးက
    “ဟယ် – မင်းဆိုးမင်းညစ်၊

    နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊
    ဤစည်းစိမ်ကို ရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီမှတ်သည်လော။
    လောကတွင် နင့်ထက် ပျက်သော မင်းမရှိ၊
    မင်းဆိုးမင်းညစ်အောက်တွင် ငါမနေပြီ”
    ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ သီဟိုဠ်ပြည်သို့ ထွက်သွားကြောင်း ဌာန်ကရိုဏ်းကျကျ ဖတ်ရှုခဲ့ရသည့် အရသာမှာ ကြီးမားလှပါ၏။ ။
    Source: (၅၆) ထွက်တော်မူ နန်းကခွာတယ် (ကြေးမုံဦးသောင်း)
    I migrated to Malaysia in January 1987….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: