ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလောက်ကို ကြောက်နေရင် နိုင်ငံရေးကနေ အနားယူသင့်ပြီ
“ဒီသပိတ်နဲ့ အတူ . . .”
ပြည်မြို့က လူထုအစည်းအဝေးပွဲမှာ ဧည့်ခံတဲ့ NLD လူငယ်တွေရဲ့တင်ဆက်မှုကို ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်နဲ့ရင်ကြားစေ့ရေးမို့လို့ ဆိုပြီး ပြစ်တင်ဝေဖန်သွားတယ် ဆိုတော့၊ တော်တော်ကို စိတ်ပျက်စရာကောင်းသထက်ကောင်းလာတယ် လို့ပဲ မြင်မိတယ်။
တဆိတ်ရှိတပ်မတော်နဲ့ရင်ကြားစေ့ရေးမို့ မပြောပါနဲ့ ဆိုတော့၊ အဲဒီ ခေါင်းဆောင်ကို မေးခွန်းထုတ်စရာဖြစ်လာတာက သမိုင်း မသင်ရတော့ဘူးလား ဆိုတာပါပဲ။
ဒီတိုင်းပြည်မှာ အတိတ်၊ ပစ္စုပ္ပန်အနာဂတ်ဖြစ်သမျှ၊ ပျက်သမျှကို ဘာမှတ်တမ်းမှတ်ရာမှ မထားရတော့ဘူးလား။ ဘယ်နိုင်ငံက ရင်ကြားစေ့ရေးမှာများ အဲဒီလို ဖြစ်ခဲ့သမျှ ဘာမှ ၀န်ချ၊ ၀န်ခံမှုမပါဘဲ လုပ်ခဲ့တာ ရှိသလဲ သိချင်မိပါရဲ့။
မှားတဲ့ဘက်က မှားခဲ့တယ် ဆိုတာ သတ္တိရှိရှိဝန်ခံရဲအောင်၊ ၀န်ချရဲအောင်သာ ကျနော်တို့က ၀ိုင်းဝန်းအားပေးဖို့လိုပါလိမ့်မယ်။ သူတို့မှားတာတောင် မှားတယ် လို့ မပြောရဲမဆိုရဲတဲ့ အထိမခံရင်ကြားစေ့ရေးဟာ ဘယ်သူတွေ အကျိုးစီးပွားအတွက် တည်ဆောက်နေတဲ့ ရင်ကြားစေ့ရေးလဲ လို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလောက်ကို ကြောက်နေရင် နိုင်ငံရေးကနေ အနားယူသင့်ပြီ လို့ပဲ အကြံပြုလိုတယ်။ တခြား ဒီမိုကရေစီယဉ်ကျေးမှုပြန့်ပွားရေးနဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းလို အန်ဂျီအိုလုပ်ငန်းတွေပဲ စောက်ချ လုပ်ပြီး သေတဲ့အထိ နေလိုက်ပါတော့။
တိုင်းပြည်မှာ မတရားမမျှတ တာတွေကိုမှ ဖေါ်ထုတ်ခွင့်၊ ပြောဆိုခွင့် မရှိဘဲ၊ ဘယ်လို ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်မလဲ အံ့သြပါရဲ့။
ဓဇ္ဇဂ္ဂသုတ် မှာ ကြောက်ရွံ့ခြင်း ဆိုတာ တစုံတခုသော လောဘ၊ ဒေါသ၊ ရာဂစိတ်ကိုသာ အမှီပြုပါတယ်။ လောဘ၊ ဒေါသ၊ ရာဂ ရှိသူတို့သာလျှင် ကြောက်ရွံ့ခြင်းကို ဖြစ်စေတယ်။
အလောဘ၊ အဒေါသ၊ အရောဂ လောဘ၊ ဒေါသ၊ ရာဂ ကင်းစင်သူတို့မှာ ကြောက်ရွံ့ခြင်းကင်းစင်တယ် လို့ ဗုဒ္ဓ က ဟောကြားတော်မူပါတယ်။
နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ လိုချင်လို့၊ ဘာတွေများ ကြောက်ရွံ့နေပါသလဲ လို့သာ ထပ်တလဲလဲ ဆင်ခြင်သုံးသပ်ပါတယ်။
တခါ ကျောင်းသားတွေကို လွှတ်တော်ကို ဖိအားပေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ပြောလိုက်တာကလဲ ကမ်းကုန်ပါပဲ။
ဒီမိုကရေစီနိုင်ငံရေးမှာ လက်ရှိကျောင်းသားတွေရဲ့ အကြမ်းမဖက်ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြတာက ဒီမိုကရေစီကျင့်ဝတ်ညီ၊ ယဉ်ကျေးမှု ညီသလား။
လက်ရှိ စစ်ဗိုလ် ၂၅% ၀င်ထိုင်နေတဲ့ လွှတ်တော်ဟာ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ညီသလား၊
မေးပါရစေ။
အဲဒီလွှတ်တော်က ပြည်သူ့ဆန္ဒကို ဆန့်ကျင်ဥပေက္ခာပြုတဲ့အတွက် အဲဒီလို လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသပိတ်မှောက်တာဟာ ဒီမိုကရေစီယဉ်ကျေးမှု နဲ့ ညီသလား၊ မညီသလား၊
ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း သမိုင်းစာမျက်နှာတွေကို ပြန်လှန်ပြီးလဲ မေးခွန်းထုတ်ချင်ပါတယ်။
၈၈ပွင့်လင်းအုပ်စုနဲ့ တွေ့အပြီးမှာ
အသက်အရွယ်ပင်စင်နားနီး ကြီးတောင့်ကြီးမားကြီးတွေက ဘယ်လိုများ တိုင်တောသလဲ မသိ၊
တာဝန်မသိသူ၊ တာဝန်မယူသောသူ စသဖြင့် နိုင်ငံရေးသမားတွေကို ဝေဖန်သုံးသပ်ပြစ်တင်တဲ့သူတွေကို ပြန်လည်ခွန်းတုန့်ပြန်တာ ဖတ်ရပြန်ပါတယ်။
ခွ တော့ ကျနေပါပြီ။
ကျနော့်ကို ၈၈ က လုပ်ဖေါ်ကိုင်ဘက်ဟောင်းတယောက်က ခုလိုအချိန်မှာ နိုင်ငံရေးနဲ့အလှမ်းကွာ စီးပွားရေးနယ်ထဲ ရောက်နေတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မကျေသလို ခံစားရတယ် လို့ ရင်ဖွင့်လာတယ်။ ကျနော်က တာဝန် ဆိုတာ ဘာလဲ လို့သူ့ကို ပြန်မေးတယ်။
ခင်ဗျားလုပ်ရမယ့်အလုပ်က အဲဒီစီးပွားရေးအလုပ်တွေကို ပစ်ချ၊ ကိုယ့်အိမ်ထောင်၊ ကိုယ့်အလုပ်သမားတွေကို ပစ်ချခဲ့ပြီး၊ နိုင်ငံရေးကို ပြန်လုပ်ရမှာ မဟုတ်ဘူး။ ကိုယ့်စီးပွားရေးကိုယ်လုပ်ရမှာ။
ခင်ဗျားချမ်းသာတော့ လှူနိုင်၊ တန်းနိုင်တာပေါ့။ တိုင်းပြည်ကို ပြန်ထောက်ပံ့နိုင်တာပေါ့။ အရေးကြီးတာ တာဝန် ဆိုတာ လူတိုင်း နိုင်ငံရေး လုပ်ရမှာမဟုတ်ဘူး။ နိုင်ငံရေးအသိနဲ့ ကိုယ့်အလုပ်ကိုယ်၊ ကိုယ့်တာဝန်ကိုယ် ကျေကြဖို့ပါ လို့ ကျနော့်အမြင်၊ ကျနော့်ခံယူချက်ကို ရှင်းပြတယ်။
တတိုင်းပြည်လုံးနိုင်ငံရေးလုပ်ရင်ဖြင့် အဲဒီတိုင်းပြည်မမွဲ ဘယ်တိုင်းပြည်မွဲ ခံနိုင်ပါ့မယ်လေ။
ကျောင်းသားတွေ သပိတ်မှောက်တယ်။ တိုက်ပွဲဝင်တယ်။ ခင်ဗျားက ဘာလဲ။ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ စီးပွားရေးသမား။ ဘာဖြစ်ဖြစ်၊ ခင်ဗျားအလုပ်ခင်ဗျားလုပ်ပါ။ ခင်ဗျားအလုပ်ကို ခင်ဗျားလုပ်ရင်း၊ ခင်ဗျား အဲဒီကျောင်းသားတွေကို ထောက်ခံကြောင်းပြောပါ။ ၀န်းရံလို့ရသလောက် ၀န်းရံပါ။ ထောက်ပံ့လို့ရသလောက် ထောက်ပံ့ပါ။ ကူညီလို့ရသလောက် ကူညီပါ။ ဒါ ခင်ဗျားတာဝန်ပါ။
တိုင်းလုံးကျွတ်ပြည်လုံးကျွတ် ထွက်ဖို့လိုတော့ ထွက်ကြတာပေါ့။ အဲလိုမှ မဟုတ်ရင် ခင်ဗျားတို့ ကျနော်တို့ဟာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း နိုင်ငံရေးနိုးကြားမှသာ တာဝန်ကျေတယ် လို့ ခေါ်ရပါလိမ့်မယ်။
ပင်နီဝတ်
အဲဒီပါတီရုံးကိုသွား
ခိုင်းတာအကုန်လုပ်၊
အဲဒီပါတီအောင်နိုင်ရေးကိုလုပ်
အဲဒါကိုမှ တာဝန်ကျေတယ် လို့ ယူဆတယ် ဆိုရင် အဲဒါနိုင်ငံရေးကို မဟုတ်ဘူး လို့ကို ပြောချင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကို တော်တော်အားထားဟန်တူတယ်။
၁၉၉၀ ကိုလဲ မေ့ပစ်လိုက်ဟန်တူတယ်။
အဲဒီရွေးကောက်ပွဲ ပျက်မှာ၊ အဲဒီစစ်ဗိုလ်တွေနဲ့ အပြန်အလှန်သဘောတူညီချက်တွေ ပျက်ရမှာ
အတော့်ကိုကြောက်ရှာဟန်တူတယ်။
အင်္ဂလိပ်နဲ့စကားပြောရင်း လွတ်လပ်ရေးကို အသာတကြည်တောင်းမရရင် ဟောသလို လုယူရလိမ့်မယ် လို့ ပြောခဲ့တဲ့ သူ့အဖေရဲ့ စိတ်ဓါတ်တည်ကြည်ပြတ်သားမှုမျိုး နှမ်းတစေ့ သူ့မှာ ရှာမရဘူး။
ပြတ်ပြတ်သားသားကို ပြောတာပါ။ သူ့မှာ သူ့အဖေလို ရပ်တည်ချက် ပြတ်သားတည်ကြည်မှု နှမ်းတစေ့ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကို
တော်တော်ပဲ စိတ်ပျက်မိတယ်။
ချိုတူးဇော်
One Response to “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလောက်ကို ကြောက်နေရင် နိုင်ငံရေးကနေ အနားယူသင့်ပြီ”
  1. drkokogyi Says:
    Al Khon Bransai
    လူထု နာ မှာ စိုးလို့ပါ … ခု သိပ်မနာသေးပါ
    —————————————–
    ဟုတ်ကဲ့ တိုင်းပြည် ဆူပူအုံကြွခြင်းဟာ …
    အာဏာရှင် အကြိုက်ဖြစ်ပါတယ် ၊ လက်ရှိအစိုးရ
    အကြိုက်ဖြစ်ပါတယ် ။
    သူတို့ဆင်တဲ့ ဂွင်ထဲကို မ၀င်ပါနဲ့ …။
    နိုင်ငံရေးဆိုတာ ညင်သာစွာ ကိုင်တွယ်ရမယ် ။
    စေ့စပ်ဆွေးနွေးညှိနှိုင်းတိုင်ပင် နှီးနှောဖလှယ် … ။
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းတွေ ဘာတွေ
    သွားမလုပ်ပါနဲ့ ၊ အိပ်နေတဲ့ ကျားကို သွားမနှိုးပါနဲ့ …။
    ဘာ လူ့အခွင့်အရေးမှ မတောင်းပါနဲ့ …။
    ဒါကြောင့် ဘာလုပ်နေနေ အသာငြိမ်နေပါ ။
    ပြဌာန်းချင်တဲ့ ဥပဒေ ပြဌာန်းပါစေ ။
    လူငါးယောက်အထက် မစုရ ဆိုလည်း မစုပါနဲ့ ။
    လေထုညစ်ညမ်းမှာစိုးလို့ အီးမပေါက်နဲ့ ဆိုလည်း
    ကိုယ့်ဖင်ကိုကိုယ် ပိတ်ထားပါ ။
    ထမင်းတနပ်စားဆိုလည်း ဥပုသ်စောင့်လိုက်ပါ ။
    ပါးရိုက်မယ်ဆိုလည်း ခံလိုက်ပါ ။
    ပုဆိုးလှန်ပြရင်လည်း ကြည့်လိုက်ပါ ။
    ခရမ်းသီးစားချင်စိတ် နဲ့ ကြက်မောက်သီးစားချင်စိတ်ကုန်တာပေါ့ ။
    နှမသားချင်း မုဒိမ်းကျင့်ခံရရင်လည်း အသာနေလိုက်ပါ ။
    ကိုယ့်ခင်ပွန်း သေနတ်နဲ့ပစ် အလောင်းဖျောက်
    ခံရရင်လည်း အသာနေလိုက်ပါ။
    ကိုယ့်အမေ ဦးခေါင်း သေနတ်နဲ့ ပစ်ခံရရင်လည်း
    အသာနေလိုက်ပါ ။
    ကိုယ့်နှမလည်ပင်းကို ခွေးလှေးဂျပိုးက ဖက်ပြီး
    ဆွဲလွဲနေရင်လည်း ကြည့်နေလိုက်ကြပါ ။
    မြေတွေသိမ်း ယာတွေသိမ်း ၊ တောထဲ ပိန်းဥ
    တူးစားနေရရင်လည်း ငြိမ်နေပါ။
    ကိုယ့်ကလေးတွေ ပုံစံခွက်ပညာရေးစနစ်ကြောင့်
    လူတောမတိုး အဆင့်မမီ ဘွဲ့ရ ပညာမတတ်တွေ
    ဖြစ်နေရင်လည်း အသာနေပါ ။ ခရိုနီဆီ အလုပ်
    သွားတောင်း အေးဆေးပါ ။ အရိုးအရင်းတော့
    ကိုက်ရမှာပေါ့ …။
    အေးဆေးနေလိုက်ပါ ။ သည်းခံပါ ။ သည်းခံပါ ။
    လူထုနာမှာစိုးလို့ပါ ၊ လူထုနာမှာစိုးလို့ ပါ …။
    ၂၀၁၅ ရွေးကောက်ပွဲကြီးကျရင်သာ တာဝန်ကျေပါစေ။
    ဟဲဟဲ … တောင်ပြို ကမ်းပြို နိုင်မှာပါ ခင်ည …။
    တောင်ပြို ကမ်းပြို ကြီးကို နိုင်မှာပါ ခင်ည …။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: