လက်ပတ်တွေ ပတ်ပြီးမှ ဘောင်းဘီတိုဝတ်တဲ့သူ၊ ပုဆိုးဝတ်တဲ့ သူ၊ ပုံစံ အမျိုးမျိုးနဲ့ လုပ်တာကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုကနေ ဝိုင်းဝန်းဆောင်ရွက်ရာ မရောက်ဘူး

ဆူးလေဆန္ဒပြမှုတွင် လက်ပတ်နီဝတ် နှိမ်နှင်းသူတို့၏ ဇစ်မြစ်ဖော်ထုတ်ရန် ဒေါ်စု တိုက်တွန်း

Written by  နေပြည်တော် မဇ္ဈိမသတင်းအဖွဲ့

နေပြည်တော် (မဇ္ဈိမ)။ ။ ယမန်နေ့ ရန်ကုန် ဆူးလေဘုရားအနီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ရဲများနှင့်အတူ ပါဝင်နှိမ်နှင်းခဲ့ကြသည့် “တာဝန်” လက်ပတ်ဝတ်ဆင်ထားသူများ၏ နောက်ကြောင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာသို့ တိုက်တွန်းပြောကြားသည်။

“တကယ်တော့ မီဒီယာတွေရဲ့တာဝန်ဆိုတာ ဒီလိုဟာတွေကို ဇစ်မြစ်ကဘာလည်းဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ၊ အမေတို့ကိုမေးနေလို့ အမေတို့က သိတာမဟုတ်ဘူး၊ မသိတဲ့သူကို မမေးပဲနဲ့ အဲ့ဒီဟာကိုလိုက်ရမယ်၊ ဒါမီဒီယာ တွေရဲ့ တာဝန်ပဲ၊ အဲ့တော့ သက်ဆိုင်တဲ့သူတွေကို လိုက်မေး ဒီလူတွေကဘယ်ကလဲ ဘယ်သူက ခိုင်းလို့ လုပ်နေတာလဲ၊ ဒါက သားတို့ မီဒီယာသမားတွေ တာဝန်၊ မီဒီယာဆိုတာ သတင်းဇစ်မြစ်ကိုလိုက်ရမယ်” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူးလေဆန္ဒပြပွဲအား နှိမ်နှင်းရာတွင် ဘယ်ကမှန်းမသိ ရောက်ရှိလာသည့် တာဝန်လက်ပတ်ဝတ်များနှင့်  ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ကလည်း “အခုလို ဆန္ဒပြပွဲတွေမှာ ငါးဦးထက်ကျော်ခဲ့ရင် လိုအပ်ရင် စစ်တပ်ကို ခေါ်ယူ အကူအညီတောင်းလို့ရတယ်၊ မြို့ပြလူထုကို အကူအညီတောင်းလို့ရတယ်လို့ပဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ က ပြဌာန်းထားတယ်၊ အဲ့ဒီဥပဒေအရ လက်နက်ကိုင်အဖွဲ့မဟုတ်တဲ့ အမျိုးသားတွေကို လူစုလူဝေး ဖြိုခွဲရာမှာ ဖမ်းဆီးရာမှာ အသုံးပြုနိုင်တယ်၊ တကယ်တော့ ဒီဥပဒေက ဆန္ဒပြပွဲတွေကို နှိမ်နှင်းဖို့ သက်သက် ဖြစ်နေတဲ့အတွက် ဒီဥပဒေကို ပြင်ဆင်သင့်တယ်” ဟု ထောက်ပြခဲ့သည်။

ထိုသို့ သပိတ်လူစုခွဲရာတွင် လက်ပတ်နီဝတ်သူများအား ခေါ်ယူအသုံးပြုခြင်းသည် ဥပဒေနှင့်ညီညွတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ တွင် အလုပ်သမားသပိတ် လူစုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြေကြားခဲ့သည်။

ထိုသို့ လက်ပတ်နီဝတ်များ ပါဝင်နှိမ်နှင်းခြင်းမှာ ဥပဒေနှင့် ညီညွတ်သည်ဟု ရဲတပ်ဖွဲ့ကပြောသော်လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ယနေ့လာရောက်တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများထဲမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့က အဆိုပါဖြိုခွင်းမှု လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါကြောင်း မဇ္ဈိမကို ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦး အနေဖြင့်လည်းကောင်း၊ ပြည်သူ တစ်ဦး အနေဖြင့်လည်းကောင်း လွန်စွာစိတ်မချမ်းမြေ့ ဖြစ်ရပါသည်ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ပြည်သူ့တိုင်ကြားအသနားခံစာများ လေ့လာစိစစ်ရေး ကော်မတီဥက္ကဌကမူ “အနာသိရင် ဆေးရှိရမှာပေါ့၊ ဘာကြောင့် ဆန္ဒဖော်ထုတ်ကြရသလဲ၊ အကြောင်းရင်းကို ညှိနှိုင်းရင် ပြေလည်မယ့် သဘောရှိပါတယ်၊ သို့သော်လည်း လက်ပတ်တွေ ပတ်ပြီးမှ ဘောင်းဘီတိုဝတ်တဲ့သူ၊ ပုဆိုးဝတ်တဲ့ သူ၊ ပုံစံ အမျိုးမျိုးနဲ့ လုပ်တာကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုကနေ ဝိုင်းဝန်းဆောင်ရွက်ရာ မရောက်ဘူးလို့ မြင်ပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။

7 Responses to “လက်ပတ်တွေ ပတ်ပြီးမှ ဘောင်းဘီတိုဝတ်တဲ့သူ၊ ပုဆိုးဝတ်တဲ့ သူ၊ ပုံစံ အမျိုးမျိုးနဲ့ လုပ်တာကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုကနေ ဝိုင်းဝန်းဆောင်ရွက်ရာ မရောက်ဘူး”

  1. drkokogyi Says:

    အဲမွန် ဒယာ added 8 new photos.

    ဒလသား
    လက်ရှိသာကေတနေသူအောင်ဇင်
    တောင်ဥက္ကလာနန္ဒဝန်ဈေးဆိုက်ကားသမားဝတုတ်
    ယခင်စမ်းချောင်းတွင်နေပြီး
    ယခုအလုံဌာနလမ်းတွင်နေသူအရက်သမား
    ဆယ်အိမ်မှုး
    အလုံဆင်မင်းရပ်ကွက်ဥက္ကဌ သန်းထွဋ်နှင့်
    ကြည့်မြင်တိုင်တစ်ဘက်ကမ်းမှ
    လူမိုက်များဖြစ်ပါတယ်။
    သာကေတနေ
    စစ်ပြေးတစ်ယောက်လည်းပါပါတယ်

  2. drkokogyi Says:

    Htay Lwin Oo added 2 new photos.
    10 hrs · Edited ·

    ဂိုဏ်းခေါင်းဆောင် ဘယ်သူလဲ

    မြန်မာပြည်မှာတော့ ဘာသာရေး အသင်းအဖွဲ့တွေက အစ ဂိုဏ်း ဆိုတဲ့ စကားလုံးကို သုံးစွဲ အကျင့်ပါနေတော့- ဂိုဏ်း ဆိုတာ လူဆိုးလူမိုက် စက်ဆုပ်စရာ လူအုပ်စုလို့ မြင်ဘို့ ခက်တယ်။

    နိုင်ငံတစ်ကာမှာ gang (ဂိုဏ်း) ဆိုတာ ရာဇ၀တ်မှုကျူးလွန်တဲ့ လူဆိုးလူမိုက်တွေကိုပဲ ခေါ်တယ်။

    “တာဝန်” ဆိုတဲ့ လက်ပတ်ကို ပတ်ထားသူတွေဟာ- ရန်ကုန်မြို့ရဲ့ မြို့တော်ခမ်းမထဲက ဒုတ်တွေကို ကိုင်ပြီး ထွက်လာတယ်။ ဆေးမှင်ကြောင်တွေနဲ့ လူဆိုးသူခိုးရပ်ဆင်းတွေ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး တာဝန် တစ်ခုခုကို ယူထားရတဲ့ ၀န်ထမ်းဝတ်စုံတွေ မရှိဘူး။ ဒီလူဆိုးသူခိုး အုပ်စုက လက်နက်မဲ့ ဆန္ဒဖေါ်ထုတ်သူများနဲ့ ရပ်မိရပ်ဖများကို ၀င်ရိုက်တယ်၊ ၀ရုန်းသုဉ်းကား ဆွဲလား ရမ်းလားလုပ်တယ်၊ လူတွေကို ဖမ်းဆီးပြီး ရဲကားတွေပေါ်တင်ပေးတယ်။-

    သူတို့ဟာ မူးယဇ်ဆေးသုံးထားကြောင်း သတင်းထောက်တွေက သက်သေခံတယ်။- ဒီတော့ သူတို့ဟာ နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ မဟုတ်ကြဘူး-၊ လက်မရွံ့ ရာဇ၀တ်ဂိုဏ်းများ အဖြစ်သာ ကမ္ဘာ့ ဥပဒေ ဘောင်နဲ့ ဆုံးဖြတ်ရပါမယ်။

    ဒီလိုဆိုရင်- ဒီ ဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ ဘယ်သူလဲ-

    သမ္မတ ဆိုသူလား? ပြည်ထဲရေး ၀န်ကြီးလား? သင်္ကန်းခြုံ အုပ်စုလား? ဒါမှ မဟုတ် သုံးခွက် တစ်ခွက်တင် – သူတို့ သုံးစုပေါင်းလား?

    ဘယ်လိုဖြစ်ဖြစ် လက်မရွံ့ရာဇ၀တ်ဂိုဏ်းသားများအား ထိထိရောက်ရောက် အရေးယူမပေးဘူး ဆိုရင် ဒါတွေအားလုံး အတွက် သမ္မတ ဆိုသူဟာ ဂိုဏ်းခေါင်းဆောင် ဖြစ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်တယ်။

    မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
    ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
    Civil Rights Movement

  3. drkokogyi Says:

    Htay Lwin Oo
    13 hrs ·

    အကြမ်းဖက် Terrorist အဖွဲ့ အဖြစ် သတ်မှတ်ခြင်း

    အပြစ်မဲ့ ပြည်သူပြည်သားများ၊ လက်နက်မဲ့ ကျောင်းသားကျောင်းသူများအား လက်နက်ဖြင့် ရိုက်ပုတ် ဖမ်းဆီး နှိပ်ကွပ် သတ်ဖြတ်သော မည်သည့် အဖွဲ့အစည်းကို မဆို Terrorist Organization အဖြစ်- ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။

    အဆိုပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တို့အား ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ Terrorist Organization အဖြစ် သတ်မှတ်စေရန် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ပြီး-၊ ထို အဖွဲ့အစည်း လူပုဂ္ဂိုလ်တို့အား ထိရောက်စွာ အရေးယူခြင်း မရှိသည့် အပြင် အားပေးအားမြှောက်ပြုနေသော အာဏာပိုင်တို့အား လည်း တစ်ယောက်ချင်းစီ ဖြစ်စေ၊ ဌာန အလိုက် အဖြစ် Terrorist Sponsors များ အဖြစ် သတ်မှတ်စေရန် ကမ္ဘာ့ အသိုင်းအ၀ိုင်းသို့ တိုက်တွန်းသွားမည် ဖြစ်သည်။

    အခင်းဖြစ်ပွားခဲ့သော နေရာများသို့ ကမ္ဘာ့ သတင်းထောက်များ၊ စုံစမ်းစစ်ဆေးသူများ အလျှင်အမြန် စေလွှတ်နိုင်ရန် United Nations ဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ်သည်။

    မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
    ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
    Civil Rights Movement

  4. drkokogyi Says:

    Duwa Kachin
    March 3 at 4:02pm ·

    ဦးသိန်းစိန် အစိုးရ သည်၊ အာဏာ ကို မထိပါးသေးခင် တတိုင်းပြည်လုံး မီးပြာကျလဲ မမှုခဲ့ဘူး။

    ရခိုင်ဒေသ ပြာကျခဲ့တယ်

    မိထ္ထီလာ ပြာကျခဲ့တယ်၊

    မန္တလေး ပြာကျခဲ့တယ်၊

    လားရှိုး ပြာကျခဲ့တယ်၊

    အခုလို ရဲ အင်အား ထုတ်သုံးတာ မတွေ့ ဖူးခဲ့။

    နောက်ပြီး….

    မဒိမ်းသမား တွေကို အကာအကွယ် ပေးခဲ့တယ်၊

    အပြစ်မဲ့ ပြည်သူ သတ်တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အကာအကွယ် ပေးခဲ့တယ်၊

    သူခိုး ခါးပိုက်နှိုက်သမားတွေကို ထောင်က လွတ်စေခဲ့တယ်၊

    လမ်းမပေါ်ထွက်ပြီး ပေါ်တင် မီးလိုက်ရှို့ တဲ့ လူရမ်းကားတွေကို အရေးမယူခဲ့ဘူး၊

    အုပ်စုဖွဲ့ လူသတ် သမားများကို အလွတ်ထားခဲ့တယ်၊

    အခု..

    ကျောင်းသားတွေ

    ပါတီအတွက် မဟုတ်…

    အာဏာအတွက် မဟုတ်…

    ကိုယ်ပိုင် အကျိုးစီးပွါးအတွက် မဟုတ်…

    တိုင်းပြည်ကို ချစ်လို့… ပညာရေး ပြုပြင်ပြောင်းလဲဖို့

    နိုင်ငံ့အတွက် ကြိုးစားနေသူတွေ

    ဘာ လက်နက်မှ မကိုင်… မီးတုတ် မကိုင်…

    အရက် သေစာ သောက်စားထားသူတွေလဲ မဟုတ်..

    မည်သူ့ အိုးအိမ် စည်းစိမ်မှ မဖျက်ဆီး…

    လမ်းပေါ် မှာ ကိုယ့် ခန္ဓာ အငတ်ခံပြီး လမ်းလျှောက်နေသူတွေကို

    မတန်မရာ အင်အားနဲ့ ခြိမ်းခြောက် လေသတည်း။

    အဲ…

    တခုတော့ ရှိတယ်… ပညာရေး ပြုပြင်ပြောင်းလဲပြီး သာမန် ပြည်သူတွေ ပညာတတ် များလာမှာ သူတို့ ကြောက်တယ် လေ။ အမြဲတမ်း ဆရာကြီး နေရာ မနေရမှာ ကြောက်နေသလား…

  5. drkokogyi Says:

    ကိုကို ညမင်းသား

    အရပ်ဝတ်နဲ့ လက်ပတ်အနီပတ်ထားတဲ့သူတွေက
    လာဖမ်းတာ ရိုက်နှက်တာဆိုရင် ဥပဒေအရ ခုခံပိုင်ခွင့်
    ရှိတယ် ( ဦးကိုနီ တရားရုံးချူပ်ရှေ့နေ )

    ချမ်းငြိမ်းမိုး

  6. drkokogyi Says:

    Min Thet Naing added 4 new photos.

    ‪#‎အယုတ်တမာစစ်ခွေးတွေ‬ ယုတ်မာမူ့အပေါင်း သရဖူဆောင်းကြသော်အခါ ဒီမိုကရေစီ အမည်ခံ စစ်အစိုးရရဲ့ ပင်ကိုရုပ်သွင် ဘီးလူးဝတ်ရုံ ကွာကြသွားလေပြီ။

    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ဘောပင်ကိုင်ကျောင်းသား ကျောင်းသူလေးတွေကို အာဏာရူး စစ်ခွေးအစိုးရရဲ့ ခါးပိုက်ဆောင် နွားတပ်ဖွဲ့နဲ့ ထီလာမြို့ကြီး ဖျက်စီးခဲ့တဲ့ စွမ်းအားရှင်ခေါ် ကလေကဝ သူတောင်းစားတွေက ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ပြီး ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးခဲ့ကြတယ်။

    နိုင်ငံတကာ အဆင့်မှီ ပညာရေးစနစ်ကို ကျင့်သုံးပြဋ္ဌန်းမယ်ဆိုရင် ကူညီပါရစေဆိုတဲ့ ခွေးတပ်ဖွဲ့နဲ့ သူတောင်းစားအစုအဝေးဖြစ်တဲ့ စွမ်းအားရှင်တွေ လုံလုံလောက်လောက် ပေါ်ထွက်မလာတော့မှာက တကြောင်း၊ လူတိုင်းပညာတက်ဖြစ်ကုန်ရင် သူတို့ brain wash လုပ်မရပဲ သူတို့ရဲ့ စစ်အာဏာ သက်ဆိုးမရှည်တော့မှာ တကြောင်း၊ တိုင်းပြည်တိုးတက်လေလေ သူတို့ရဲ့ ဝင်ငွေတွေ ဆုတ်ယုတ်လာမှာဖြစ်တာက တကြောင်း၊ အစရှိတဲ့ အကြောင်းများစွာကြောင့် စစ်အစိုးရဟာ ကျောင်းသားသပိတ်ကို အစွမ်းကုန် ချေမှုန်းသွားမှာပါ။ ဒါဟာ မြို့တော်ရန်ကုန်ကို ဝင်လာမယ့် ပင်မ သပိတ်စစ်ကြောင်းကို ခြိမ်းခြောက်နမူနာ ပြလိုက်တာပါ။

    ပုံမှာပါရှိသလိုပဲ အပြစ်မဲ့ ကျောင်းသူ ကျောင်းသား လေးတွေဟာ ရုန်းမရအောင် လည်းပင်က ချုပ်ကိုင်ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူတို့ရဲ့ ပြစ်မူ့က ပညာရေးစနစ်ကို တိုးတက်ကောင်မွန်စေချင်တာ တခုတည်းပါ။ နိုင်ငံတိုးတက်ကောင်းစားစေချင်သူများရဲ့ အဓိကရန်သူဟာ လက်ရှိအာဏာရ မဲသူခိုး စစ်အစိုးရပါ။ ပညာရေးတိုးတက်စေလိုသူ မိဘပြည်သူ အပေါင်းရဲ့ အဓိကရန်သူဟာ စစ်အစိုးရပါ။ စစ်မှန်တဲ့ တရားဥပဒ စိုးမိုးရေးကို လိုလားနေကြတဲ့ မိဘပြည်သူ အပေါင်းရဲ့ အဓိကရန်သူဟာ စစ်အစိုးပါ။
    ရဟန်းရှင်လူ ပြည်သူပြည်သားအပေါင်းတို့….အစစ်အမှန်မဟုတ်တဲ့ အတုအယောင် ဒီမိုကရေစီ အရိပ်အောက်က ဖောက်ထွက်ကြပါလော့။

    နောင်မျိုးဆက်များ ကောင်းစားရေးအတွက် စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ပြီး စစ်အစိုးရကို ကျရာနေရာကနေ တွန်းလှန်တိုက်ထုတ်ကြပါလော့။
    Min ThetNaing

  7. drkokogyi Says:

    Myanmar Muslim Media added 7 new photos.
    2 hrs ·

    အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
    =============================================
    ယမန်နေ့ ညနေက ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် အကြမ်းဖက် ဖမ်းဆီးခံခဲ့ကြရသော မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသန့်၊ ဖိုးသား (ခေါ်) မောင်ဇော်လင်းထွဋ် ၊ မောင်ဇင်မင်းဖြိုး၊ မောင်ဟိန်းထက်အောင်၊ မောင်ပြည့်ဇော် နှင့် မတင်မေသော် တို့သည် ယနေ့ မတ်လ ၆ ရက်၊ နံနက် ၁၁း ၁၀ နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြူလုပ်ခဲ့ကြသည်။
    ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှ မနီလာသိန်း၊ မနုနုအောင် နှင့် ကိုမျိုးသန့်တို့က ရှင်းလင်းရာတွင် ” ၈၈မျိုးဆက် (ငြိမ်း/ပွင့်) အနေဖြင့် ကျောင်းသားများကို အကူအညီပေးရန် ရောက်ရှိစဉ်တွင် ယခုကဲ့သို့ အကြမ်းဖက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အနီရောင်လက်ပတ်များနှင့် အရပ်ဝတ်များက အရင်ဆုံး ထိုးနှက်၊ ကန်ကျောက်၊ ရိုက်နှက်ပြီးနောက် ရဲများကပါ နောက်ပိုင်းတွင် ၀င်၍ရိုက်နှက်ကြကြောင်း၊ ၄င်းတို့မှ မည်သို့မှ ခုခံကာကွယ် ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ ဖမ်းဆီးခံထားရချိန်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို ဂရုမထားဘဲ စစ်ဆေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင်မှ ဆရာဝန်ခေါ်ပေးကြောင်း နှင့် လက်ပတ်အနီဝတ် အရပ်သားများကို တာဝန်ပေးသူအား ဖော်ထုတ်ရန် ” တို့ကို ထည့်သွင်းပြောကြားသွားသည်။
    စီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း မတင်မေသော်ကလည်း ” လည်ပင်းကို အတင်းချုပ်ပြီး ဆွဲခေါ်သွားတဲ့အတွက် ကျွန်မ မကျေနပ်ပါဘူး။ တာဝန်ဆိုပြီး လက်ပတ်ပတ်ထားတဲ့ လူတွေက ဒီလိုမျိုး မြန်မာအမျိုးသမီးတစ်ယောက်ကို မတရားလုပ်လို့ရသလားလို့ သိချင်ပါတယ်။ လက်ပတ် ပတ်ထားတဲ့သူတွေကို ရဲတွေအနေနဲ့လဲ ဒီလိုမျိုး လုပ်ခွင့်ပြုထားလား ဆိုတာလဲ သေသေချာချာသိချင်ပါတယ်” ဟု ပြောကြားသွားသည်။

    မူရင်း link https://www.facebook.com/The88Generation/posts/627098120754286

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: