လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို


လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများက ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။

‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြောတာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။  လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။

မတ်လ ၅ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦး ခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရာအိမ်မှူးတစ်ဦးကပြောသည်။ ကြည့်မင်တိုင်တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ်တာဝန်ရှိသူများက အဆက်ဆက်အားကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ  အုပ်ချုပ်ရေးမှူးများက အခြားကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအတွင်းရောက်မှသာ ထိုအလုပ်ကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူတစ်ဦးကပြောသည်။

7 Day က အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏ နေရပ်လိပ်စာကိုသိခဲ့ပြီး ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရရှိထားသည်။

‘‘အမှန်တကယ် ဒါလုပ်ရမယ်လို့ မသိခဲ့ဘူး။ ဟိုရောက်တော့မှ မြို့တော်ခန်းမထဲပိတ်ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက်  ငွေကြေးတစ်စုံတစ်ရာ မရခဲ့ပါဘူး’’ဟု လက်ပတ်အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။

၎င်းအမျိုးသားမှာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုကြောင်း၊ ၎င်းအနေဖြင့် ကျောင်းသားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ်တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daily အား ပြောသည်။

‘‘ကျွန်မဗိုက်ထဲက မွေးလာမယ့် ကလေးတွေအတွက် အခုလို သူ့အဖေကို နာမည်ဆိုးမဖြစ်စေချင်ဘူး။ အမှန်တကယ် ဒီလိုလုပ်ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု လက်ပတ်အနီဝတ်အရပ်သားများတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဇနီးကဆိုသည်။

ထို့ကြောင့် အဆိုပါအမျိုးသားအပါအ၀င် အနီရောင်လက်ပတ်ဝတ်အရပ်သားများတွင် ပါဝင်သူနှစ်ဦးအား 7DAY က  မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်းရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ။‘‘မီးဘေးတုန်းက သွားလှူခဲ့တဲ့နေရာက သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ်ပင်ရေလောင်းသလိုဖြစ်တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မကောင်းဘူး။ လူနည်းစုပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ ပြည်သူအများစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍ စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြောသည်။

လက်ပတ်အနီဝတ် တာဝန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ကြောင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မခေါ်ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ် ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်တရားစွဲဆိုနိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ လူများကို နိုင်ငံတော်အစိုးရက အသိအမှတ်မပြု သလို လက်ရှိအာဏာရပါတီမှလည်း တာဝန်မခံကြောင်း၊  ယင်းတို့ကို ရှေ့နေများ ကွန်ရက်မှ ကာယိနြေ္ဒပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီကို လက်မခံဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။

ရန်ကုန်မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း တာဝန်ယူသင့်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်းကို သတ္တိရှိရှိဝန်ခံသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ပြည်သူကို မလိမ်ညာဘဲ ရိုးသားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို အစိုးရအနေဖြင့် တာဝန်မခံပါက အစိုးရအနေဖြင့် ရှေ့အလားအလာမကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့နေ ပြည်သူများမှာ အဆိုပါကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများကပင် အထင်အမြင်သေးစွာ ခွဲခြားဆက်ဆံခံနေကြပြီး ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီးရာတွင် အဆိုပါဒေသခံအချို့ ပါဝင်ကြောင်း သတင်းများပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင်သေးမှုများ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပြည်သူအချို့က ပြောသည်။

သို့သော် လက်ပတ်အနီဝတ်သူများမှာ ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများနှင့် အထောက်အကူပြုအဖွဲ့များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့သည်။

ဥပဒေနှင့်အညီ လက်ပတ်အနီဝတ်အရပ်သား အသုံးပြုခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေပြော

ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေကို လိုသလို အသုံးပြုမှု လက်မခံနိုင်ကြောင်း ၈၈ မျိုးဆက်တုံ့ပြန်

 မြို့တော်ခန်းမရှေ့တွင် ပင်မ သပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်လက်ပတ်အနီ ၀တ်ဆင်ထားသူများက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုများမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် မတ်လ ၈ ရက် တွေ့ဆုံရာ၌ ပြောကြား လိုက်ကြောင်း သတင်းရရှိသည်။

‘‘အကြမ်းဖက်ဖြိုခွင်းခံရမှုကို ဘယ်သူက တာဝန်ခံမယ်၊ ဘယ်လိုတာဝန်ယူ ဆောင်ရွက်သွားမယ်ဆိုတာကို ယတိပြတ်မပြော သွားဘူး။ အဓိကကတော့ အဲဒီဖြစ် စဉ်ကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ တာဆိုတာကို ရှင်းပြသွားတယ်’’ ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကို ထွန်းမြင့်အောင်ကပြောသည်။

သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းက ကိုလိုနီခေတ်တွင်  ပြဋ္ဌာန်းခဲ့ သော ဥပဒေဖြစ်သည့် ထိုပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊၁၂၈ တို့ကို ယခုကဲ့သို့ လိုရာဆွဲ ပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ်  လက်မခံနိုင်ကြောင်းနှင့် ယင်းသို့ အကြမ်းဖက်ဖြေရှင်းမှုကြောင့် မိန်းကလေးများ ကာယိနြေ္ဒပျက် စေခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ယင်းသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မတ်လ ၅ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် လက်ပံတန်း ၌ ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲများနှင့် တာဝန်လက်ပတ်နီဝတ် ဆင်ထားသူများက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများနှင့် ပတ်သက် ၍ မတ်လ ၈ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်သော တိုင်းအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ပိုင်းများ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးမြင့်ဆွေက ယင်းနေ့ဖြစ်စဉ်တွင် တာဝန်ရှိသူများက ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ တွင် တွေ့ဆုံမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ ပါရှိသည်။

တွေ့ဆုံမှုတွင် အကြမ်းဖက် ဖြိုခွင်းမှုများကို ကန့်ကွက်ကြောင်းနှင့် ယခင်အစိုးရလက်ထက်ကကဲ့သို့ အရပ်ဝတ်သူများကို အသုံးပြုကာ အကြမ်းဖက် ဖြို ခွင်းဖမ်းဆီးမှုများအပေါ် တာဝန်ယူမှုရှိသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တင်ပြခဲ့ကြောင်း  ကိုထွန်းမြင့်အောင်ကပြောသည်။

‘‘ကျွန်တော်တို့ကတော့ တစ်စုံတစ်ရာ တာဝန်ယူမှုရှိသင့်ကြောင်း ရပ်တည်ချက်ကို ပြောခဲ့တယ်။ ဒီမိုကရေစီ အစိုးရဆိုရင်တော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တာပေါ့’’ဟု ၎င်းကပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားကို သိရှိနိုင်ရန် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် အလုပ်သမားရေးရာများအား လိုက်လံဖြေရှင်းနေသော ဦးဇော်အေးမောင်သို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်း၌ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ တွေ့ဆုံမှုတွင် တစ်စုံတစ်ရာ သဘောတူညီချက်ရရှိခဲ့ခြင်းမရှိသော်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်လိုက်ခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်း မွန်သည့် အနေအထားတစ်ခုဖြစ် ခဲ့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန် ကုန်တိုင်းဒေသကြီးအတွင်း လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမားများနှင့် အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးကို ဆန္ဒပြသည့် ကျောင်းသားသပိတ်အား ထောက်ခံကြောင်း ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့ဝင် များနှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့သည်။

ယင်းသို့အကြမ်းဖက်ဖြိုခွင်းမှုများတွင် တာဝန်လက်ပတ်အနီ ပတ်ထားသည့် အရပ်ဝတ်လုံခြုံ ရေးများက ရိုက်နှက်ဖြိုခွင်းဖမ်း ဆီးမှုအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ရှုတ်ချလိုက်ပြီး ၎င်းတို့ကို တာဝန်ပေးသူအား ဖော်ထုတ်ပေးရန် နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် တောင်းဆိုထားသည်။

မတ်လ ၈ ရက် တွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင် ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကို ကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်နှင့် ဒေါ်မီးမီးတို့ ပါဝင်ခဲ့ကြသည်။

One Response to “လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို”

  1. drkokogyi Says:

    တစ်သက်လုံး မွေးတဲ့ကြက် တစ်မနက်တည်းနဲ့ ရိုက်သတ်
    (စိတ်ပျက်လက်ပျက်ရေးတဲ့စာ)
    By ကျော်ဝင်း စကားပလ္လင်

    စာရေးသူ၏ အမြဲတမ်းနှင့် ပင်တိုင်အလုပ်မှာ စာရေးဆရာ ဖြစ်ပါသည်။ နှစ်ပေါင်းငါးဆယ်မျှ ပျောက်ကွယ်သွားခဲ့ရသော ‘လွှတ် တော်’ ဆိုသည့် အင်စတီကျူးရှင်းတစ်ရပ် ပြန်လည်အသက်ဝင်ရေးတွင် တတ်စွမ်းသမျှ ကူညီသင့်သည်ဆိုသော အမြင်ဖြင့် ယခုလက်ရှိအလုပ် (အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင်) ကို လက်ခံဆောင်ရွက်နေသော်လည်း ယာယီမျှသာ သဘောထားပါသည်။ ယခုစာစုကို ကော်မရှင်အဖွဲ့ဝင်တစ်ဦးအနေနှင့်မဟုတ်ဘဲ စာရေးသူတစ်ဦးအနေဖြင့် ရေးခြင်းဖြစ်သည်။ အကယ်၍ ယခုစာက ကော်မရှင်အလုပ်ကို ထိခိုက်နိုင်သည်ဆိုလျှင် ထွက်စာတင်ဖို့ ဆုံးဖြတ်ထားပါသည်။

    အကြောင်းများ

    အမျိုးသားပညာရေးဥပဒေ ကို ကျယ်ကျယ်ပြန့်ပြန့် စတင် ဆွေးနွေးခဲ့ကြသည့် ၂၀၁၃ နှစ် လယ်ပိုင်းလောက်မှစ၍ လွှတ် တော်ရောက်လာသည်အထိ စိတ် ၀င်တစား စောင့်ကြည့်လေ့လာခဲ့ ပါသည်။ ဘ၀င်မကျသည့် အချက် အချို့ ပါသလောက်ပါသည့်တိုင် အကောင်းအဆိုး ဘာမှမရေးခဲ့ ပါ။ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားသော ကြောင့်ဖြစ်သည်။ (နောင်မှရေး မည်ဟု ‘တေး’ ထားတာတော့ ရှိသည်) အဆိုပါ ဥပဒေကို အ ကြောင်းခံ၍ ကျောင်းသားဆန္ဒပြ ပွဲများ ပေါ်ထွက်လာရာ စာနာစိတ် ဖြင့် စောင့်ကြည့်နေခဲ့သည်။ ပညာ ရေးကိုကျော်ပြီး အထွေထွေသ ပိတ်သို့ ဦးတည်လာနိုင်သည့် ရက်ဒီကယ်အန္တရာယ်ကို မြင်သ လောက်မြင်နေရသော်လည်း တစ် ခုမှ မရေးခဲ့ပါ။ ကျောင်းသားလူ ငယ်အများစု၏ ရိုးသားသောဆန္ဒ ကို လေးစားသောကြောင့် ဖြစ်ပါ သည်။ (တစ်ချိန်တွင်တော့ ဖြစ် စဉ်တစ်ခုလုံးကို အသေးစိတ် ရေး ရန် စိတ်ကူးရှိသည်)

    အစိုးရ၊ လွှတ်တော်၊ ဒီမိုက ရေစီပညာရေး လှုပ်ရှားမှု ဦး ဆောင်ကော်မတီနှင့် ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာကွန်ရက် (NNER) တို့၏ လေးပွင့်ဆိုင် သဘောတူညီချက်များကို ကြားရသောအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသော် လည်း စိတ်ချလက်ချ ဟင်းမချ နိုင်သေးပါ။ လွှတ်တော်၏ သ ဘောသဘာဝကို ဆင်ခြင်မိသော ကြောင့် ဖြစ်ပါသည်။ ဥပဒေပြုရေး အာဏာကို တာဝန်ယူရသော လွှတ်တော်မှာ အုပ်ချုပ်ရေးအာ ဏာကို ကိုယ်စားပြုသော အစိုးရ နှင့် မတူပါ။ အစိုးရ၏ ဆုံးဖြတ် ချက်တစ်ရပ်ကို နိုင်ငံတော်သမ္မတ (သို့မဟုတ်) သမ္မတက တာဝန် ပေးအပ်သူတစ်ဦးဦးက ကိုယ်စား ပြု ချမှတ်နိုင်သော်လည်း လွှတ် တော်တွင် ဤမျှမလွယ်ဟု နား လည်ရပါသည်။ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဋ္ဌ များသည်ပင် မိမိတစ်ဦးတည်းသ ဘောနှင့် ဆုံးဖြတ်လို့မရ။ လူထု ကိုယ်စားလှယ်အများစု မဲဖြင့် သာ ဆုံးဖြတ်ရမြဲဖြစ်သည်။ ဤသို့ ဆုံးဖြတ်ရန်အတွက်လည်း လွှတ် တော်တွင်းသာမက လွှတ်တော် ပြင်ပ သက်ဆိုင်ရာ ‘အကျိုးရှင်’ (Stakeholder) များနှင့်ပါ တတ် နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ညှိ နှိုင်းဖို့ လိုပါသည်။ သို့အတွက် လွှတ်တော်က ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန် အချိန်ကာလတစ်ခု အ မှန်ပင်လိုသည်။

    ဤသဘောများကို ရှင်းပြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး က ညွှန်ကြားချက်ပေးပါသည်။ ကျောင်းသားလူငယ်များ၏ လို လားချက်ကို အတတ်နိုင်ဆုံးလိုက် လျောဖို့၊ သို့တစေ လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ် နည်းဘောင်အတွင်းမှ ဆောင် ရွက်ဖို့၊ သို့ဖြစ်လင့်ကစား တတ်နိုင် သလောက် အမြန်ဆုံးဆောင်ရွက် ဖို့ စသဖြင့် ဤညွှန်ကြားချက်အ ရပင် မတ်လ ၅ ရက်မှ ၁၅ ရက် အတွင်း နားရက်၊ပိတ်ရက်မယူဘဲ အစုအဖွဲ့အသီးသီးနှင့် တွေ့ဆုံ ကြားနာဖို့ အစီအစဉ် လုပ်ကြ သည်။ တရားဝင် ထုတ်ပြန်ကြေ ညာသည်။ စာရေးသူမှာတော့ စိတ်ထဲက ‘ထင့်’ နေသည်။ ‘‘လွှတ် တော်ရဲ့ သဘောသဘာဝနဲ့ လုပ် ထုံးလုပ်နည်းကို ကလေးတွေ နား လည်ပါ့မလား။’’ ‘‘အချိန်ဆွဲတယ် လို့များ ထင်လေမလား …။’’ သည်လိုနှင့် မတ်လ ၅ ရက်သို့ ရောက်လာသည်။ ပထမဆုံး ကြားနာရမည့်နေ့။

    သတင်းဆိုးနဲ့ဖွင့်

    ပထမဆုံးအဖွင့်နေ့၏ နိုင်ငံ ရေးမိုးလေ၀သမှာ သာတောင့် သာယာ မရှိလှပါ။ သို့နှင့်တိုင် ပ ထမဆုံးတွေ့ရမည့်အဖွဲ့ (ဒီမိုက ရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ) မှ ကျောင်းသားလေး တွေ ရောက်လာတော့ မသာယာ သော မိုးလေ၀သကိုပင် တဒင်္ဂမျှ မေ့သွားသလိုရှိသည်။ မျက်နှာနုနု လေးတွေနှင့် တကယ့်ကလေး လေးတွေ။ ဘယ်သူမှ အသက် (၂၀) ကျော်ဟန်မရှိ။ သူတို့အမည် သက်ဆိုင်ရာ တက္ကသိုလ်နှင့် သင် တန်း၊ ကိုယ်စားပြုရာ အဖွဲ့အ စည်းတို့ကို တစ်ဦးချင်းစီက မိတ် ဆက်ကြသည်။ အားလုံး သိမ်သိမ် မွေ့မွေ့၊ ယဉ်ယဉ်ကျေးကျေး။ တက်ထောင်မောင်းနင်းပုံမျိုး တစ် ယောက်မှမရှိ။ တကသနှင့် မြေ လတ်ဗကသမှ ကျောင်းသားတွေ ချည်းဖြစ်သည်။ ဗကသကမူ လွှတ်တော်ကြားနာမှုကို မတက် ဟု မနက်ကပင် ဂျာနယ်ထဲမှာ ဖတ်ရသည်။

    အားလုံးကိုယ်စား စီးပွားရေး တက္ကသိုလ်မှ ကျောင်းသားလေး မောင်ဇေယျာလွင်က စကားပြော သည်။ သူတို့အခက်အခဲကို မျက် နှာညိုညိုဖြင့် တင်ပြခြင်းပင် ဖြစ် ပါသည်။ လေးပွင့်ဆိုင် ဆွေးနွေး ပွဲတွင် သူတို့လိုလားသော ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော် တင် ပေးပါမည်ဟု အစိုးရမှ ကတိပေး ခဲ့ပါကြောင်း၊ ယခုလွှတ်တော် တွင် ပြင်ဆင်ချက် နှစ်ခုရောက်နေသည်ဟု သိရပါကြောင်း၊ လွှတ် တော်မှ တစ်ခုကိုသာ လက်ခံသည် ဆို၍ ကျေးဇူးတင်ပါကြောင်း၊ ယ ခုလောလောဆယ် လက်ပံတန်း တွင်လည်း အခြေအနေမှာ တင်း မာနေပါကြောင်း၊ ဤအခြေအနေများကြောင့် မိမိတို့အနေနှင့် ဆွေးနွေးပွဲကို မတက်နိုင်တော့ပါ ကြောင်း၊ နောင်ခွင့်ပြုမည်ဆိုပါက တက်ရောက်ဆွေးနွေးလိုပါ ကြောင်း၊ လွှတ်တော်ကိုလည်း ကျေးဇူးတင်ပါကြောင်း …စသ ဖြင့်။ ထိုကလေး၏ မျက်နှာတွင် ယဉ်ကျေးမှုကိုလည်း တွေ့ရ သည်။ အားနာစိတ်ကိုလည်း မြင် နေရသည်။ စိုးရိမ်မကင်းဖြစ်မှုကို လည်း မှန်းဆ၍ရပါသည်။

    ပြန်ခါနီးတော့ သူတို့အားလုံး စာရေးသူကို လာနှုတ်ဆက်ကြ သည်။ လူနှင့်နာမည်တွဲမသိသည့် တိုင် အားလုံးလောက်ကိုတော့ မြင်ဖူးသလိုလိုရှိသည်။ စာရေးသူ မှာ သင်တန်းတော်တော်များများ တွင် စာသင်နေသူဖြစ်ရာ သင် တန်းတက်ဖူးသူတွေ ဖြစ်ပါလိမ့် မည်။ သူတို့အားလုံး မျက်နှာမ ကောင်း။ စာရေးသူလည်း ဘာ စကားမှ မဆိုနိုင်။ ကျောင်းဆရာ စိတ်၊ သားသမီးချင်း စာနာသည့် မိဘစိတ်တို့ဖြင့် လွှတ်ဟာကျန်ရစ် သည်။ ကလေးတွေ အန္တရာယ် ကင်းပါစေဟုသာ ဆုတောင်းနေရ သည်။ စာရေးသူ ဆုတောင်းမ ပြည့်ပါ။ ညနေရောက်တော့ သ တင်းဆိုးကို ကြားရသည်။

    ‘‘ရန်ကုန်မှာ ရိုက်ကုန်ပြီ၊ ဖမ်း ကုန်ပြီတဲ့။ ရဲတပ်ဖွဲ့ကမဟုတ်၊ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီ ပတ်အရပ်ဝတ်တွေက ၀င်ရိုက် တာတဲ့’’ ။ ညပိုင်းအွန်လိုင်းပေါ် တက်ကြည့်တော့ ဓာတ်ပုံတွေပါ မြင်ရသည်။ ရင်ဆို့စရာ။ ဆိုးလိုက်သည့်သတင်း။ မိုက်မဲလှသည့် လုပ်ရပ်။

    ဘက်စုံအမှား

    ‘‘ဘယ်ဘက်က ကြည့်ကြည့် ဘယ်လိုမှ မကောင်းနိုင်သည့် ဘက်စုံအမှား’’ ဖြစ်ပါသည်။ လုံခြုံ ရေးနှင့် တည်ငြိမ်ရေးအတွက် အ ရေးယူဆောင်ရွက်ရသည်ကို နား လည်ပေးလို့ ရနိုင်သည်။ သို့တ စေ နိုင်ငံရေးအရ အလွန်အကဲ ဆတ်သည့် အခြေအနေဖြစ်ရာ နိုင်ငံရေးအမြင်ဖြင့် ချဉ်းကပ်ကြည့် မြင်ဖို့ လိုသည်။ မည်သည့်နိုင်ငံ ရေး လှုပ်ရှားမှုမဆို ‘သဘောထား တင်းမာသူ’ (Radical) နှင့် ‘သ ဘောထားပျော့ပျောင်းသူ’ (mo-derate) ဟူ၍ရှိရာ ခွဲခြားကိုင်တွယ်ကြရသည်သာဖြစ်သည်။ အကိုင်အတွယ်မှားလျှင် ပျော့ပျောင်းသူများပင် တင်းမာသူဖြစ်သွားနိုင် သည်။ ယခု အဖမ်းခံရသည့် အ ရိုက်ခံရသူအများစုမှာ တကသ များဟု သိရသည်။ ယေဘုယျအား ဖြင့် တကသ အများစုမှာ ကျောင်း သားစစ်စစ်တွေဖြစ်သည်။ ပညာ ရေးဥပဒေကို ရိုးသားစွာ ပြင်ဆင် လိုသူတွေသာ များသည်။ ဒါကို တော့ သိဖို့ကောင်းသည်။ ဒါမှမသိ လျှင် နိုင်ငံရေး အမြော်အမြင်မဲ့ရာ ရောက်သည်။ မနက်က လွှတ် တော်ရောက်လာသော ကလေးအချို့ပင်ပါသည်ဟု ကြားရသည်။ ပိုဆိုးသည်။

    နောက် လုပ်ပုံလုပ်နည်း။ အ ရပ်သားတွေကို ၀င်ရိုက်ခိုင်းသည့် ကိစ္စ။ ဒါကို ပုဒ်မ ၁၂၈ နှင့် ညီပါ သည်ဆိုသော ဖြေရှင်းချက်က ပို ၍ပင် သိက္ခာကျစေသည်။ ဤပုဒ် မမှာ ကိုလိုနီခေတ်က ဥပဒေဖြစ် သည့်တိုင် နယ်ချဲ့အစိုးရသည်ပင် ဤပုဒ်မကို ကာယကံမြောက် မ ကျင့်သုံးခဲ့။ ဗိုလ်အောင်ကျော် ကျ ဆုံးရသည်မှာ မြင်းတပ် (ပုလိပ် တပ်)က နံပါတ်တုတ်နှင့် ရိုက်၍ ဖြစ်သည်။ မန္တလေး အာဇာနည် ၁၇ ဦးကိစ္စမှာလည်း ရာဇ၀တ်တ ရားသူကြီးတစ်ဦး၏ ကြီးကြပ်မှု ဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းဖြစ် သည်။ အရပ်ဝတ်ဖြင့် ၀င်ရိုက်တာ မျိုး မရှိခဲ့ပါ။ ကိုယ့်အမျိုးသား အ စိုးရလက်ထက် အထူးသဖြင့် ဒီမိုကရေစီအပြောင်းအလဲကို ဦး ဆောင်ပုံဖော်နေသော အစိုးရလက်ထက်တွင်မှ ဤပုဒ်မကို ထုတ်သုံးသည်မှာ ရုပ်ပျက်လှသည်။ ထို့ထက် ဥပဒေပုဒ်မတစ်ခု ကို ကြိုက်သလို ဆွဲထုတ်၍ လိုသ လို အဓိပ္ပာယ်ဖွင့်လို့ရသည်မဟုတ် ပါ။ ပုဒ်မ ၁၂၈ ကိုပြောလျှင် ပုဒ်မ ၁၂၇ ကို ချန်ထားလို့မဖြစ်။ ပုဒ်မ ၁၂၇ (၁) အရ လူစုခွဲလို့ မအောင် မြင်မှ ပုဒ်မ ၁၂၈ ကို ကျင့်သုံးရ သည်။ ပြီးတော့ အချိန်ရွေးချယ်မှု မှာလည်း စိတ်ပျက်စရာကောင်း လောက်အောင် ဆိုးပါသည်။ နေ ပြည်တော်တွင် လွှတ်တော်မှ ကြား နာမှုများလုပ်နေချိန်၊ ရန်ကုန်တွင် ရိုက်ကုန်ပြီဆိုတာ ဘယ်လိုမှ မ သင့်လျော်ပါ။ ရိုးသားသူများပင် ‘အချိန်ကိုက်လုပ်လေသလား’ သံ သယပွားစေနိုင်သည်။ မရိုးသားသူများအတွက်လည်း တိုက်ကွက်ပေးရာရောက်သည်။ လွှတ်တော်မျက်နှာငဲ့ဖို့တော့ ကောင်းပါသည်။

    အဆိုးဆုံးကား အကျိုးဆက် ပင်။ ဆယ်စုနှစ်ပေါင်းများစွာ မှား ယွင်းသော ပေါ်လစီ၊ မှားယွင်း သောလုပ်ရပ်များကြောင့် အစိုးရ နှင့်လူထုကြား ယုံကြည်မှု ပျောက် ဆုံးနေခဲ့သည်မှာ ကြာတောင့်ကြာ ရှည်ရှိခဲ့ပါပြီ။ ဤသို့ ပျောက်ဆုံး နေသော ယုံကြည်မှုကို ပြန်လည် အဖတ်ဆယ်နိုင်ရန် သမ္မတကြီး ဦး သိန်းစိန် ခေါင်းဆောင်သော အစိုး ရသစ်အနေဖြင့် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသည်မှာလည်း အများအမြင်ပင်ဖြစ်သည်။ ဤကြိုးစားမှု ၏ ရလဒ်ကြောင့် ၂၀၁၂ နောက်ပိုင်း ယုံကြည်မှုလမ်းစ ပြန်ပေါ်လာ သော်လည်း ၂၀၁၃ နှောင်းပိုင်းမှ စ၍ ပြန်လည်ယိုယွင်းလာရာ လက်ရှိအခြေအနေမှာ ထိလွယ်ရှ လွယ် အနေအထားဖြစ်သည်။ ဤ အနေအထားတွင်မှ ယခုရိုက်ပွဲက ချိန်ခါသင့်ပေါ်လာရာ ‘တစ်သက် လုံးမွေးတဲ့ကြက် တစ်မနက်တည်း နဲ့ ရိုက်သတ်’ဆိုသလို ဖြစ်သွားသည်။ ‘ သမ္မတကြီး၏ နိုင်ငံရေးစန်း’ကို အခြေမှကိုင်လှုပ်လိုက် သလို လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကိုပါ ဆိုးဆိုးရွားရွားထိခိုက် နိုင်စရာရှိသည်။ ဘာလုပ်ကြမည် နည်း။ မှားပြီ။ အကြီးကြီးမှားသွား ပြီ။ ပြင်ဖို့မလွယ်သည့်တိုင် မဖြစ် မနေပြင်ရပါလိမ့်မည်။ ရိုးသားဖို့ တော့လိုသည်။ တော်ရုံတန်ရုံ ရိုး သားလို့မရ။ ရက်ရက်စက်စက် ရိုးသား (brutally honest) မှ တော်လိမ့်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: