ကြံ့ဖွတ်သစ္စာ မုသားသာတည်း

သမဂ္ဂ

ကြံ့ဖွတ်သစ္စာ မုသားသာတည်း
===================
(လက်ပံတန်း သပိတ်ဆောင်းပါး အပိုင်း ၁)

ကျောင်းသားတွေက လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ လွှတ်တော်ကို ဘာ့ကြောင့်ထည့်သွင်းခဲ့သလဲ။ အုပ်ချုပ်သူတွေက အစိုးရနဲ့ လွှတ်တော် ၂ ခုခွဲကစားနေလို့။ လွှတ်တော်ပါမှ ပြီးမှာမို့။

ဒီလိုညစ်မယ်သိလို့ ဒီလိုထည့်ထားတဲ့ကြားက ခုတော့ ညစ်မိအောင် ညစ်လိုက်သေးတယ်။

အစိုးရက အားလုံး သဘောတူပါတယ်လို့ အသံပေးပြီး လွှတ်တော်ကနေ အားလုံးပယ်ချဖို့ ကြံစည်တယ်။ အစိုးရကိုယ်တိုင်က သဘောတူရတာကလည်း ကျောင်းသားတွေက ဖိအားပေးလို့ပါဆိုပြီး ပြောတယ်။

လေးပွင့်ဆိုင်ဆွေးနွေးတယ်။ ဆွေးနွေးပြီး သဘောတူတာတွေကို လက်မှတ်လည်း ရေးထိုးတယ်။ လက်မှတ်ရေးထိုးပြီးကာမှ သဘောတူချင်လို့ တူရတာ မဟုတ်ပါဘူး၊ ဖိအားပေးလို့ပါလို့ ပြောပြီး ဆန့်ကျင်မှုအမျိုးမျိုးလုပ်တယ်။ ဘာများ ယုံကြည်ချင်စရာရှိသေးသလဲ။

ကျောင်းသားတွေကို အရေးမယူပါဘူးလို့ ကတိပေးတယ်။ လက်မှတ်လည်း ထိုးထားတယ်နော်။ အဲ…. အခုတော့ ကျောက်ဆည်မှာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တယ်။

စစ်အာဏာရှင်ဆိုတာ တသက်လုံးလိမ်တဲ့လူတွေပဲ။ ဒီအစိုးရကို ကျနော်ဘယ်တော့မှ မယုံဘူးဆိုတဲ့ ဦးဝင်းတင်ရဲ့ စကားဟာ မှန်လိုက်တာ။

ဟောဒီစစ်အာဏာရှင်တွေဟာ တနိုင်ငံလုံးကို ရွေးကောက်ပွဲလုပ်မဲထည့်ခိုင်းပြီးတော့မှ ဦးကြည်မောင် ပြောလိုက်တာကို ကြောက်သွားလို့ပါ၊ သူတို့လုပ်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အကြောင်းပြုပြီး စစ်ခုံရုံးတင်မှာစိုးလို့ပါဆိုပြီး ရွေးကောက်ပွဲ ကတိကိုဖျက်ခဲ့ဖူးတယ်။ မဲဆန္ဒရှင်အားလုံးကို လိမ်တာပဲ။ မဲဆန္ဒရှင် အားလုံးအပေါ် ကတိဖျက်တာပဲ။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ကျောင်းသားခေါင်းဆောင်တွေကို မဖမ်းပါဘူးလို့ လက်မှတ်ထိုး ကတိပေးပြီးတော့လည်း နောင်မှာ အဲဒီကျောင်းသားတွေ အားလုံးကို ဖမ်းခဲ့ဘူးတယ်။

ကတိပေးတယ်။ ကတိပေးပြီး စစ်ခုံရုံးတင်မှာကြောက်လို့ ဖျက်ပါတယ်ပြောတယ်။ ကတိပေးတယ်။ ကတိပေးပြီး ဖိအားပေးလို့ ကတိပေးရတာလို့ ပြောတယ်။

နောက်တခါ ကတိပေးရင်ရော ယုံရမှာလား။ နောက်တခါ ကတိပေးပြီးရင်လည်း ကျနော့်သမီးလင့်နောက်လိုက် သွားလို့ ကတိဖျက်ရပါတော့မယ်လို့ ဆင်ခြေပေးချင်ပေးဦးမှာပဲ။ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ၊ သူတို့ညစ်ချင်ရင် တခုခုပြောပြီး ညစ်လိုက်တော့တာပဲ။

ကြံ့ဖွတ်သစ္စာမုသားသာတည်းလို့ ဆိုရပေလိမ့်မယ်။ စစ်သားသစ္စာ မုသားသာတည်းလို့ ဆိုရပေလိမ့်မယ်။

အခု ကျောင်းသားတွေကို လက်နက်အင်အားအပြည့်လူအင်အားအပြည့်နဲ့ ပိတ်ထားတယ်။

တနိုင်ငံလုံးကန့်ကွက် ဆန္ဒပြကြတယ်။

ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြတော့ ထောင်ထွက်ပူပူနွေးနွေးတွေ၊ အလုပ်လက်မဲ့ ကလေကချေတွေကို ပိုက်ဆံပေးပြီး ရိုက်ခိုင်းတယ်။

ကျောင်းသားတွေ ဘာလုပ်ရမလဲ။

နေပူကျဲကျဲမှာ ဒုက္ခခံပြီး အစာငတ်ရေပြတ်နဲ့ အသေခံကြရမလား။

တသက်လုံးထောင်ချခံထားရသလို ဘုန်းကြီးကျောင်းထဲမှာ တရားမဝင်အကျယ်ချုပ် အကျခံနေရမလား။

ဒါမှမဟုတ် အမျိုးသားပညာရေး ရည်မှန်းချက်ကြီးကို စွန့်လွှတ်ပြီး အရှုံးပေးအိမ်ပြန်ကြရမလား။

သူတို့အိမ်ပြန်သွားကြရင်တော့ အမျိုးသားပညာရေး ရည်မှန်းချက်ကြီး ဆုံးရှုံးပြီဆိုတာ သိပ်သေချာနေပါပြီ။ အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို ထောက်ထားရင် သိပ်သေချာနေပါပြီ။ သက်သေတွေ အထောက်အထားတွေ အများကြီး ချပြစရာ ပြောစရာတွေ ရှိပါတယ်။ သိပ်စာရှည်သွားမှာစိုးလို့ အကုန်တန်းစီ မရေးတော့တာပါ။

ကဲ….ဒီတော့ ကျောင်းသားတွေ ဘာလုပ်ရမလဲ။

ကျောင်းသားတွေ ဘာရွေးသင့်တယ်ထင်သလဲ။

မိတ်ဆွေတို့ စဉ်းစားကြည့်ကြပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: