စွမ်းအားရှင် …အာဏာပိုင်တွေ က လူစုလျှို့ဝှက်သင် တန်းပေးထားတဲ့ လက်မရွံ့လူ မိုက်တွေ

ဘယ်ရောက်သွားလဲ သစ္စာ သမာဓိ သတ္တိ

By ဘွားမေ  2015-03-16

စွမ်းအားရှင်တဲ့။ နာမည်လေးက လှမှလှ…။ကဗျာလည်း ဆန်ပါ့။ ကြီးမားတဲ့ခွန်အားတွေ၊ အစွမ်းတွေကို ပိုင်ဆိုင်သူလို့ အဓိပ္ပာယ် ဖွင့်လို့ရပါတယ်။ နာမည်ကြားရုံနဲ့အားကိုးချင်စိတ်တွေပေါ်လာပြီး ကူပါဦး၊ ကယ်ပါဦးလို့ အကူအညီ တောင်းခံချင်စရာ သူရဲကောင်း ကြီးများပေါ့.. ။ ဟိုတစ်စုကလည်း ‘‘ရဲ’’တဲ့။ ရဲဝံ့တဲ့နှလုံးသားနဲ့ ကူညီပါရစေဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ အဖွဲ့အစည်းလေ။ အဲဒီသူရဲကောင်းတွေက ရန်ကုန်မှာ အစွမ်းပြပြီး ရဲဝံ့သူတွေကလည်း လက်ပံတန်းမှာ လက်ကုန်ထုတ်ရိုက်နှက်လိုက်ကြတာများ ကမ္ဘာကိုကျော်လို့..။

အထူးသဖြင့် လက်ပံတန်းမှာ ရဲက ရော်ဘာတုတ်နဲ့ ရိုက်နှက်နေလိုက်ပုံများ.. ခံရတဲ့ကလေးတွေ၊ သတင်းထောက်တွေ၊ ဝန်းရံတဲ့ အရပ်သား တွေမှာပြားလို့.. ။ မသကာတစ်ချက်၊ နှစ်ချက်ရိုက်လို့ တစ်ဖက်သားက နာကျင်ပြီးမလှုပ်နိုင်တော့ ရင်  ရပ်ပြီး ကားပေါ်တင်ပါတော့လား…။ ဟုတ်ပေါင်အငြိုးတကြီးနဲ့ တစ်ယောက်ကိုလေးယောက်က ဝိုင်းရိုက်နေလိုက်ကြတာ.. ၊ အားကိုလက်မောင်းမှာ အကုန်ထည့်ပြီး တုတ်ကိုတအားမြှောက်ပြီးမှ ဆင့်ကဲဆင့်ကဲရိုက်တာ.. ။ ဒါနိုင်ငံခြားက လာသင်ပေးတဲ့ ပညာတွေလား.. ၊ အဓိကရုဏ်း နှိမ်နင်းရေးပညာဆိုတာ ဒီလိုမျိုးတွေလား.. ၊ သင်ပေးတဲ့သူတွေပဲ မေးရမလား၊ လက်တွေ့အသုံးချလိုက်တဲ့ ရဲတွေကိုပဲ မေးရမလား။

ကျွန်မက ဘယ်ပါတီဝင်မှ လည်းမဟုတ်တဲ့ သာမန်ပြည်သူ တစ်ယောက်ပါ။ အငြိမ်းစားဝန် ထမ်းတစ်ယောက်ပါ။ ဒါပေမဲ့ စာဖတ်တယ်၊ ဖတ်တာမှ နှစ်တန်း၊ သုံးတန်းကတည်းက အပြင်စာ တွေဖတ်လာတာ အခု အသက် (၇၅)နှစ်ရှိပါပြီ။ အိမ်မှာ နေ့စဉ် ဂျာနယ်၊ သတင်းစာ လေးမျိုး လောက်ဝယ်ပါတယ်။ ဒီတော့ ခေတ်ကိုမျက်ခြည်မပြတ်ဘူးပေါ့။ နောက်ပြီး သားသမီးတွေမှာလည်း ဖုန်းတွေ၊ တက်ဘလက်တွေ ကိုယ်စီနဲ့ဆိုတော့ ဖြစ်ပျက်သမျှ မိနစ် ပိုင်းအတွင်း မြင်ရ၊ တွေ့ရတာ ကလား။

စွမ်းအားရှင်ဆိုတာ တရား ဝင်အဖွဲ့အစည်းတစ်ခုလား၊ ဘယ် သူဖွဲ့တာလဲ။ လစာနဲ့လား၊ နေ့စားလား။ အရင်ကတော့ စွမ်း အားရှင်ဆိုတာ အာဏာပိုင်တွေ က လက်တို့လူစုလျှို့ဝှက်သင် တန်းပေးထားတဲ့ လက်မရွံ့လူ မိုက်တွေလို့ သိခဲ့ရတယ်။ ခုခေတ် မှာ မရှိတော့ဘူးထင်ရာက  မတ်လ၅ ရက် ရန်ကုန်မှာကို ဘွားခနဲပြန် ပေါ်လာခဲ့တာ။ စွမ်းအားရှင်လို့ တော့ တရားဝင်မခေါ်ဘူးတဲ့။ အခုခေါ်တာ လူမှုအထောက် အကူပြုအင်အားစုဆိုလား.. ဘာထူးမှာလဲ ကုလားကြီးနဲ့ အရာကြီးပေါ့ရှင်။

ခက်တာက မီဒီယာခေတ် ကြီးဖြစ်နေတော့ သူတို့ပုံတွေ စာ စောင်တွေနဲ့ အင်တာနက်မှာ ပြူး ပြူးကြီးပါလာတော့ ခမျာတွေ လည်း ချက်ချင်းဝဋ်လည်တော့ တာပဲ။ မှတ်မိလို့ အရပ်က ဝိုင်း ရိုက်ခံရတဲ့သူနဲ့၊ အိမ်မပြန်ရဲတဲ့သူ နဲ့၊ လာမေးတဲ့သတင်းထောက်ကို ဆီးရိုက်ပြီး ထွက်ပြေးတဲ့သူနဲ့.. အိုကွယ်။ ဒါတွေလည်း မဖြစ်သင့် ပါဘူး။ အိမ်ကြက်ချင်း အိုးမဲ သုတ်ခံရသလိုတော့ ဖြစ်နေပြီမို့ မလုပ်ကြဖို့ ကျွန်မတောင်းပန်ပါ တယ်။

လက်ပတ်အနီတွေကိစ္စ ဂယက်မငြိမ်သေးခင်မှာပဲ မတ်လ၁၀ ရက် လက်ပံတန်း အဖြစ် ထပ်မြင်လိုက်ရပြန်တော့ ကျွန်မအသက်ရှူရပ်မတတ် ခံစားလိုက်ရပါတော့တယ်။ ရုပ်သေ တွေရော ရုပ်ရှင်တွေပါ မြင်လိုက်ရတော့ ဘယ်သူလွန်သလဲဆိုတာ ထင်ရှားလှပြန်ပါရဲ့။ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်လက်ကိုင်ပြုထားတဲ့ ပြည်သူ့ရဲတွေက လက်နက်မဲ့ကလေးတွေကို အသားပေါ်သလို တုတ်နဲ့ဆင့်ကဲဆင့်ကဲရိုက်၊ ဒေါသတကြီးနဲ့ ခုန်ကန်လိုကန်၊ ကားကိုလည်း ထုခွဲဖျက်ဆီးနဲ့ သူတို့အချင်းချင်းတောင် ပြန်လိုက်ဆွဲနေရတယ်။ သတင်းထောက်တွေကိုလည်း ဝိုင်းရိုက်၊ သံဃာတော် တစ်ပါးကိုလည်း ညာသံပေးလိုက်နဲ့ ဆူညံပွက်လောရိုက်ပြီး ကမ္ဘာပျက်သလိုပဲ။ မြန်မာပြည်မှ ဟုတ်ပါလေစလို့တောင် တွေးမိတယ်။

တကယ်တော့ ရဲဆိုတဲ့အဖွဲ့ အစည်းဟာ အင်္ဂလိပ်ခေတ်ကစ လို့ နာမည်ပျက်ခဲ့တာပါ။ လာဘ် စားတယ်၊ အနိုင်ကျင့်တယ်ဆိုတဲ့ ဂုဏ်ပုဒ်မျိုးတွေနဲ့ပေါ့။ ဒါပေမဲ့ အဲဒီလို နာမည်ပျက်ခဲ့တဲ့ အတိတ် က ရဲနဲ့လူထု အခြေအနေလေး နည်းနည်းပြန်ပြောပါရစေ။ ဘာ ကြောင့်လဲဆိုတော့ ကျွန်မက ရဲ တစ်ယောက်ရဲ့သမီးဖြစ်ပြီး မွေး ကတည်းကနေ အသက် (၂၂)နှစ် အထိ (၁၉၆၂-၆၃ အထိ) ရဲစခန်း ထဲမှာပဲ ကြီးပြင်းခဲ့တာမို့ပါ။ ဧရာ ဝတီတိုင်းထဲက အိမ်ခြေရာဂဏန်း ရှိတဲ့ တောရွာဂါတ်ကလေးတွေ ကနေ အိမ်ခြေထောင်ဂဏန်းရှိ တဲ့ ရွာကြီးမြို့ဂါတ်တဲတွေအထိ နေခဲ့ဖူးပါတယ်။

အဲဒီတုန်းက ရဲလို့ခေါ်သေးဘဲ ပုလိပ်လို့ခေါ်တုန်းပါ။ယောက်ျားအဆုံး ပုလိပ်၊ မိန်းမအဆုံး ကွိတ် (ပြည့်တန်ဆာ)လို့ နှိမ်ချလေ့ရှိကြ ပါတယ်။ ဌာနအုပ်ဖြစ်တဲ့ ကျွန်မ အဖေက ဒါမျိုးကြားရင် အင်မတန်ခံပြင်းပါတယ်။ ငါးခုံးမ တစ် ကောင်ကြောင့် တစ်လှေလုံးပုပ် တာပဲ။ ငါ့ဂါတ်မှာတော့ ငါးခုံးမ တွေမရှိစေရဘူးလို့ ကြုံးဝါးလေ့ရှိ ပါတယ်။ ရဲသားတွေကို အမှုရှာ ဖမ်းတာမျိုး၊ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ လှည့် ပိုက်ဆံတောင်းတာမျိုး မလုပ်ဖို့ တင်းတင်းကျပ်ကျပ်တား ထားပါတယ်။ ရွာထဲမှာ ကြက်ဝိုင်း၊ဖဲဝိုင်းမလုပ်ရလို့ အပြတ်ကြေညာ ထားပါတယ်။

တရားခံများနဲ့ပတ်သက်ရင် လည်း ရိုက်နှက်စစ်မေးတာမျိုး ရှောင်ပါတယ်။ အချုပ်ခန်းထဲ ထည့်ပြီး ချော့ကာခြောက်ကာ မေးတာတော့ ထုံးစံပေမယ့် အခု ခေတ်လို အငြိုးတကြီးရိုက်နှက် စစ်မေးတာမျိုး လုံးဝမရှိစေရပါ ဘူး။ အချုပ်သားနဲ့ပတ်သက်လို့ အကျွေးအမွေးက အိပ်စိုက်ဖြစ်နေ ပါသေးတယ်။ မြို့ဂါတ်ကြီးတွေ မှာ အချုပ်သားကို ထမင်းကျွေးဖို့ ကန်ထရိုက်စနစ်ရှိပေမယ့် တော ဂါတ်ကလေးတွေမှာတော့ အချုပ် သားကျွေးမယ့်  ထမင်းကန်ထရိုက် လည်း ဘယ်ရှိပါ့မလဲ။ အချုပ် သားမိသားစုကလည်း အဝေးက ဖြစ်နေရင် လူလူချင်းစာနာစိတ်နဲ့ ကျွန်မတို့ မိသားစုက အဓိကစိုက် ပြီး ဘဲဥဟင်း၊ ငါးပိတို့စရာလောက်နဲ့တော့ ကျွေးပါတယ်။ အလှူလို့ သဘောထားပါကွာဆိုပြီး အဖေက အမေ့ကို တရားချပါတယ်။ အသေးအဖွဲခိုးမှုတို့၊ ဆဲဆို ရိုက်နှက်မှုတို့လောက်တော့ တစ်ပတ်လောက်ချုပ်ထားပြီး ကြိမ်းမောင်းပညာပေးဆုံးမ ပြန်လွှတ်လေ့ရှိပါတယ်။

အမှုကြီး (ဓားပြုမှု၊ မုဒိမ်းမှု) လိုမျိုးတော့ မြို့ကြီးကိုပို့ပေးရပါ တယ်။

အဖေပြောပြဖူးတဲ့ POLICE ရဲ့အရှည်က P=Polite (ရည်မွန် ယဉ်ကျေးသော)၊ O=Obedient (သစ္စာရှိသော)၊ L=Liable (ဥပဒေအရ တာဝန်ရှိသော)၊ I=Intelli-gent (စုံစမ်းထောက်လှမ်းတတ် သော)၊ C=Courageous (ရဲဝံ့ စွန့်စားသော)၊ E=Enargetic (အားစိုက်ထုတ်သော)ဆိုတဲ့ အလွန်မွန်မြတ်တဲ့ အဓိပ္ပာယ်တွေ စုဝေးထားတာတဲ့။ အခုတော့ အဲဒီစကားလုံးတွေထဲက  ဘယ်နှခု လုပ်နိုင်တဲ့ ရဲတပ်ဖွဲ့ဖြစ်နေပါ လိမ့်။

ကျွန်မ ဖေဖေဝတ်ခဲ့တဲ့ ယူနီ ဖောင်းအင်္ကျီမှာတပ်တဲ့ ကြယ်သီး တစ်လုံးသိမ်းထားတာ အခုထိရှိ သေးလို့ ပြန်ကြည့်မိတော့ တစ် လက်မပတ်လည်လောက်ရှိတဲ့ ကြယ်သီးလေးဘေးအနားနှစ် ဖက် ဝန်းယှက်နေတဲ့ ပန်းခက်နှစ် ခုဆုံရာမှာ ခြင်္သေ့သုံးကောင် ဖိုခုံ လောက်ဆိုင်နေတဲ့ ပုံလေးတွေ့ ရတယ်။ အလယ်တည့်တည့်မှာ တော့ ရဲဆိုတဲ့ စာလုံးအကြီးကြီးကို ဖောင်းကြွပုံစံနဲ့ ထွင်းထုထားပြီး သစ္စာ၊ သမာဓိ၊ သတ္တိဆိုတဲ့ စာလုံး လေးတွေကအောက်ခြေမှာ ဝန်းရံ ထားပြန်ရော.. ။ ဒါခေတ်ဟောင်း ရဲတပ်ဖွဲ့ရဲ့ တံဆိပ်ဖြစ်ပြီး တံဆိပ် ခံ့ခံ့ လူပုံကြွားကြွားနဲ့ ယူနီဖောင်း စနစ်တကျ ဝတ်သွားရင် တကယ့်ကို လူရှိန်စရာပါ။ အခုခေတ် လောက် ရဲကို တူးတူးခါးခါးမုန်းမနေဘူးဆိုတာလည်း အမှတ်ရတယ်။

ဖဆပလခေတ် မန္တလေးဆပ် ကျောင်းဆင်းဖြစ်ပြီး ဘာနိုင်ငံရေး အသွေးအရောင်မှမရှိတဲ့ အဖေ က သူ့တပ်သားတွေကို ရဲတံဆိပ် နဲ့ Police ဆိုတဲ့ အခေါ်အဝေါ်တွေ အကြောင်း အသေးစိတ်ရှင်းပြပြီး ရဲဆိုတာ အဲဒီလိုအရည်အချင်း တွေနဲ့သာပြည့်စုံရင် လူတွေက အလိုလိုလေးစားလာလိမ့်မယ်။ သူများတွေကဲ့ရဲ့ရုံနဲ့ စိတ်ဓာတ်ကျ ပြီး ထင်ရာမစိုင်းဖို့နဲ့ စည်းနဲ့ကမ်း နဲ့ ဂုဏ်သိက္ခာရှိရှိ ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်အောင် ကြိုးစားရ မယ်လို့လည်းပြောပါတယ်။ သစ္စာ၊သမာဓိ သတ္တိဆိုတာ ပြည်သူတွေ အတွက်ထားရှိရမယ့် ကတိ ကဝတ်နဲ့ ကျင့်ဝတ်စောင့်ထိန်း ချက်တွေဖြစ်ပြီး ရဲတွေမကောင်း ဘူး။ လာဘ်စားတယ်။ လူထုကို အနိုင်ကျင့်တယ်ဆိုတဲ့ သတင်း တွေကိုချေဖျက်ဖို့ ကြိုးစားခဲ့တဲ့သူ တွေ အဲဒီခေတ် ရဲတပ်ဖွဲ့ထဲမှာရှိ ခဲ့ပါတယ်။ကျွန်မအဖေရဲ့ အထက် အရာရှိတစ်ဦးကို မှတ်မိနေပါ သေးတယ်။ အရေးပိုင်ရုံးစိုက်ပြီး ခရိုင်ဝန်ပါအုပ်ချုပ်တဲ့ ကျွန်မတို့ မြို့လေးမှာ ခရိုင်ရဲဝန်ကြီးထက် တစ်ဆင့်ပဲနိမ့်တဲ့ အဲဒီအရာရှိကြီး ဟာ တော်တော်ခေတ်မီပါတယ်။ လူရည်လူသွေးခံ့မှ၊ ယူနီဖောင်း တွေသန့်မှ လူလေးစားမှာဆိုတဲ့ ခံယူချက်နဲ့ သူ့လက်ထက်မှာ ရဲ သားကနေ အရာရှိအထိ တာဝန်ချိန်မှတစ်ပါး ကျန်းမာရေးလေ့ကျင့် စေပါတယ်။ အပြေးလေ့ကျင့်၊ ကိုယ်လက်လှုပ်ရှား၊ ဘောလုံးကန် စတာတွေလုပ်ခိုင်းပြီး ထူးချွန်သူ ကို ဆုပေးပါတယ်။ ပြီးတော့ ယူနီ ဖောင်းတွေလည်း အမြဲတမ်း ကော်တောင့်ပြီး စမတ်ကျနေ အောင် ဝတ်ရပါတယ်။ ခါးပတ် လျော့လျော့နဲ့ ကြယ်သီးအပြည့် မတပ်တာမျိုးဆိုရင် ရာထူးကြီး ငယ်မရွေး အဆူခံရပါတယ်။ လာဘ်စားတာပျောက်အောင်ဆို ပြီး အိမ်တိုင်း စားပင်၊ သီးပင်စိုက် ရပါတယ်။ မျိုးစေ့တွေကို ထောင် စိုက်ခင်းက တောင်းပေးပါတယ်။

လေး၊ ငါးလအတွင်း ရဲတွေ အားလုံးလိုလို ပုံစံပြောင်းလာပါ တယ်။ ယူနီဖောင်းတောင့်တောင့် လေးတွေနဲ့ တက်ကြွလာကြပါ တယ်။ ရဲစခန်းဝင်းထဲ ရေလည်း ပေါ၊ မြေလည်းပေါတော့ အသီး အနှံတွေလည်း ဖြစ်ထွန်းပါတယ်။ အသီးအနှံပြိုင်ပွဲမျိုးတောင် လုပ် ပေးလိုက်ပါသေးတယ်။ ပဲများ များစားဖို့လည်း တိုက်တွန်းပါ တယ်။ အိမ်တွေ သန့်ရှင်းတောက် ပြောင်အောင်လည်း ထားရပါ တယ်။ တစ်လတစ်ခါလည်း စစ် ပါတယ်။ ဘယ်နေ့စစ်မယ် ကြို မပြောဘဲ ရုတ်တရက်ရောက်ချ လာပြီး လျှောက်ကြည့်တာပါ။ ဒီ တော့ အိမ်သူတွေလည်း မပေါ့ရဲ တော့ပါ။ ရဲတန်းလျားသာမက ကျွန်မတို့လိုအရာရှိအိမ်တွေပါ မကျန် အစစ်ခံရပါတယ်။

အဲဒီအရာရှိကြီးနေသွားတဲ့ ၂ နှစ်အတွင်း ရဲစခန်းတစ်ခုလုံး သပ်ရပ်သန့်ရှင်းပြီး အပင်တွေ စိမ်းစိမ်းစိုစိုနဲ့ ပျော်စရာကြီးပါ။ အတင်းပြောခံရတာတွေလည်း အတော်နည်းသွားတယ်။ ၁၉၆၂ နောက်ပိုင်းကျမှ ရဲအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ အုပ်ချုပ်သူတွေ အလိုကျ လိုက်လုပ်ပေးရတဲ့ဘဝ ရောက်သွားခဲ့ရာက သူတို့လက် အောက်မှာ ပျက်သထက်ပိုပိုပျက် သွားတော့တာပါပဲ။ ကျွန်မအဖေ ဆိုရင် သူတို့ မတော်မတရားခိုင်း တဲ့ကိစ္စတစ်ခု မလုပ်နိုင်တဲ့ အတွက် အသက်မပြည့်ခင် ၁၉၆၃ မှာပဲပင်စင်ယူလိုက်ပါတော့တယ်။ ၁၉၇၁ မှာ ကျွန်မအဖေ ဆုံးတယ်ဆိုတော့ သူချစ်တဲ့ POLICE တပ်ဖွဲ့ကြီး ဘယ် လောက်ပျက်စီးသွားတယ်ဆိုတာသိပ်အများကြီးမြင် မသွားရဘူး ပေါ့ရှင့်။

ကြားထဲကကိစ္စတွေထားပါ ဦး။ ပြည်သူကို ကူညီမယ်ဆိုတဲ့ ရဲတပ်ဖွဲ့ကြီးလုပ်ချလိုက်ပုံကဖြင့် ကျောင်းသားတွေက ဆဲလို့ဆိုလို့ ရေဘူးနဲ့ပေါက်လို့ ဒီလောက်ထိ လုပ်ရသတဲ့လား။ တကယ်တော့ ၂၀၁၄ နိုဝင်ဘာကတည်းကစတဲ့ ပြဿနာ။ ကလေးတွေနဲ့ ပညာ ရှင်တွေက သူတို့လိုလားတာတွေ ကို သတင်းစာ၊ ဂျာနယ်တွေက တစ်ဆင့် ပွင့်ပွင့်လင်းလင်းရှင်းပြ ပြီးသား။ တုံ့ပြန်ပေးဖို့ ရက်ပေါင်း ၆၀ ပေးထားတာကို အလေး မထားဘဲ မသိချင်ယောင်ဆောင် နေခဲ့ပြီး သပိတ်အင်အားကောင်း လာလို့ အများအာရုံစိုက်လာမှ ဒီ လောက်ပဲရမယ်၊ ဟိုလောက်ပဲ ရမယ်နဲ့ ဈေးဆစ်နေတာ ဘယ်သူ တွေလဲ။

ဒီတိုင်းပြည်မှာ ဆယ်တန်း စာမေးပွဲ ဘယ်လောက်အရေးကြီး တယ်ဆိုတာ လူတိုင်းသိတယ်။ စာမေးပွဲလုပ်မယ့်ရက်နားအထိ အချိန်ဆွဲလာတာ ဘယ်သူတွေ လဲ။ ကျွန်မက ရဲသမီးမို့လားမသိ ဘူး။ ကြိုတွေးရင်ပူခဲ့တာ နောက် ဆုံးတော့ ထင်တဲ့အတိုင်းဖြစ် တော့တာပါပဲ။ ဆယ်တန်းစာမေး ပွဲကြီး အနှောင့်အယှက်မဖြစ် အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်အားသုံးဖြိုခွင်းခြင်းနဲ့ သိပ် အပြစ်တင်မခံရအောင် လုပ်ခဲ့ပုံ ပဲ။ ကျောင်းသားသပိတ်ကိုဆန့် ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူများ ဆိုတဲ့ ဇာတ်ညွှန်းတောင် အဆင် သင့်ပြင်ပြီးသား။ တော်ရုံကိုရီး ယားကားထက်ကို အများကြီးသာ တယ်။ ဒါပေမဲ့ သူတို့ကြိုမတွေးမိ တာက ခေတ်ဆိုးအဆက်ဆက် အပျက်ကြီးပျက်နေတဲ့ ရဲတပ်ဖွဲ့ ကြီးရဲ့ အခြေအနေပဲ။ ရဲဖြစ်ပြီး ရေဘူးမှန်လို့၊ နေပူလို့၊ ဗိုက်ဆာ လို့ စိတ်မထိန်းနိုင်အောင်ဖြစ်ရ တယ်ဆိုတဲ့ ဆင်ခြေတွေ ကျွန်မ အဖေတို့လို ခေတ်ဟောင်းသန္ဓေ ရဲစစ်စစ်ကြီးတွေ သိသွားလို့ရှိရင် ဘယ်လိုများဝမ်းနည်းပက်လက် ပြောကြမလဲမသိဘူးလို့သာ နောက်ဆုံးမေးလိုက်ချင်ပါတယ်ရှင်.. ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: