“အမေ့လျော့ခံ မြန်မာမွတ်စလင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု”

“အမေ့လျော့ခံ မြန်မာမွတ်စလင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု”
************************************************
– မိတ္ထီလာအကြမ်းဖက်ဖြစ်စဉ်ထဲက မင်္ဂလာဇေယျုံ ကျောင်းသားများ သတ်ဖြတ်ခံရမှု မှတ်တမ်း –
(AP သတင်းဌာနတွင် Jul 5, 2013 ခုနှစ်က ဖော်ပြသော အစီရင်ခံစာကို မိတ္ထီလာအကြမ်းဖက်မှု ၂ နှစ်ပြည့်အမှတ်တရ ပြန်လည်ဖော်ပြသည်)

အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ဘော်ဒါဆောင်နဲ့ မလှမ်းမကမ်းက တောင်ပူစာတစ်ခုရဲ့ မီးကျွမ်းထားတဲ့ မီးလောင်ပြင်ထက်မှာ ကျောင်းသားလေးတွေရဲ့ အရိုးတွေ ဟိုတစ ဒီတစ ပြန့်ကျဲလို့ပေါ့။

ဖုန်အလိပ်လိပ်ပေရေနေပြီး ကွဲအက်ကြေမွနေတဲ့ ဦးခေါင်းခွံတွေရယ်၊ သွားတွေ အတိုင်းသား မြင်နေရတဲ့ မေးရိုးအပိုင်းအစတွေရယ်၊ ပြီးတော့ အဲဒီကြားထဲမှာ လူတွေကို ရိုက်နှက်ဆွဲခေါ်လာပြီး ဆန့်ငင်ဆန့်ငင်ဖြစ် နေချိန် ဓါတ်ဆီလောင်း မီးရှို့ခဲ့ကြတဲ့ လူသတ်သမားတို့ အသုံးပြုခဲ့တဲ့ ၀ါးချွံတုတ်တွေ လည်း တွေ့ရတယ်။

မတ်လရဲ့ နံနက်ခင်းတစ်ခုမှာ ဘုန်းကြီးတစ်ပါးအသတ်ခံရတဲ့သတင်းနဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒေါသထွက် နေကြပြီး မြန်မာပြည်အလယ်ပိုင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အစ္စလာမ်စာသင်ကျောင်းက ဆရာတွေနဲ့ ကျောင်းသားတွေကတော့ အဆီမဆိုင် ဓားစာခံဖြစ်ခဲ့ရပါတယ်။ အချိန်မီကယ်တင်နိုင်ပါလျက် အသက်ဆုံးရှုံးခဲ့ကြတယ်။

သူတို့အသက်တွေရဲ့ နောက်ဆုံးအချိန်မှာတော့ ဒေါသထွက်နေတဲ့ လူသတ်သမားတွေ ၀ိုင်းရံထားတဲ့ မီးလောင်ပြင်ကနေ သူတို့ကို ကယ်ထုတ်ဖို့ ရဲတပ်ဖွဲ့ရောက်လာပါတယ်။

အလှမ်းမဝေးတဲ့ တောင်ထိပ်က လမ်းမထက်မှာ ရဲကား လေးစီးအသင့်စောင့်ဆိုင်းနေလို့ သူတို့တွေဟာ ခေါင်းပေါ်လက်တင်ပြီး ထွက်လာကြပါတယ်။
မြန်မာရဲ့ အာဏာရှင်ခေတ်ပြောင်းအစိုးရက လွန်ခဲ့တဲ့ နှစ်နှစ်အရင်ကတည်းက ဒီမိုကရေစီခေတ်ရဲ့ အရုဏ်ဦးဖြစ်လာစေဖို့ ကတိပြုခဲ့ပေမယ့် ရဲတွေရဲ့ ရှေ့မှာ ဒေသခံတာဝန်ရှိသူတွေရဲ့ရှေ့မှာ ဘယ်လိုမှ မတားဆီးနိုင်လိုက်ဘဲ ဆယ်ကျော်သက် အများဆုံးပါဝင်တဲ့ မွတ်စလင် ၃၆ ယောက် အသတ်ခံလိုက်ရတဲ့ နေ့ကတော့ မြန်မာ့သမိုင်းရဲ့ အမှောင်ဆုံးနေ့တွေထဲက တစ်ရက်အဖြစ် ကမ္ပည်းတင်သွားခဲ့ပါပြီ။
အနှစ်မပါတဲ့ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်တွေက အကာအကွယ်မဲ့၊ တရားမျှတမှုမဲ့နေတဲ့ ဘာသာရေးလူနည်းစုတွေအပေါ် လစ်လျူရှုနေတယ်ဆိုတာတွေကိုပဲ ပြသနေပါတယ်။

ဗုဒ္ဓဘာသာဝင်အများစု လွှမ်းမိုးတဲ့ တိုင်းပြည်မှာ သမ္မတလုပ်သူက မိတ္ထီလာမြို့ကို လာပြီး ၀မ်းနည်းကြောင်းစကားပြောဖို့၊ အသက်ရှင်ကျန်ရစ်သူတွေကို နှစ်သိမ့်ပေးဖို့တောင် မလုပ်ခဲ့ပါဘူး။

ရဲဌာနရဲ့ စုံစမ်းစစ်ဆေးသူတွေကလည်း အခင်းဖြစ်ပွားရာနေရာကိုလာပြီး ကြိုးတားတာ၊ အသေအပျောက် စာရင်းပြုစုတာတွေ မလုပ်ခဲ့ပါဘူး။ အင်တာနက် အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ကျောင်းသားတွေကို လူအုပ်ကြီးက ရိုက်သတ်နေပုံနဲ့ အလောင်းပေါ်တက်ခုန်ပြီး အောင်ပွဲခံနေပုံ ကိုတွေ့ရမှာဖြစ်ပြီး ကျူးလွန်သူတွေဟာ တစ်ဦးတစ်ယောက်ထက် မကဘူးဆိုတာ ပြသနေပါတယ်။

နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေကတော့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဒဏ်ခတ်မခံရတာကြောင့် အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားဖို့ ဓါတ်ဆီလောင်းပေးလိုက်ရာရောက်တယ် လို့ဆိုပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်မှာ အုပ်ချုပ်ရေးအာဏာနဲ့ အစိုးရပိုင်း အားလုံးမှာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေကသာ လွှမ်းမိုးချုပ်ကိုင်ထားလိုတဲ့ လက္ခဏာတွေကို လှစ်ဟပြသလိုက်တာလဲဖြစ်တယ်လို့ ဆိုပါတယ်။

“တကယ်လို့ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိခဲ့တယ်ဆိုရင်တောင် ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ ဖြစ်မယ်၊ မွတ်စလင်တွေအတွက် တရားမျှတမှုမပေးနိုင်ဘူးဆိုတာ ကျမတို့သိပါတယ်”လို့ မိတ္ထီလာပဋိပက္ခမှာ ခင်ပွန်းသည် အသတ်ခံလိုက်ရတဲ့ မသီတာက ပြောပါတယ်။ တခြားဒုက္ခသည်တွေလိုပဲ ဖမ်းဆီးနှိပ်စက်ခံရမှာစိုးတဲ့အတွက် သူမကလည်း နာမည်အရင်းကို မဖော်ပြဖို့ တောင်းဆိုပါတယ်။
AP သတင်းဌာနက မတ်လ ၂၁ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မျက်မြင်သက်သေ ၁၀ ဦးဆီက သတင်းအချက်အလက်တွေကို စုစည်းရယူခဲ့တယ်။ အဲဒီထဲမှာ အသက်ရှင် ကျန်ရစ်သူ ၇ ဦးလောက်က လုံခြုံရေးစိုးရိမ်ရတဲ့အတွက် သူတို့ရဲ့ အိမ်ပြင်ပမှာပဲ တွေ့ဆုံမေးမြန်းခဲ့ရတယ်။

AP သတင်းဌာနက ပြည်သူတစ်ဦးချင်း ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ၊ ပုဂ္ဂိလက မီဒီယာတွေရဲ့ ဖော်ပြချက် တွေ၊ ဓါတ်ပုံတွေ၊ ဒေသခံအာဏာပိုင်တွေရဲ့ သတင်းအချက်အလက်တွေနဲ့ မြေပြင်သက်သေတွေကို နေ့ရက်၊ အချိန် တိုက်ဆိုင် စစ်ဆေးပြီး ဖြစ်စဉ်မှတ်တမ်း ပြုစုခဲ့ပါတယ်။

အဲဒီအစုလိုက် သတ်ဖြတ်မှုကြီးမဖြစ်ခင် တစ်ရက်အလို မတ်လ ၂၀ ရက်နေ့က မင်္ဂလာဇေယျုံအာရဗီအစ္စလာမ် ကျောင်းမှာ အရုဏ်ဦးမတိုင်ခင် ၀တ်ပြုဆုတောင်းဖို့ ဖိတ်ခေါ်သံပြုခဲ့ပါသေးတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျောင်းသားပေါင်း ၁၂၀ လောက်ဟာ မျက်လုံးလေးတွေ ပွတ်သပ်ပြီး နိုးထလာကာ ကြီးမားတဲ့ ၂ ထပ် အဆောက်အအုံမှာ အားလုံး ပြိုင်တူဝတ်ပြုဖို့ စီတန်းခဲ့ကြတယ်။
မိတ္ထီလာမြို့က မွတ်စလင်အိမ်တွေကြားမှာရှိတဲ့ သန့်ရှင်းသပ်ရပ်တဲ့ ခြံဝန်းထဲက ယောက်ျားလေး ဘော်ဒါကျောင်းမှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ လာရောက် ပညာဆည်းပူးခဲ့ကြပါတယ်။ သူတို့မိဘတွေကတော့ သူတို့ကို အစ္စလာမ်ဘာသာရေးဆရာတွေ တရားဟောဆရာတွေဖြစ်ဖို့ မျှော်လင့်တကြီးနဲ့ ဒီကျောင်းကို ပို့ခဲ့ကြတာပါ။

ကျောင်းမှာ ဆရာ ၁၀ ဦးရှိပြီး ဗလီတစ်လုံးနဲ့ ဘောလုံးကွင်း တစ်ခုလည်းရှိပါတယ်။ သီးသီးသန့်သန့် နေတတ်ပြီး စည်းကမ်းရှိတဲ့ကျောင်းလို့ နာမည်ဂုဏ်သတင်းကျော်ဇောပါတယ်။ မုတ်ဆိတ်အနည်းငယ်နဲ့ ကြင်နာတတ်ပြီး စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ဆရာကြီးကတော့ သူ့ကျောင်းသားတွေကို တစ်ပတ်မှာ တစ်ခါသာ အပြင်ထွက်ခွင့်ပြုပါတယ်။
မိတ္ထီလာမြို့ရဲ့ လူဦးရေ ၁ သိန်းမှာ သုံးပုံတစ်ပုံက မွတ်စလင်ဖြစ်ပြီး မြန်မာ့လူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ၅ ရာခိုင်က မွတ်စလင်တွေဖြစ်ပါတယ်။ သူတို့တွေဟာ မွတ်စလင်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ရာနဲ့ချီသေဆုံးပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခနောက်ပိုင်းမှာ မွတ်စလင်တွေဟာ ကြောက်ရွံ့နေခဲ့ရပါတယ်။ အဲဒီမငြိမ်မသက်မှု ဖြစ်စဉ် ၂ရပ်လုံးမှာလည်း မဒရဆာတွေကို လုံခြုံရေးအတွက် ယာယီပိတ်ခဲ့ရတယ်။

အဲဒီ အကြမ်းဖက်မှုတွေက မြန်မာပြည်မှာ မျိုးရိုးစဉ်ဆက်နေထိုင်လာကြတာဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်အများစုက ဘင်္ဂလားဒေ့်ရှ်က ကျူးကျော်လာသူတွေအဖြစ် သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာပါ။ မွတ်စလင်တွေကို ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ “ရန်သူ”သဖွယ်သဘောထားပြီး ဘုန်းကြီးဦးဆောင်တဲ့ လှုပ်ရှားမှုက ဆန့်ကျင်လာချိန်ကစလို့ အမုန်းတရားတွေ ကိန်းအောင်းလာခဲ့ပါတယ်။
ကျောင်းသင်ခန်းစာတွေ စသင်တဲ့ မတ်လ ၂၀ ရက်နေ့မှာတော့ မိတ္ထီလာမြို့ရဲ့ တနေရာက မွတ်စလင်ရွှေဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာ ဖောက်သည်အကြား အငြင်းပွားကြပြီး ရာနဲ့ချီတဲ့ လူအုပ်ကြီးက ဆိုင်တွေကို လုယက်ဖျက်ဆီးသောင်းကျန်းကြကာ မီးတင်ရှို့တဲ့ သတင်းတွေက ကျောင်းသားတွေအကြား ပြန့်နှံ့သွားခဲ့ပါတယ်။
နေ့လယ်ခင်းမှာတော့ မွတ်စလင်တွေက ဆိုင်ကယ်စီးလာတဲ့ ဘုန်းကြီးတစ်ပါးကို ဆွဲချပြီး မီးရှို့သတ်လိုက်ကြ တယ်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကလည်း မွတ်စလင်စီးပွားရေး လုပ်ငန်းတွေနဲ့ ဗလီ၁၂ လုံးကို မီးရှို့လိုက်ကြပါတယ်။
မင်္ဂလာဇေယျုံမှာတော့ ဆရာအချို့တွေက စာသင်တာရပ်လိုက်ပြီး ကျောင်းကိုပါ ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေက အိပ်ဆောင်ရှိတဲ့ ဒုတိယထပ်ကို ပြေးတက်သွားကြတယ်၊ ပြီးတော့ ပြတင်းပေါက်တွေကနေ လှမ်းကြည့်တဲ့အခါ လေထဲမှာ မီးခိုးမဲတွေ တလိပ်လိပ်တက်လာတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရပါတယ်။

နောက် နှစ်နာရီလောက်အကြာမှာ ဆရာတစ်ယောက်ရဲ့ ငိုသံတွေဟာ အခန်းထဲကို လျှံကျလာပါတယ်။ သူ့မိသားစုရဲ့ အိမ် မီးရှို့ခံရပြီး သူ့မိဘတွေလည်း အိမ်ထဲမှာ ပိတ်မိနေတယ်လို့ ဆိုတယ်။
နေမင်းက မီးခိုးတွေအုံ့ဆိုင်းနေတဲ့ ကောင်းကင်ထဲကို မြုပ်ဝင်သွားတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင်အစိုးရ အုပ်ချုပ်ရေးမှူးတစ်ဦးရောက်လာပြီး ကျောင်းပေါက်ဝကနေ ကျောင်းအုပ်ကြီးကို လှမ်းပြောတယ်။
“ခင်ဗျားကျောင်းက ကလေးတွေကို အပြင်ခေါ်ထုတ်သွားပါတော့၊ ခင်ဗျားလည်း ပုန်းနေပါ… သူတို့ ဒီည ၀င်လိမ့်မယ် ” လို့ သူက သတိပေးပြောဆိုသွားပါတယ်။
နေ၀င်ရီတရော ၀တ်ပြုမှုအပြီးမှာတော့ ကျောင်းအုပ်ဆရာကြီးက ကျောင်းသားတွေကို သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ပိုက်ဆံတွေ၊ မှတ်ပုံတင်တွေ အသင့်ပြုပြီး ထွက်ခွာကြဖို့ ပြောပါတယ်။ သူတို့ရဲ့ ဦးထုတ်တွေ၊ အစ္စလာမစ်ဝတ်စုံတွေနဲ့ မွတ်စလင်လို့ သိသွားစေနိုင်တဲ့ လက္ခဏာတွေ အားလုံးကို ဖယ်ပစ်ခိုင်းတယ်။ သူက ဘာကြောင့်လုပ်ရတယ်ဆိုတာကိုတော့ မရှင်းပြဘူး။ သူ ရှင်းပြဖို့လဲ မလိုဘူးလေ။
“တကယ်လို့ ဒီနေရာကို သူတို့ ဖျက်ဆီးဖို့ လာကြရင် တို့အတတ်နိုင်ဆုံး တားဆီးမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းတို့ မသေစေရဘူး”လို့ သူက ဆိုပါတယ်။
ညနက်လာတဲ့အခါ ကျောင်းသားတွေဟာ ၀တ်လှန်တောလို့ ခေါ်တဲ့ ရွှံ့နွံခြုံပုတ်ထဲမှာ ၀ပ်တွားပြီး ပုန်းခိုနေရတယ်။ ဒီမြက်ပင်ရှည်တွေက ကျောင်းရဲ့ ဒုက္ခသည်စခန်းသဖွယ် အကာအကွယ်ပေးထားတာပေါ့။

ဒီအထဲမှာ ကျောင်းသားတွေ၊ ဆရာတွေအပြင် အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေလည်း ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ် မနေရဲတဲ့ ဆွေးမျိုးသားချင်တွေ ဒေသခံတွေလည်း ပါတယ်။ ရွှံနွံထဲမှာ စကားတခွန်းတောင် မဆိုနိုင်ဘဲ ပုန်းခိုနေကြရတယ်။
မကြာခင်မှာ ချဉ်းကပ်လာတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီးရဲ့ အသံတွေကြားရတယ်။ အသံတွေဟာ ကျောင်းဝင်းဂိတ်ပေါက်နားက ဖြစ်ပြီး အဲဒီနောက်မှာ အထဲကိုဝင်တဲ့အသံ၊ တံခါးတွေကို ကန်ဖွင့်တဲ့အသံနဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲတဲ့အသံတွေ ကြားရပါတော့တယ်။
ဝတ်လှန်တောရဲ့ အမှောင်ဘက်အခြမ်းမှာတော့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ရှဖီးက သူ့ဇနီးသည်ရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း
“တကယ်လို့ သူတို့တွေ တို့ကို တွေ့သွားရင် ထွက်ပြေးဖို့ မလွယ်ဘူးနော်”လို့ လေသံတိုးတိုးနဲ့ တုန်တုန်ယင်ယင်ပြောလိုက်တယ်။ “မစိုးရိမ်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် ကိုယ်လွတ်မရုန်းပဲ ကျမတို့ အတူရှိနေမယ်”လို့ သုံးနှစ်အရွယ် သားလေးကို ထွေးပိုက်ထားရင်း သူမက ပြန်ပြောတယ်။
အဲဒီညမှာပဲ မဒရဆာ စာသင်ကျောင်းဟာ မီးရှို့ခံလိုက်ရပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကုလားတက်ခေါက်ချိန် မနက် ၄ နာရီလောက်မှာ လူအုပ်ကြီးက ၀တ်လှန်တောထဲ မီးနဲ့ထိုးကြည့်ပြီး လေးခွနဲ့ ပစ်ပါတယ်။ ပြီးတော့ “ကုလားတွေ ထွက်ခဲ့”လို့ အော်ဟစ်ကြတယ်။

မွတ်စလင်တွေဟာ အိမ်နီးချင်း မွတ်စလင်စီးပွားရေးသမားတစ်ဦးရဲ့ ခြံထဲကို ပြေးဝင်ခိုလှုံကြတယ်။ တချို့လည်း ၀ါးထရံ ခြံစည်းရိုးကို ချိုးဖျက်ပြီး ၀င်ကြရတယ်။ လူရမ်းကားတွေကတော့ ထပ်ကြပ်မကွာ လိုက်လာခဲ့ကြတယ်။ မသီတာတစ်ယောက် သူ့နောက်နားက ကလေးတစ်ယောက်ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံကြားရတယ်။ အဲဒီကျောင်းသားလေးက ထွက်ပြေးဖို့ စက္ကန့်ပိုင်းပဲ ရတဲ့အချိန်မှာ သူ့အမေဆီ ဖုန်းခေါ်ဖို့ ကြိုးစားနေခဲ့တာပါ။
မင်္ဂလာဇေယျုံကို မီးရှို့ပြီးချိန် အသက် ၂၁ နှစ်အရွယ် ကိုကိုဆိုတဲ့ ကျောင်းသားကတော့ ခြံစည်းရိုးကာထားတဲ့ ၀ါးချွံတွေကြားထဲကနေ လှမ်းကြည့်တဲ့အခါမှာ အပြင်ဘက်မှာ တိုက်ခိုက်ဖို့အတွက် တုတ်၊ ဓါးကိုင်ဆောင်ထားတဲ့ ယောက်ျားသားတွေကို တွေ့လိုက်ရတယ်။
ကိုကို့ မျက်နှာမှာ သွေးစုတ်သွားတယ်။ လူတစ်ယောက်နဲ့ မတူတော့တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရတယ်။
“ငါတို့တော့ တိရစ္ဆာန်တွေလို ချောင်ပိတ်အရိုက်ခံရတော့မယ်”လို့ ကိုကိုတွေးမိတယ်။

ကျောင်းသားတချို့က မိဘတွေ၊ ရဲတွေ ဆီမှာ အကူအညီလှမ်းတောင်းဖို့ ကြိုးစားတယ်၊ တချို့ကတော့ ဘုရားစာတွေ အသံကုန်အော်ဆိုတယ်။ တချို့ကလည်း အပြင်ကလူတွေ သူတို့ကို ခဲနဲ့ပစ်တဲ့အခါ ကာကွယ်ဖို့ သစ်သားပြားတွေကို တွေ့ရာမြင်ရာ လှမ်းဆွဲကြတယ်။
အဲဒီနောက် နံနက် ၇ နာရီခွဲလောက်မှာ အတိုက်အခံအမတ်ဖြစ်သူ ရှေ့နေဦးဝင်ထိန်က ရောက်ရှိလာပြီး အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကိုလည်း တွေ့လိုက်ရပါတယ်။ လက်နက်၊ ဒိုင်း၊ တန်ဆာပလာ အစုံအလင်နဲ့ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကို မွတ်စလင်တွေအနား မကပ်ဖို့အတွက် ရဲတွေက တန်းစီဟန့်တားပေးခဲ့ကြပါတယ်။

ဝတ်လှန်တောနားမှာ သေဆုံးနေတဲ့ မွတ်စလင် အလောင်း ၂ ခုအနီးမှာ ရဲအရာရှိနဲ့ ခရိုင်အကြီးအကဲတွေ ကို ဦးဝင်းထိန်က တွေ့လိုက်ရပါတယ်။ ၄၅ မိနစ်လောက်အကြာမှာတော့ ဦးဝင်းထိန်ဟာ လူအုပ်ကြီးက ကျောင်းသား ငါး ယောက်ကို ခြုံပုတ်ထဲက တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ပြီး ရိုက်နှက် ခုတ်ထစ်သတ်ဖြတ်တာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။
ခံစားမှုမဲ့တဲ့ မျက်နှာနဲ့ ရဲဝန်ထမ်းတွေကတော့ ခပ်လှမ်းလှမ်းမှာပဲ အကြောင်းမဲ့ ရပ်ကြည့်နေပါတယ်။ လူအုပ်ကြီးကတော့ ရောမဇာတ်ကားထဲကလို လူသတ်ပွဲကျင်းပပြီး အောင်ပွဲခံနေကြပါတယ်။

“သူတို့ကို ရှင်းပစ်” လို့ အမျိုးသမီးတစ်ယောက်က လှမ်းအော်တယ်။
နောက်တစ်ယောက်ကလည်း “အားလုံးကို သတ်ပစ်၊ ဒါမှ ဗမာ့သတ္တိကွ”လို့ ကြွေးကြာ်ပါတယ်။
ဦးဝင်းထိန်မှာ အာဏာရှင်လက်ထက်က ဆယ်စုနှစ်၂ခုတိုင် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချ ခံရဖူးသော်လည်း သူ့တစ်သက်မှာ ဒီလို မြင်ကွင်းမျိုးကို မကြုံဖူးခဲ့တဲ့အတွက် အော်ဂလီဆန်လာပြီး ပျို့ချင်အန်ချင်သလိုဖြစ်လာပါတယ်။
မွတ်စလင်တွေကို ချမ်းသာပေးဖို့ တောင်းဆိုတဲ့ ဦးဝင်းထိန်းကို လူရမ်းကားတွေက ခြိမ်းခြောက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်က “ခင်ဗျား ဘာကြောင့် သူတို့ကို ကာကွယ်ပေးရတာလဲ၊ မင်းဗျား မွတ်စလင်ဘက်ကလား”လို့ ခါးခါးသီးသီးမေးပါတယ်။ အရာရှိတစ်ယောက်ကတော့ ဦးဝင်ထိန်းကို ဒီကနေအမြန်ဆုံး ထွက်သွားဖို့ အကြံပေးပါတယ်။

သိပ်မကြာခင်မှာတော့ ဘုန်းကြီးတစ်ပါးနဲ့ ရဲ ၄ ဦး ရောက်လာပြီး တောင်တုန်းထက်က ရဲကားတွေဆီ ခြေလျင်လျှောက်သွားဖို့ မွတ်စလင်တွေကို ပြောပါတယ်။
“ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်၊ ဒါပေမယ့် ကျောင်းသားတွေ ဘုရားစာဆိုတာ ရပ်ရမယ်၊ သူတို့လက်ထဲက တုတ်တွေ၊ ကျောက်ခဲတွေ ပစ်ချထားရမယ်”လို့ အရာရှိတစ်ဦးက လာပြောပါတယ်။
ဆရာတွေဟာ တစ်ယောက်တစ်ပေါက် ပြောဆိုငြင်းခုန်ခဲ့ပြီး သူတို့မှာ အချိန်မရှိတော့ဘူးဆိုတာကိုတော့ သတိပြုမိခဲ့ကြတယ်။ လူအုပ်ကြီးကလည်း မီးတုတ်တွေကိုင်ပြီး ခြံကို မီးရှိုလိုက်တဲ့အတွက် ၀ါးထရံခြံစည်းရိုးလည်း မီးဆွဲလောင်ခဲ့တယ်။

မွတ်စလင်တွေဟာ စစ်သုံ့ပန်းတွေလို သူတို့လက်တွေကို ခေါင်းပေါ်တင်ထားပြီး တဖြည်းဖြည်းချင်း ထွက်လာကြတယ်။ ရဲတွေက သူတို့တွေကို မြေဖို့လမ်းကနေတဆင့် ခေါ်လာကြတယ်။ ချက်ချင်းဆိုသလိုပဲ ဗုဒ္ဓဘာသာဝင်တွေထဲက ခဲနဲ့လှမ်းပေါက်သည်။
“မပြေးနဲ့၊ ပြေးရင် ဖမ်းမယ်၊ မလဲကျစေနဲ့ လဲကျရင် ဘယ်တော့မှ ပြန်ထရမှာမဟုတ်ဘူး၊ မရပ်နဲ့ ရပ်တာနဲ့ သေမှာပဲ”ဆိုတဲ့ သေခြင်းတရားရဲ့ အနိဋ္ဌာရုံစည်းကမ်းချက်တွေလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
ရဲတွေက လေထဲကို သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ဟန့်တားပေမယ့် လူအုပ်ကြီးကတော့ မရပ်တန့်ခဲ့ဘူး။ ဆရာတစ်ယောက်ကို အလဲထိုးလိုက်တယ်၊ ကျီးလန့်စာစားဖြစ်နေတဲ့ ကျောင်းသားတွေက သူ့ခန္ဓာကိုယ်ပေါ်ကနေ ၀ရုန်းသုန်းကား တက်နင်းပြေးလိုက်ကြတာ ဆရာခင်ဗျာမှာလည်း ရွှံ့ဗွက်ထဲ မျက်နှာမှောက်လျက်နဲ့ ခြေကားရား လက်ကားရားလေး လဲကျန်ရစ်ခဲ့ပါတယ်။

ကိုကိုက သူ့သူငယ်ချင်း ကောင်လေးတစ်ယောက် ပေါက်ပြားနဲ့ ခေါင်းကို ဖြတ်ခုတ်ခံလိုက်ရတာ တွေ့ခဲ့တယ်။ အဲဒီ ကောင်လေးက ပြန်ထဖို့ ကြိုးစားရာမှာတော့ ဓါးကိုယ်စီနဲ့ လူငါးယောက်က သူ့ကို တရွတ်တိုက်ဆွဲချသွား ပါတယ်။

အဲဒီ လူအုပ်ကြီးက ကိုကို့ကိုလည်း အနောက်ကနေ ဓါးနဲ့ လှမ်းခုတ်တယ်။ သူ့ရဲ့ ကျောပြင်မှာ ၂ ထွာလောက်ရှိ တဲ့ ဓါးခုတ်ဒဏ်ရာရပြီး သွေးတွေလည်း သူ့အင်္ကျီအ၀ါရောင်မှာ ရွှဲစိုခဲ့တယ်။ သူ မိုက်ခဲနဲဖြစ်ပြီး လဲကျသွား တယ်။
အဲဒီအချိန်မှာ ရဲတစ်ယောက်က မျက်နှာကို ခဲနဲ့ ပေါက်ခံရလို့ အဲဒီ ဗုဒ္ဓဘာသာဝင်ရဲ့ ခြေထောက်ကို သေနတ်နဲ့ လှမ်းပစ်လိုက်တယ်။
သေနတ်သံက ကိုကိုကို့ နိုးထသွားစေတယ်။ သေခြင်းတရားကနေ သူလွတ်မြောက်သွားပြီဆိုတာ သူသိလိုက်ရလို့ ချက်ချင်းဆိုသလို အဲဒီနေရာကနေ ရုန်းထွက်ပြီး ကိုယ့်လူအုပ်ထဲကို ပြေးဝင်သွားတယ်။

မွတ်စလင်အုပ်တန်းကြီးဟာ ထရပ်ကားဆီကို သွားဖို့ ဗုဒ္ဓဘာသာဝင်ရဲ့ ခြံဝန်းထဲကို ဖြတ်သွားတဲ့အခါ ရဲတွေက ဆောင့်ကြောင့် ထိုင်ဖို့ အမိန့်ပေးတယ်။
လူရမ်းကားတွေက သူတို့ကို မခံချိမခံသာအောင်ပြောပြီး ပါးရိုက်နားရိုက်လုပ်ကြတယ်။ အမျိုးသမီးတွေက မွတ်စလင်တွကို ဗုဒ္ဓဘာသာနည်းအတိုင်း လက်အုပ်ချီ ရှိခိုးခိုင်းတယ်။ PHR လူ့အခွင့်ရေးအဖွဲ့ရဲ့ စုဆောင်းထားတဲ့ သက်သေခံမှတ်တမ်းတွေအရ မွတ်စလင်တွေရဲ့ ပါးစပ်ထဲကို အစ္စလာမ်မှာ တားမြစ်ထားတဲ့ ၀က်သားတွေ အတင်းအဓမ္မထည့်ပေးကြတယ်လို့ ဆိုတယ်။

လူတစ်ယောက်က ကျောင်းသားတစ်ယောက်ရဲ့ ဦးခေါင်းကို ဆိုင်ကယ် အိတ်ဇောပိုက်နဲ့ အသားကုန်လွှဲရိုက်ချလိုက်တယ်။ နောက်တစ်ယောက်မှာလည်း ဆိုင်ကယ် ချိန်းကြိုးနဲ့ ရိုက်တာ ခံလိုက်ရတယ်။ နောက်ထပ်တစ်ယောက်ကိုတော့ ရင်အုံကို ဓါးနဲ့ ထိုးတယ်။
ဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက “ သူတို့ကို ဒီမှာမသတ်နဲ့ ၊ သူတို့ တစ္ဆေဖြစ်တဲ့အခါ ဒီနေရာမှာ လာခြောက်နေပါဦးမယ်၊ လမ်းပေါ်မှာ သွားသတ်ကြပါ ”လို့ မိန့်တယ်။
ဘုန်းကြီးတွေက ရဲတွေက မိန်းမတွေ၊ ကလေးတွေကို အရင်သွားခွင့်ပြုသင့်တယ်လို့ ဆိုတယ်။ မသီတာကတော့ သူ့ခင်ပွန်းနဲ့ ခွဲဖို့ ငြင်းဆန်တာကြောင့် ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့ မျက်နှာကို ရိုက်ချပြီး လူစုခွဲလိုက်တယ်။ နောက်လူတစ်ယောက်တော့ ၃ နှစ်အရွယ် ကလေးကို လှမ်းဆွဲဖို့ ကြိုးစားတယ်။
“သူက နို့စို့ကလေးပါ၊ မလုပ်ပါနဲ့”လို့ မသီတာက အော်ပြောရင်း ဆွဲယူပြေးတယ်။

အဲဒီလို ရှုတ်ထွေးနေတဲ့အချိန်မှာ စာနာမှုရှိတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကတော့ မသီတာရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ကို သူ့အိမ်ထဲကို အလျင်အမြန်ဆွဲခေါ်ပြီး အကာအကွယ်ပေးတယ်။ သမီးနှစ်ယောက်လုံး ထိခိုက်မှုမရှိဘဲ အရက်အတော်ကြာတဲ့အထိ အကာအကွယ်ရပြီးနောက် မသီတာနဲ့ ပြန်ဆုံခွင့်ရတယ်။
မသီတာနဲ့ အခြားအမျိုးသမီး ၁၀ ယောက်ရယ်၊ ကလေးတွေရယ်က တောင်ကုန်းပေါ်ကို တက်သွားကြတယ်။ ရဲတွေက တုတ်တရမ်းရမ်းနဲ့ လူအုပ်ကြီးကို သူတို့လက်တွေနဲ့ တွန်းဖယ်လိုက်တယ်။ AP သတင်းဌာနရဲ့ မှတ်တမ်း ဗီဒီယိုထဲမှာတော့ လူတစ်ယောက်က လူအုပ်ကြီးကို “မလုပ်ကြပါနဲ့၊ အဲဒီမှာလည်း ကလေးရှိတယ်”လို့ ဖျောင့်ဖျတယ်။

ဒါပေမယ့် အကြမ်းဖက်မှုက ရပ်တန့်မသွားခဲ့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေက ၀တ်လှန်တောကို ခုတ်ထွင်ရှင်းလင်းပြီး ရှာပုံတော်ဖွင့်ရာ အသက် ၁၇ နှစ်အရွယ် အရွတ်ခန်းဆိုသူ ကျောင်းသားလေးကို တွေ့သွားပြီး မြက်ခင်းပြင်ကို ဆွဲထုတ်လာတယ်။ အမည်မဖော်လိုသူ လူနှစ်ယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ယောက်ျားလေးတစ်ယောက်ကို လူ ၉ ယောက်က ဓါးတွေ တုတ်ရှည်တွေနဲ့ ၂၄ ကြိမ်တိတိ ရိုက်သတ်ပြီး ဘုန်းကြီးတစ်ပါးကပါ ၅ ကြိမ်တိတိ ၀င်ရိုက်တာ တွေ့လိုက်ရပါတယ်။
မသီတာဟာ ရဲတွေရဲ့ဘေးမှာ ကြောက်ကြောက်လန့်လန့်နဲ့ စောင့်နေရချိန် သူမရဲ့ ခင်ပွန်းဖြစ်သူဟာ တောင်ထိပ်ပေါ်ကို ကြိုးစားပမ်းစားတက်နေတာကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရပါတယ်။

သူ့ခင်ပွန်းရဲ့ဘေးတစ်ဘက်တစ်ချက်နေ ဆရာနှစ်ယောက်က လက်ချင်းချိတ်ထားတာတယ်။ အကြမ်းဖက်သမားတွေကတော့ ကန်စောင်းအတိုင်း ပြုံဆင်းလာတယ်။
ရှဖီးရဲ့ မျက်နှာမှာ သွေးဆုတ် ဖြူရော်နေပါပြီ။ လွတ်လမ်းမမြင်တော့ပါဘူး၊ ခြေကုန်လက်ပမ်းလည်းကျနေပြီ၊ အားအင်လည်း ကုန်ခမ်းနေပြီ၊ ကူမယ့်ကယ်မယ့်သူလည်း မရှိဘူး။
“ကုလားတွေကို သတ်ပစ်၊ တစ်ယောက်မှ ချန်မထားနဲ့” ဆိုတဲ့ မုန်းတီးမှုဟစ်ကြွေးသံတွေ တောင်စောင်းတစ်ဝိုက်မှာ ထွက်ပေါ်လာတာကို မသီတာ ကြားခဲ့ရပါတယ်။

“သူတို့ကို ရှင်းပစ်၊ သူတို့ရှိရင် ရှပ်တယ်”
တောင်ခြေမှာတော့ ကျောင်းသားတွေက ထွက်ပြေးဖို့ ကြိုးစားကြပြီး လူအုပ်ကြီးက သူတို့ကို လိုက်ဖမ်းပါတယ်။ ၁၄ နှစ်အရွယ် အဘူဘကရ်ရဲ့ မျက်နှာကို လူတစ်ယောက်က ၀ါးရင်းတုတ်နဲ့ လွှဲရိုက်တယ်၊ အသက် ၂၀ အရွယ်ရှိတဲ့ နအီးမ်ရဲ့ ခြေထောက်ကိုတော့ လူတစ်ယောက်က ဓါးနဲ့ ခုတ်ထစ်တယ်။ ညက မိဘနဲ့ မိသားစုဝင်တွေ မီးရှို့သတ်ခံရလို့ ငိုယိုခဲ့တဲ့ ဆရာအာရစ်ကိုလည်း ရိုက်သတ်လိုက်တယ်။
ရဲတွေကတော့ တောင်ကုန်းတစ်ဘက်တစ်ချက်ဆီကနေ လှုပ်တောင်မလှုပ်ဘဲ ရပ်ကြည့်နေတုန်းပါ။

သူတို့နဲ့အတူရှိနေတဲ့ ကောင်လေးတစ်ယောက် တောင်ခြေမှာ ဖြစ်ပျက်နေတာတွေကို လှမ်းကြည့်တဲ့အခါ ရဲအရာရှိက ကောင်းလေးရဲ့ ခေါင်းကို ရိုက်ပုတ်လိုက်ရင်း “မင်းခေါင်းကို ငုံ့ထားစမ်း”လို့ အော်ပြောတယ်။ ဒီအချိန်မှာ ဗုဒ္ဓသာသနာ့အလံကိုင်ထားတဲ့ ဘုန်းကြီးတစ်ပါး ပျာယိပျာယာရောက်လာပြီး “ဒါ ဗုဒ္ဓနည်းမကျဘူး”လို့ ဆိုကာ လူသတ်ပွဲကို ရပ်တန့်ဖို့ အော်ပြောပါတယ်။ လူသတ်သမားတွေ အနည်းငယ် ရှဲသွားတယ်။ ဒါပေမယ့် ရဲတွေကတော့ ဒဏ်ရာရသူတွေကို ပစ်ထားတယ်။
ဗီဒီယိုဖိုင်တစ်ခုမှာတော့ သစ်ပင်ခြေရင်းနားက မြေပြင်ပေါ်မှာ မွတ်စလင် ၇ ယောက် လဲကျနေတာ တွေ့ရတယ်။ အနည်းဆုံး ၃ ယောက်လောက်က မျက်နှာမှာ သွေးချင်းချင်းရဲနေတယ်။ အင်္ကျီအစိမ်းနဲ့ လူတစ်ယောက်ကတော့ ဒဏ်ရာရနေတဲ့ လူတွေကို ၀ါးရင်းတုတ်နဲ့ အားကုန်လွှဲရိုက်နေတယ်။

ဗီဒီယို ကင်မရာက တခြား ရိုက်နှက်ခံနေရတဲ့ လူ ၃ ယောက်ဆီကို ဆွဲရိုက်ပြတယ်။ တစ်ဦးက ရှဖီး၊ မှောက်လျက်လဲရာကနေ ကုန်းထဖို့ ကြိုးစားတော့ “ဘာလဲ မင်းက ငါတို့ကို ပြန်ခုခံဖို့လား”လို့ လူသတ်သမားက ဟားတိုက်ရယ်တယ်။

မှုန်ဝါးတဲ့ ဗီဒီယိုဖိုင်မှာ နောက်ထပ် ပြတာကတော့ အဲဒီနေရာမှာ လူသေအလောင်း ၁၂ ခုကို မီးတင်ရှို့ထားလို့ မီးခိုးတွေ ထွက်လာနေတဲ့ ပုံပါပဲ။ ရပ်ကြည့်နေတဲ့သူတွေကတော့ မီးရှို့ခံရတဲ့ အလောင်းတွေနဲ့ ဝေးရာကို ဆုတ်ခွာသွားကြတယ်။ တခြားဗီဒီယိုမှတ်တမ်းတစ်ခုမှာတော့ လူအုပ်ကြီးက အောင်ပွဲခံနေတာကို ပြသပါတယ်။
သီတာက လူသေအလောင်း မီးရှို့ခံရတဲ့ အနံ့တွေရှုရှိုက်ရင်း သူ့ဘေးမှာ ရပ်နေတဲ့ ရဲအရာရှိရဲ့ ခြေထောက်ကို ဖက်ပြီး “ အစ်ကို ကယ်ပါ၊ ကျမတို့ ဘာတွေဖြစ်နေပြီလဲ” လို့ အားကိုးတကြီးမေးတယ်။
“ဒီမိန်းမ ပါးစပ်ပိတ်ထားစမ်း၊ ခေါင်းငုံ့ထား၊ နင်ပါ ဒီမှာ သေချင်လို့လား”လို့ ပြန်ပြောတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် မိတ္ထီလာကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ကိုကို ခံစားခဲ့ရတယ်။
“ဒီမှာ ငါတို့အတွက် အသက်ရှင်လမ်းမရှိဘူး၊ အလ္လာဟ်ဆီမှာပဲရှိတယ်”လို့ သူ့ကိုယ်သူ ရေရွတ်မိတယ်။
ကျန်ခဲ့တဲ့ မွတ်စလင်တွေကို ရဲတပ်ဖွဲ့အခြံအရံနဲ့ တောင်ထိပ်ပေါ်က ထရပ်ကားတွေဆီ ခေါ်သွားပေးတယ်။ ဒဏ်ရာရသူတွေကို ရဲစခန်းကို ပို့ပြီး ရေတိုက်ထားတယ်။ အရာရှိတစ်ဦးကတော့ တောင်းပန်တယ်။
အသက်ရှင်ကျန်ရစ်တဲ့ မွတ်စလင် ၁၂၀ ကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီအထဲမှာ ကျောင်းသား ၉၀ နဲ့ ဆရာ ၄ ဦးပါဝင်တယ်။ ရဲစခန်းမှာ ရက်အကြာကြီးနေပြီးမှ မိသားစုဆွေမျိုးသားချင်းတွေနဲ့ ပေးတွေ့တယ်။
ကျောင်းသား ၃၂ ယောက်နဲ့ ဆရာ ၄ ဦး သေဆုံးခဲ့ကြောင်းကို ကျောင်းအုပ်ဆရာကြီးအပါအ၀င် မိသားစုတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ စိစစ်အတည်ပြုခဲ့ပါတယ်။

ကယ်ဆယ်ရေးအမိန့်ပေးခဲ့တဲ့ ဒေသလုံခြုံရေးအကြီးအကဲ ဗိုလ်မှူးအောင်ကျော်မိုးကတော့ ဒီဖြစ်စဉ်မှာ “၁၀ ဦး ၁၅”ဦးလောက်ပဲ သေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် AP သတင်းဌာနက ရထားတဲ့ အမည်မဖော်လိုသူ မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းဗီဒီယိုတွေနဲ့ ကွဲလွဲနေပါတယ်။ ဗီဒီယိုမှတ်တမ်း ၂ခုမှာတင် အနည်းဆုံး လူပေါင်း ၂၈ ခုသတ်ခံရတယ်။ အများစုက မီးကျွမ်းနေတဲ့အလောင်းတွေဖြစ်ပြီး လက်တွေ မိုးပေါ်ထောင်ထားတဲ့ အလောင်းတွေနဲ့ ခေါင်းဖြတ်ခံထားရတဲ့ အလောင်းတစ်ခုလည်း ပါဝင်ပါတယ်။

အလောင်းတွေနား လူတွေဖြတ်လျှောက်သွားတဲ့အခါ တချို့က “ဟေ့၊ ဒါကလေးလား”လို့ မေးတဲ့အသံကြားလိုက်ရတယ်။ “မဟုတ်ပါဘူး၊ ဒါဂျပုပါ ”လို့ တခြားတစ်ယောက် ရယ်သံနှောပြီး ပြန်ဖြေပါတယ်။
အဲဒီနေ့က ရဲတွေမှာ ရိုင်ဖယ်သေနတ်ပဲပါတယ်။

အကြမ်းဖက်သမားတွေမှာရှိတဲု့တုတ်၊ ဓါး၊ ၀ါးချွန်တွေလောက်တောင် ပြည့်စုံမှုမရှိခဲ့ဘူး။ မွတ်စလင် ၁၀၀ ကျော် ကို ကယ်ထုတ်နိုင်ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး။

“ကျွန်တော်တို့ တွေ့ရသလောက် သူတို့မှာ စိတ်နှစ်ခွဖြစ်နေတယ်၊ တစ်ချို့က ကျွန်ုတို့ကို ကူညီချင်တယ်၊ ဒါပေမယ့် နောက်ဆုံး ကျွန်တော်တို့ အသတ်ခံနေရတာတွေကို ဒီအတိုင်း ရပ်ကြည့်နေတယ်”လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

“ရဲတွေဟာ အထက်အမိန့်မရလို့ မပစ်တာလဲ ဖြစ်နိုင်တယ်၊ အထက်က ဘာမှမလုပ်ကြဖို့ ညွှန်ကြားထားတာလဲ ဖြစ်နိုင်ပါတယ်”လို့ လွှတ်တော်အမတ် ရှေ့နေဦးဝင်ထိန်က ဆိုတယ်။
ဒေသလုံခြုံရေးအကြီးအကဲ ဗိုလ်မှူးကြီး အောင်ကျော်မိုးကတော့ သူ့မှာ ပစ်မိန့်ရှိကြောင်း၊ ဒါပေမယ့် ရဲတွေကို မပစ်ခိုင်းတာက လူအုပ်ကြီးကို ပိုပြီးဒေါသထွက်ကာ အခြေအနေပိုဆိုးသွားမှာ စိုးတဲ့အတွက်ဖြစ်ကြောင်း ကာကွယ်ပြောဆိုပါတယ်။

“သူတို့တွေ လူစုကွဲသွားတော့ ကျွန်တော်တပ်တွေက တစ်ဦးချင်းနောက် လိုက်လို့မရဘူးလေ၊ သူတို့က ကျန်ခဲ့တဲ့သူတွေကို လုံခြုံရေးပေးဖို့ပဲ ဂရုစိုက်ရမှာ၊ ရှေ့တန်းမှာ တချို့ဟာတွေက ရှင်းပြလို့ မရဘူးဗျ”လို့ ဆိုတယ်။
မိနစ် ၅၀ စာ အင်တာဗျူးမှာ ဗိုလ်မှူးကြီး အောင်ကျော်မိုးက ရဲတွေရဲ့ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး ၅ ကြိမ်တိုင်တိုင် အသေးစိတ်မမေးသင့်ဘူးလို့ ပြောပါတယ်။ “အသေးစိတ်မမေးရအောင် ခင်ဗျားက ၀တ္ထုရေးမလို့လား၊ ရုပ်ရှင်ရိုက်မလို့လား၊ ခင်ဗျာ သိဖို့ မလိုဘူး”လို့ တုန့်ပြန်ပါတယ်။

မိတ္ထီလာ ပဋိပက္ခမှာ အကြမ်းဖက်မှုအတွက် ပထမဆုံး တရားစွဲဆိုခံရသူဟာ ဗုဒ္ဓဘာသာဝင် လူရမ်းကားတွေမဟုတ်ဘဲ မွတ်စလင်တွေဖြစ်နေပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ တရားရုံးက ရွှေဆိုင်ပိုင်ရှင်နဲ့ အလုပ်သမား ၁ ဦးကို အပြင်းအထန် နာကျင်စေမှုနဲ့ ခိုးမှုအတွက် ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်လိုက်ပါတယ်။ မေလ ၂၁ ရက်နေမှာတော့ မွတ်စလင် ၇ ဦးကို ပြဿနာစဖြစ်တဲ့နေ့က ဘုန်းကြီးသတ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ တစ်သက်တကျွန်းအထိ ချမှတ်လိုက်ပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာ မိတ္ထီလာက မွတ်စလင်တစ်ယောက်ကို သတ်မှုနဲ့ ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက်ကို တရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အစိုးရရှေ့နေ ဦးဥာဏ်မြင့်ရဲ့အဆိုရ မင်္ဂလာဇေယျုံ အစုလိုက်အပြုံလိုက်သတ်မှုနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် ၁၄ ယောက်ကို တရားစွဲဆိုထားပေမယ့် အခုထိတော့ စီရင်ချက် မချသေးပါဘူး။
“တရားမျှတဖို့အတွက် အချိန်ယူရပါလိမ့်မယ်၊ တရားရုံးက ဘက်မလိုက်ဘဲ ကြိုတင်ဆုံးဖြတ်ချက်မရှိဘဲ စွတ်စွဲချက်အပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာပါ”လို့ ဦးဥာဏ်မြင့်က ဆိုတယ်။
လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဖမ်းဆီးထားသူတွေဟာ မိတ္ထီလာမြို့ခံတွေဖြစ်တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ ရဲတွေကိုလည်း အပြစ်တင်တာမျိုး မပြုခဲ့ပါဘူး။

အလားတူ တရားစီရင်မှုတွေကိုလည်း အခြားမြို့က အကြမ်းဖက်မှုတွေမှာ တွေ့ရပါတယ်။
ဧပြီလမှာ ဥက္ကံမြို့နဲ့ ရွာအများအပြားမှာ ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်မီးရှို့ပြီးနောက် ပထမဆုံး အပြစ်ပေးခံရတာက မွတ်စလင် အမျိုးသမီးပါ။ ဆွမ်းခံထွက်လာတဲ့ ကိုရင်လေးရဲ့ သပိတ်နဲ့ မတော်တဆ တိုက်မိပြီး သပိတ်လွတ်ကျသွားရာက စလို့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့အတွက် အဲဒီ မွတ်စလင်အမျိုးသမီးကို “သာသနာညှိုးနွမ်းစေမှု”နဲ့ ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။

အလားတူ မေလတုန်းကလည်း လားရှိုးမြို့မှာ မွတ်စလင်တစ်ဦးက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ဓါတ်ဆီလောင်း မီးရှို့ခဲ့လို့ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားတွေက ဆိုင်တွေကို လက်စားချေ မီးရှို့ပြီးတဲ့နောက်မှာ အဆိုပါ မွတ်စလင်ကို ပြစ်ဒဏ်စီရင်ခဲ့တယ်။ ဒါပေမယ့် အဲဒီ အကြမ်းဖက်မှုမှာ မွတ်စလင် အမျိုးသားတစ်ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ တရားစွဲဆိုခြင်း မပြုသေးပါဘူး။

မိတ္ထီလာသတ်ဖြတ်မှုကြီးပြီးနောက် နှစ်ရက်အကြာမှာ အစိုးရက အလုပ်သမားတွေကို စေလွှတ်ပြီး အမှိုက်သိမ်းကားနဲ့ အလောင်းတွေကိုသယ်သွားခိုင်းတယ်။ နောက် မိတ္ထီလာသင်္ချိုင်းမှာ ကားတာရာတွေနဲ့ ပုံပြီး ဓါတ်ဆီလောင်း မီးထပ်ရှို့ပစ်တယ်။
အာဏာပိုင်တွေက အလောင်းတွေကို မည်သူမည်ဝါ ခွဲခြားဖို့ ခက်ခဲလောက်အောင် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းထားလို့ ဆွေမျိုးသားချင်းတွေထံပြန်မအပ်ရတာပါလို့ ဆိုတယ်။ ဒါပေမယ့် အသတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုတွေကတော့ အာဏာပိုင်တွေက သူတို့ကို တစ်ခါမှလည်း မမေးခဲ့သလို သူတို့ သားချင်းတွေကို အစ္စလာမ့်နည်းလမ်းတကျ မြှုပ်နှံ့ဖို့ အခွင့်အရေးလည်း တစ်ခါမှ မပေးခဲ့ကြပါဘူးလို့ ဆိုတယ်။

ဘယ်မွတ်စလင်မှ သင်္ချိုင်းကိုလည်း မသွားရဲသလို မီးလောင်ပြင်ကိုလဲ မသွားဝံ့ကြပါဘူး။
အိမ်တွေမှာ တစိမ်းမြင်ရင် ရန်သူထင်ပြီး AP သတင်းထောက်တွေလာတဲ့အခါ ဒေသခံတွေ နှုတ်ဆိတ်နေခဲ့ကြတယ်။

အလောင်းတွေ စုပြုံလောင်ကျွမ်းခဲ့တဲ့အနီးအနားက ရေတွင်းတစ်တွင်းမှာ အ၀တ်လာလျှော်နေတဲ့ မမြင့်ဆိုတဲ့ အမျိုးသမီးကို သတင်းထောက်က မေးမြန်းတဲ့အခါ အဲဒီနေ့က သူမမရှိတဲ့အတွက် ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမ သိပါဘူးတဲ့။ အဲဒီမှာ မမြင့်ရဲ့ သူငယ်ချင်းဖြစ်သူက ၀င်ပြောတယ်။
“သူ့ကို ပြောလိုက်လေ ဘယ်ကစဖြစ်တာလဲဆိုတာ၊ ရွှေဆိုင်က စဖြစ်တာ၊ ဘုန်းကြီးအသတ်ခံရလို့ ဖြစ်တာပါလို့”
မမြင့်က ခေါင်းကို ခါရမ်းလိုက်ပြီး တောင်ကုန်းထက်ကို လှမ်းမျှော်ကြည့်ရင်း ခပ်တိုတိုပဲ ဖြေပါတယ်။

“ငါ့အတွက်တော့ အဲဒါတွေက အဓိပ္ပာယ်မရှိပါဘူး”
မင်္ဂလာဇေယျုံကျောင်းအုပ်ဆရာကြီးက အိတ်ကပ်ထဲက စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး အဲဒီစာအုပ်မှာ သေဆုံးသွားသူတွေရဲ့ နာမည်၊ အသက်နဲ့ နေရပ်လိပ်စာတွေကို လက်ရေးနဲ့ ရေးထားပါတယ်။
ဆရာကြီးဟာ သေဆုံးသွားတဲ့ သူ့ကျောင်းသားတွေကို ၀တ်လှန်တောထဲ ၀င်ပုန်းခိုင်းဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင်အကောင်းသားလို့ စိတ်အနှောက်အယှက်ဖြစ်နေမလား၊ ဒါမှမဟုတ် ညည အိပ်မက်ဆိုးတွေ မက်နေမလားပဲ။

ကျောင်းသားတွေ ရိုက်နှက်ခံရတဲ့အချိန် ပုံလျက်သား လဲကျသွားပေမယ့် ချက်ခြင်းမသေခဲ့ကြပါဘူး။
“တစ်ယောက်ယောက် ကြားဝင် ကူညီပြီး သူတို့တွေကို ဆွဲထုတ်သွားမယ်၊ ပြီရင်း ဆေးရုံပို့မယ်ဆိုရင် အဲဒီလို သေကြမှာ မဟုတ်ပါဘူး”လို့ ဆရာကြီးက ဆိုတယ်။
သူ့ရဲ့ လက်ကျန်ကျောင်းသားတွေအနေနဲ့လည်း အသက်ရှင်ဖို့ အခွင့်ရေးနည်းခဲ့ပါတယ်၊ လက်တုံ့ပြန်တဲ့သူရယ်လို့ မရှိခဲ့ပါဘူး။
ဆရာကြီးက လက်ကျန်ကျောင်သားတွေကို စုစည်းပြီး တစ်နေရာရာ ကျောင်းပြန်ဆောက်သွားဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် လူမျိုးရေးအကြမ်းဖက်မှုတွေကို ထပ်မံဖြစ်ပွားလာမှာကို စိုးထိတ်နေရလို့ ဘယ်နေရာမှာ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ဆရာကြီးက မပြောပြပါဘူး။

“မြန်မာပြည်မှာ ဘယ်နေရာ လုံခြုံတာရှိလဲ၊ ဘယ်သူက တို့ကို ကာကွယ်ပေးနိုင်မှာလဲ”လို့ သူက ဆိုတယ်။
မတ်လ ၂၁ ရက်နေ့မှာ သူ့ကျောင်းသားတွေကို လက်တုံ့မပြန်ဖို့ ဆုံးမထားတဲ့ ဆရာကြီးက
“နောက်တကြိမ်ဖြစ်ရင်တော့ ကိုယ်ဘာသာကိုယ်ပဲ ခုခံတော့မယ်၊ တကယ်တမ်းဖြစ်ရင် ဘယ်သူမှ ကာကွယ်ပေးနိုင်တာမှ မဟုတ်တာ ”လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။

====================================

AP သတင်းဌာနတွင် ဖော်ပြသော “No justice for Muslims massacred by Myanmar Buddhists”ကို စိုင်ဖုလ္လာဟ် (မြန်မာမွတ်စ်လင် မီဒီယာ)က ဘာသာပြန်ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: