ဆဒ္ဒန်ဆင်မင်း ဇာတ် တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း

ဆဒ္ဒန်ဆင်မင်း ဇာတ် တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း ဆက်ပြောချင်ပါသေးတယ်။

မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊
ပြီးတော့ရော- အခက်အခဲကြုံ လာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊

အဲဒီတော့ သင်ခန်းစာ အဟောင်းလေး ပြန်တွေးကြည့်ရ အောင်။ ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှဝေပါရစေ။

ဆဒ္ဒန်ဆင်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ မဟာ သုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါ။ တရက်မှာတော့ ဆဒ္ဒန်ဆင်မင်းက မိဖုရားနှစ်ပါးကို ပန်းပေးမယ်ဆို လုပ်တယ်။ ဆင်တွေဆိုတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ပန်းပေးတာပေါ့နော်။ မိဖုရား နှစ်ပါးကို ဝဲညာရံစေလျက် ဆဒ္ဒန်ဆင်မင်းက အင်ကြင်းပင်ကို ဦးနဲ့ဝှေ့တော့ သစ်ပင်ပေါ်က အင်ကြင်းပန်းတွေက ကျလာတာပေါ့။ အဲဒီမှာဖြစ်ချင်တော့ မဟာသုဘဒ္ဒါဘက်ကို ပန်းတွေ ကျပြီး စူဠသုဘဒ္ဒါဘက်ကိုတော့ ခါချဉ်ကောင်တွေကျလာခဲ့တယ်။ အဲဒီတော့ စူဠသုဘဒ္ဒါက အမျက်တော်ရှသွားခဲ့တယ်။ အဲဒီစူဠသုဘဒ္ဒါမိဖုရားက သေဆုံးသွားပြီး ဒီဘဝမှာ လူပြန်ဖြစ်ပြီး ဘုရင်ကြီးရဲ့မိဖုရားဖြစ်နေတယ်။ ဆဒ္ဒန်ဆင်မင်းကတော့ ကံမကုန်သေးဘူး။ ဆင်မင်းဘဝနဲ့ပဲ ရှိနေသေးတယ်။

အဲဒီမှာ သူ့ရဲ့ဒီဘဝက လင်တော်မောင်ဘုရင်ကြီးကို သူက ဆဒ္ဒန်မင်းရဲ့ အစွယ်ကို နားကွင်းလုပ်ပန်ချင်တာကြောင့် ဆဒ္ဒန်မင်းကို သတ်ပေးဖို့ ပူဆာတော့တယ်။ အမှန်တော့ ဆဒ္ဒန်ဆင်မင်းကို လက်စားချေတာပေါ့လေ။

အဲဒီတော့ ဘုရင်က မုဆိုး သောနုတ္တရ်ကို စေခိုင်းတော့တာပါပဲ။

မုဆိုးသောနုတ္တိုရ်အကြောင်း… ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။
နောက်ဆုံး ဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွားတော့ သင်း(သောနုတ္တိုရ်)ဘာလုပ်သလဲ၊

သူ့အပြစ်လွတ်အောင် ‘မြမရှား စိန်မရှား အလွန်ပင် များ သည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်’ဆိုပြီး မိဖုရားကို လွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊

‘သူ့မယား ငိုတည့်လျှင် ဟိုလူကြီးက ပျာယီး ပျာယာ ပဇာအရေး မမျှော်တွေးပဲ ကျွန်တော်မျိုးအား ဆင့်ခေါ်ပြီးလျှင် ဟယ်…နော်လုဒ္ဒက ဆဒ္ဒန်အစွယ် မရက ဇီဝနတ္ထိ နင်သေမည်သိ’ ဆိုပြီး ဘုရင်ကို လွှဲချနဲ့…

ကဲ…ကြည့် … နောက်ဆုံး သူ့ကိုယ်သူတော့ ဘယ်လိုပြောတယ်ထင်သလဲ။

‘အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော် ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ’တဲ့..သောနုတ္တရတို့ လျှောက်တင်ပုံများ။

ဆဒ္ဒန်ဆင်မင်းက သူ့ကို လာသတ်နေတဲ့၊ သူ့ကို လေးနဲ့ခွင်းထားတဲ့ ဒီမုဆိုးကို အပြစ်ပြောဖို့နေနေသာသာ ‘သြော်…ဒီကောင်လေးလည်း နီးရာဓား ကြောက်ရရှာတာကိုး၊ သူ့အထက်က ခိုင်းလို့ လုပ်ရရှာတာကိုး’ဆိုပြီး ပြန်ပြီးတော့ တောင် သနားရမလိုလို။

သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင် ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။ ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင် မင်းရဲ့ယခင်ဘဝက မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့ အကြံကို သိရှိသွားတဲ့အခါကြ တော့

‘လောင်စာ ရန်ငြှိုး မီးဆက်၍ ပျိုးမည်စိုးသောကြောင့်’ ‘မိန်းမဆိုး အမုန်း ဒီဘဝနှင့်ပင် ဆုံးစေတော့’ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိုပြုနိုင်ကြောင်း ပြောလိုက်တဲ့အခါမှာ စောစောကတော့ သူသေရမှာကို အကြောက်ကြီးကြောက်ပြီး ဉာဏ်နီဉာဏ်နက် အစုံသုံး ပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်က,သတဲ့။ ဒါပါပဲ။

လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။ ဦးပုည အရေးအသား အရမ်းကောင်းပါတယ်။

”မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန် တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်း ကိုပွတ်၊ ဤတွင် ပေါက်လွတ် ဗလဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခေါင်တွင်းမှ သွေးချောင်း ကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏”တဲ့။

ကဲ..သောနုတ္ထရတို့ ‘မိုက်ချက်ကတော့ ကမ်းကုန်ပဲ’။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်း တယ် လို့ပြောချင်တာ၊ ချီးကျူးတာ မဟုတ်ဘူး။ အဲဒီတော့ စာရေးသူ အခုမျှဝေခဲ့တာ ဆဒ္ဒန်ဆင် မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကို အဓိက မျှဝေတာပါ။

ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင် ရှောင်တတ်တယ်။ သူများကို အပြစ်ပုံချတတ် တယ်။

သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့ လုပ်ရတာ၊ နီးရာဓား ကြောက်လို့ လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။ စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်နီဉာဏ်နက်များတယ်။ သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာ ဇာတ် လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကို အခါခပ်သိမ်း ကောင်းကျိုး မပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇဝင်ဆရာများက ဘယ်လို ရာဇဝင်မှာ စာတင်ခဲ့ပါသလဲ။

“မုဆိုးညစ်ထေး ငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ အဲဒါကြောင့် သောနုတ္တရမုဆိုးနှင့် တူသောသူများ မိမိကိုယ်ကို အချိန်မီ ပြင်သင့်ပါပြီ။ အချိန်ရှိပါသေးတယ်။ စာရေးသူကတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် နာမည်တပ်ပြီး မပြောလိုပါဘူး။ အကုန်လုံးကို ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာမျိုး စာရေးသူ မလုပ်ချင်၊ မလုပ်ရဲပါဘူး။ တော်ကြာ ကိုယ်ပါ သောနုတ္တိုရ်လို လူမျိုးစာရင်းထဲ ပါသွားမှဖြင့်။

ကဲ…ဒီဇာတ်တော်မှာ မုဆိုးသောနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော။ ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဉာဏ် မသုံးပဲ မယားအလိုကျ မယားခိုင်း တာလုပ်တဲ့ဘုရင်။ ဒီလိုပြောလို့လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်း ဘူး ပြောတာ မဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: