Some important excerpts of the history of Burmese Muslims ဗမာမွတ်စလင် နိုင်ငံရေး

Some important excerpts of the history of Burmese Muslims

 လူမျိုးနှင့် ဘာသာ ပတ်သက်ခြင်းမရှိ။

လူမျိုးတစ်မျိုး (၀ါ) လူပုဂ္ဂိုလ်တစ်ဦး၏ တိုင်းရင်းသား (၀ါ) နိုင်ငံသားဖြစ်မှုသည် ထိုပုဂ္ဂိုလ်က မည်သည့် ဘာသာကို ကိုးကွယ်သည် (၀ါ) မည်သည့်ဘာသာကိုမျှ မကိုးကွယ်ဆိုသည်နှင့် မသက်ဆိုင်ပါ။ အခြေခံ ဥပဒေအရ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နိုင်ပါသည်။ ဘာသာတစ်ရပ်ကို ကိုးကွယ် ကြသော အုပ်စု တစ်စုသည် လူမျိုးတစ်မျိုး မဟုတ်ပါ။ ကိုးကွယ်သော ဘာသာ နှင့် ပါဝင်သော လူမျိုးစု သည် ခြားနားပါသည်။

(၁၉၈၀ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နိုင်ငံသားဥပဒေ ကော်မရှင်ဥက္ကဌ ဒေါက်တာ မောင်မောင် ၏ ရန်ကုန် သတင်းစာ ရှင်းလင်းပွဲ)

လွတ်လပ်ရေး လှုပ်ရှားမှု ကာလမှ သမိုင်းမှတ်တမ်းတချို့

၁။ ဖဆပလ အဖွဲ့ကြီးတည်ထောင်စဉ် နေသူရိန်ညီလာခံခေတ်က အဖွဲ့ချုပ်အတွင်းရှိ လူထုလူတန်းစား အဖွဲ့အစည်းများတွင် ဗမာမွတ်စလင် ကွန်ဂရက် (ဗမက)သည် တက်တက်ကြွကြွဆောင်ရွက်သော နိုင်ငံရေး အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်က (ဗမက)အဖွဲ့သည် အခြားအဖွဲ့အစည်းများ ထက်ပင် ပိုမိုတက်ကြွစွာ လှုပ်ရှားခဲ့သည်။

(ကြေးမုံဦးသောင်း ရေး- ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ စာအုပ်၊ စာမျက်နှာ-၁၄၁)

၂။ ၁၉၄၇ခုနှစ်၊ ဖဆပလ အဖွဲ့ချုပ် ပဏာမညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း က `ကျွန်တော်တို့ တိုင်းပြည် မှာ အလောင်းဘုရား လက်ထက်ကတည်းက မွတ်စလင်တွေရှိတယ်၊ ဘရင်ဂျီ (ခရစ်ယာန်)တွေရှိတယ်၊ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေရှိတယ်။ သူတို့ တတွေဟာ အားလုံးနိုင်ငံသားတွေပဲ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ ချည်းပဲ မဟုတ်ဘူး။ သူတို့ တတွေလည်း ပါဝင်ခဲ့ကြတယ်။´

(ကြေးမုံဦးသောင်း ရေး-ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ စာအုပ်၊ စာမျက်နှာ-၁၃၉)

၃။ ဗိုလ်ချုပ်အောင်ဆန်း က `အခု တိုင်းပြည်ဟာ ကျွန်တွင်းက လွတ်မယ် မကြံသေးဘူး၊ (သူတို့) လူနည်းစု များအပေါ် အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို ဦးစားပေးလျှင် ကျနော်တို့ဟာ ခွေးလောက်တောင် အသုံးမကျဖြစ်သွားမှာပေါ့။ တိုင်းပြည်ကို တိုင်းပြည်အရေးလို တွက်ကြပါ။ တိုင်းပြည်တစ်ခုလုံး ညီညွတ်ဖို့ လိုတယ်။´

(ကြေးမုံ ဦးသောင်း ရေး-ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ စာအုပ်၊ စာမျက်နှာ-၁၃၉)

၎။ ၁၉၄၇ခုနှစ်၊ မေလ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရန်အလို့ငှာ ဖဆပလ အဖွဲ့ချုပ်၏ ပဏာမ ညီလာခံ ကျင်းပရန် စီစဉ်သည့်ကာလတွင် ဒီဒုတ် ဦးဘချို အပါအ၀င် ဗုဒ္ဓဘာသာရဟန်း တချို့နှင့် နိုင်ငံရေး ခေါင်းဆောင်တချို့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်စေရန် ရေးသားဟောပြော လှုံ့ဆော်ခဲ့ကြသည်။ ထိုအခါ ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင် ဥက္ကဌ ဦးအောင်ဆန်း က `သမ္မတ ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ် ဆိုလျှင် မှားတယ်။ ဒီလိုလုပ်ကြရင် နိုင်ငံတော်ဟာ ကံဆိုးမိုးမှောင်ကျဒါပဲ´ဟု ပြင်းထန်ပြတ်သားစွာ ပြောဆို ဆန့်ကျင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း က `ဒီလို မဟုတ်မဟတ်တာတွေ လျှောက်လုပ်နေကြယင် ကျနော်တို့ တိုင်းပြည်ဟာ မကြာမီပြိုကွဲပျက်စီးပြီး ကျွန်သဘောက်ဖြစ်သွားနိုင်ပါတယ်။´ ဟု ပြောဆိုခဲ့သည်။

(ကြေးမုံ ဦးသောင်း ရေး- ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ စာအုပ်၊ စာမျက်နှာ-၁၃၈)

၅။ ၀န်ကြီးချုပ်ဦးနု က ဗမာမွတ်စလင် ကွန်ဂရက် (ဗမက)အဖွဲ့ဝင်တွေဟာ ဗမာတွေပါ။ သူတို့ရဲ့ ကိုးကွယ် တဲ့ ဘာသာ သာ အီစ္စလာမ်ဖြစ်တာ။ ထိုစဉ်က မြန်မာတစ်နိုင်ငံလုံးရှိ မွတ်စလင်များဟာ (ဗမက)ကို ထောက်ခံအားပေး ခဲ့ကြသည်။

(ကြေးမုံ ဦးသောင်း ရေး- ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ၊ စာမျက်နှာ-၁၄၂)

၆။

(၁) ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၂၁ (၁)တွင် ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ၌ နိုင်ငံသား အများစု ကိုးကွယ်ရာ ဘာသာကြီးတစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုသည်။

(၂) နိုင်ငံတော်သည် အီစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သော ဘာသာ စသည်တို့ကို ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသော အချိန်၌ နိုင်ငံတော်အတွင်း ရှိနေကြ သော ဘာသာတချို့ဖြစ်ကြသည်ဟူ၍လည်း အသိအမှတ်ပြုသည်။

(ကြေးမုံ ဦးသောင်း ရေး- ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှ၊ စာမျက်နှာ-၁၄၀)

၇။ ၀န်ကြီးချုပ်ဦးနု က `ပြည်တော်သာယာရေး လုပ်ငန်းတွေကို ပြပြီးစည်းရုံးတာနဲ့၊ ဘာသာကိုပြပြီး စည်းရုံး တာက ပိုပြီးလွယ်ကူပါတယ်။ ဘာသာကိုပြပြီး စည်းရုံးတဲ့ အဖွဲ့အစည်းတွေ ပေါ်လာယင် တိုင်းပြည်အတွက် မကောင်းပါ။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်နိုင်ပေမယ့် ဘာသာရေး မျှတမှုမရှိလျှင် အဓိကရုဏ်း တွေ ဖြစ်ပြီး၊ တိုင်းပြည်အတွင်း သွေးချောင်းစီးပါလိမ့်မည်။

(ကြေးမုံ ဦးသောင်း ရေး- ဗိုလ်နေ၀င်း ဇာတ်လမ်းရှုပ်သမျှစာအုပ်၊ စာမျက်နှာ-၁၄၂)

၈။ ၁၉၄၆ခုနှစ်၊ အလယ်ပစ္စယံ ဖဆပလ ဥပဒေပြု ညီလာခံတွင် ခေါင်းဆောင်ကြီး ဒီဒုတ်ဦးဘချို က မြန်မာ မွတ်စလင်များသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင် သက်စွန့်ကြိုးပမ်းခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် မြန်မာမွတ်စလင်တို့အား ဇာတိဆိုင်ရာ လူမျိုးစု `မြန်မာမွတ်စလင်´ အဖြစ် အသိအမှတ်ပြုရန် အဆိုအမှတ် (၆)ကို တင်သွင်းခဲ့ရာ ညီလာခံမှ တခဲနက် ထောက်ခံခဲ့ကြသည်။

ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဗမာခေါင်းဆောင်များကို မွတ်စလင်တို့က များစွာ ယုံကြည်ခဲ့ကြ သည်။ ထို့ကြောင့်ပင်လျှင် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် ကွန်ဂရက် (ဗမက) ခေါင်းဆောင်တချို့က တိုင်းရင်းသား မွတ်စလင်များသည် ဗမာလူမျိုးများနှင့် တသားတည်းရှိသည်ဟုဆိုကာ `ငါတို့သည် လူမျိုး အားဖြင့် ဗမာ၊ ကိုးကွယ်သောဘာသာမှာ အီစ္စလာမ်´ ဖြစ်သည်ဟု ဆိုခဲ့သဖြင့် ခေါင်းဆောင်ကြီး ဒီဒုတ် ဦးဘချို ၏ အဆိုကို ရုပ်သိမ်းခဲ့ရပါသည်။ ထိုစဉ်က လူမျိုးရေး ဘာသာရေးအရ ခွဲခြားမုန်းတီးမှု အခြေအနေ မှာ ယနေ့ကာလကဲ့သို့ မရှိခဲ့ပေ။

(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပသီကွန်ဂရက်၊ ၁၂-၆-၁၉၆၁)

၉။ မြန်မာ့လွတ်လပ်ရေးအတွက် ပင်လုံစာချုပ် မချုပ်ဆိုနိုင်မှီ အချိန်ကလေးက လူမျိုးစု ခေါင်းဆောင် များနှင့် ဆွေးနွေးမှုမပြေလည်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အိမ် (ရန်ကုန်) ပြန်ရန် လေယာဉ်ကို စီစဉ် ခိုင်းခဲ့သည်။ ထိုအခါ ဦးဖေခင် (မွတ်စလင်) နှင့် ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှတို့က အခြေအနေကို ကောင်းမွန်စွာ စီစဉ်နိုင်ခဲ့သဖြင့်သာ ပင်လုံစာချုပ် ဟူ၍ ပေါ်လာခဲ့ခြင်းဖြစ်သည်။

(ဦးဖေခင်၊ ကိုယ်တွေ့ ပင်လုံ၊ စာမျက်နှာ-၆၉)

၁၀။ အီစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့်က စ၍ ရောက်ရှိခဲ့သည်။

(န၀တအစိုးရမှ ထုတ်ဝေသော `သာသနာရောင်ဝါ ထွန်းစေဘို့´ စာအုပ်၊ စာမျက်နှာ-၆၅)

၁၁။ မြန်မာနိုင်ငံသို့ မွတ်စလင်များသည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းဖြင့်လည်း ရောက်ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဘုရင်များနှင့် နယ်စားပယ်စားများ၏ ကြေးစားစစ်သည်တော်များအဖြစ် လည်းကောင်း ရောက်ရှိခဲ့ကြသည်လည်း ရှိ၏။ များစွာသော မွတ်စလင်တို့မှာ ဘုရင့်မြို့တော်အတွင်း မှာပင် အခြေချနေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာမှာ အိန္ဒိယအနွယ် ဟိန္ဒူလူမျိုး (အနူရဒ္ဒါ) အနော်ရထာမင်း (၁၀၄၄-၁၀၇၇) မတိုင်မှီအထိ ညစ်ညံ့သောအကျင့်ပျက်အရည်းကြီး ရဟန်းများ၏ စိုးမိုးချယ်လှယ်မှုကိုခံခဲ့ရသည်။ အနော်ရ ထာမင်း၏ တပ်မတော်သည် အဆိုပါ ရဟန်းယုတ် ရဟန်းဆိုးများကို တိုက်ခိုက်ချေမှုန်းပြီး ယနေ့ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော (ထေရ၀ါဒ) ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သည်။

အနော်ရထာမင်း၏ တပ်မတော်၌ အိန္ဒိယအနွယ်ဝင် တပ်မတော်သားများစွာ ပါဝင်ခဲ့သည်။ ထိုတပ်မတော် သားများထဲတွင် အီစ္စလာမ်ဘာသာကို ကိုးကွယ်သော မွတ်စလင်တပ်မတော်သား အများအပြားပါဝင်ခဲ့ကြ သည်။ ထိုတွင်မကသေး အနော်ရထာမင်း၏ ကိုယ်ရံတော်တပ်ဖွဲ့တွင်လည်း မွတ်စလင်အများအပြား ပါဝင် အမှုထမ်းခဲ့ကြသည်။ ထိုသို့ အနော်ရထာမင်း၏ တပ်မတော်နှင့် ကိုယ်ရံတော် တပ်ဖွဲ့တွင် မွတ်စလင်အများ အပြား ပါဝင် အမှုထမ်းခဲ့ကြသည်ကို အနော်ရထာမင်း၏ တပ်မတော်မှ ထိုစဉ်က ၀င့်ကြွားဂုဏ်ယူ မဆုံးဖြစ် ခဲ့ကြသည်။

ဗမာဘုရင် မင်းကြီးစွာစော်ကဲ (အေဒီ-၁၃၆၈-၁၄၀၁) လက်ထက်က မွန်တို့၏ မြို့တော် မုတ္တမကို ဗမာတို့ သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့စဉ်က မွန်တပ်ဖွဲ့တွင် ပါဝင်သော မွတ်စလင် အရာရှိကြီး နှစ်ဦး၏ လက်အောက်တွင် အမှုထမ်းနေသော မွတ်စလင်တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ တိုက်ခိုက် မှုကို ဗမာတပ်ဖွဲ့ဝင်တို့ အနေနှင့် အလူးအလဲ ခံခဲ့ကြရသည်။

ရာဇဓိရာဇ်မင်း (၁၃၅၈-၁၄၂၃) အနေဖြင့် ဒဂုံမြို့ (ယခု ရန်ကုန်မြို့)ကို တိုက်ခိုက်ခဲ့စဉ်ကလည်း မွတ်စလင် တို့၏ အကူအညီဖြင့်သာ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

[M.Siddiq Khan” Captain George Sorrel’s Mission to the Court of Amarapura, 1793-4”, Siddiq Khan, op,cit; p.261, quoting from Symes, Second Embassy to Ava, p.198

Hall,op,cit; p.200. Ibid,p.259 , quoting from Sangermano, The Burmese Empire,p.176. Harvey, op;cit; P-112, B.R. Pearn, A history of Rangoon (Rangoon American Baptist mission Press 1938) P.18; H.R. Spearman , British Burma Gazetteer, vol.1(Rangoon 1880), P-262; Siddiq Khan ,op’cit;x (June, 1936). P-262.]

၁၂။ တိုင်းရင်းသား မွတ်စလင်များသည်လည်း မြန်မာဘုရင် အဆက်ဆက်က မိမိတို့ မွေးဖွားရာမြေ၊ ထိုမြေကို စိုးပိုင်တော်မူသော မင်းကောင်းမင်းမြတ်တို့အတွက် အသက်ပေး ကာကွယ်ခဲ့ကြသော အစဉ် အလာ ရှိခဲ့ကြသူများ ဖြစ်သည်။ ဘာသာပေါင်းစုံကို ကိုးကွယ်သော အခြားသော တိုင်းရင်းသား ညီအစ်ကို များနှင့်အတူ တိုင်းရင်းသား မွတ်စလင်များသည်လည်း ရုန်းကန်လှုပ်ရှားမှု အရပ်ရပ်၏ ရှေ့တန်းမှ အသက်ပေး ရပ်တည်ပေးခဲ့ကြသည်။

Some important excerpts of history of the Muslims in Arakan

ရခိုင်ပြည်မှ မွတ်စလင်များ

၁။ ရခိုင်ဘုရင် ဒွေင်စန္ဒြမင်း (အေဒီ ၃၂၀-၃၇၅) သည် ဝေသာလီကျောက် လှေကားမြို့ကို တည်ထောင် ခဲ့၏။ ထိုမြို့ကို တည်ထောင်၍ မကြာမှီမှာပင် ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများမှ သင်္ဘောကြီး အမြောက်အများ ၀င်ထွက်သွားလာခဲ့ကြသည်။ ထိုသို့ ၀င်ထွက်သွားလာသော သင်္ဘောအရေအတွက်သည် တစ်နှစ်- တစ်နှစ်လျှင် တစ်ထောင်ခန့်ရှိကြောင်း သုတေသီပညာရှိများ၏ မှတ်တမ်းတွင် တွေ့ရသည်။ အလားတူ ရခိုင်ပြည်မှ ကုန်သည်ကြီးများ၏ သင်္ဘောများသည်လည်း ဘင်္ဂလားပင်လယ်အော် တစ်ဝိုက် ကူးသန်း ရောင်းဝယ်ရန် သွားလာခဲ့ကြသည်။

[ဦးအောင်သာဦး ရေး၊ ရခိုင်ယဉ်ကျေးမှု အတွဲ-၁၊ အမှတ်-၁၊ စာမျက်နှာ-၄၉]

၂။ ဘုရင်နရမိတ်လှ (ခေါ်) မင်းစောမွန် (ခေါ်) စောမွန်ခန် (Solmon Khan) သည် လောင်းကြက်ခေတ် (အေဒီ ၁၂၅၀-၁၄၀၄)၏ နောက်ဆုံးမင်းဖြစ်သည်။ ယင်းမင်းသည် အမတ်ကြီး ဒါးလက်စား အနန္ဒသိန်၏ နှမတော် စောပုညိုကို လုယူသိမ်းပိုက်သဖြင့် အနန္ဒသိန်က (ဗမာဘုရင်) အင်းဝမင်းဆွေ (ခေါ်) ပထမ မင်းခေါင်ထံ စစ်ပန်ခဲ့သည်။ ပထမ မင်းခေါင်ကလည်း သားတော်အိမ်ရှေ့မင်းသား၊ မင်းရဲကျော်စွာအား တိုက်ခိုင်းလိုက်ရာ မင်းရဲကျော်စွာ တိုက်၍ မြန်မာသက္ကရာဇ် ၇၆၈ ခုနှစ် (အေဒီ ၁၄၀၄ ခုနှစ်) တွင် လောင်းကြက်မြို့ ပျက်ခဲ့သည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင် ဒင်္ဂါးများ၊ စာမျက်နှာ-၃၂]

ဘုရင်နရမိတ်လှ (ခေါ်) မင်းစောမွန် သည် ခရစ်သက္ကရာဇ် (၁၄၀၄)ခုနှစ်တွင် ရခိုင် ထီးနန်းကို စွန့်ပြီး အနောက်ဖက်ရှိ မွတ်စလင်စုလ်တန်ဘုရင် အုပ်ချုပ်သော အနောက်ဘင်္ဂလားနိုင်ငံ၏ မြို့တော် ဂါဝါ (Gaur) သို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့သည်။ ဘုရင်နရမိတ်လှ သည် ဂါဝါစုလ်တန်ဘုရင် အဟာမတ်သျှား (Ahamad Shah)ထံ (၂၂)နှစ်ခန့် ခိုလှုံခဲ့ရသည်။ ထိုသို့ ခိုလှုံနေစဉ် ဘုရင်နရမိတ်လှ သည် စုလ်တန် ဘုရင် အား ကျူးကျော်တိုက်ခိုက်လာသော ဒေလီဘုရင် ပါသျှား ၏ တပ်မတော်အား ခုခံတိုက်ခိုက်ပေးခဲ့သည်။

[Muslim in Burma by Moshe Yegar, Page-18]

ဘုရင်နရမိတ်လှ (မင်းစောမွန်)မရှိခိုက် လောင်းကြက်မင်းဆက်နှင့် မြောက်ဦးမင်းဆက်တို့ အကြား (၂၂)နှစ် တိုင်အောင် မွန်နှင့်ဗမာတို့ အကြိမ်ကြိမ် အပြန်အလှန်တိုက်ခိုက်ပြီးလျှင် လောင်းကြက်မြို့ကို တစ်လှည့်စီ အုပ်ချုပ်ခဲ့ကြသည်။ [ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင်ဒင်္ဂါးများ စာအုပ်၊ စာမျက်နှာ-၃၂]

ဘုရင်နရမိတ်လှအား ခိုလှုံခွင့်ပေးထားသော စုလ်တန်ဘုရင်များသည် လူသားစိတ်ဓါတ်ရှိကြ၏။ စုလ်တန် ဘုရင် အဟာမတ်သျှား အား ဆက်ခံသော ဘုရင် နာဒိရ်သျှား (Nadir Shah) သည် ရခိုင်ဘုရင် နရမိတ်လှ (ခေါ်) မင်းစောမွန်၏ မေတ္တာရပ်ခံချက်အရ ရခိုင်ထီးနန်းတွင် ပြန်လည်တင်နိုင်ရန်အတွက် (၁၄၃၀) ခုနှစ်၌ ဗိုလ်ချုပ်ကြီး ၀ါလီခန် (Veli Khan) ဦးဆောင်သော မွတ်စလင်တပ်မတော်သား (၃၀၀၀၀) (တချို့က ငါးသောင်း) ကို ရခိုင်ပြည်သို့ စေလွတ်ခဲ့သည်။ ရခိုင့်ရန်သူများကို ချေမှုန်းနိုင်သောအခါ ဗိုလ်ချုပ်ကြီး ၀ါလီခန် သည် စုလ်တန်ဘုရင် ညွန်ကြားထားသည့်အတိုင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ထိုအကြောင်းကို ဘုရင် နရမိတ်လှ က ဒုတိယအကြိမ်သွားရောက် တိုင်ကြားသောအခါ ဘုရင်နာဒိရ်သျှား (Nadir Shah) သည် အမျက်ဒေါသဖြစ်ပြီး ဒုတိယမွတ်စလင် တပ်မတော်ကို ရခိုင်ဘုရင်နရမိတ်လှအား ပေးအပ်ကာ ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူစေလျက် ရခိုင်ထီးနန်းပေါ် တင်ပေးခဲ့သည်။

[Muslim in Burma by Moshe Yegar, page-18]

ထိုစဉ်က လောင်းကြက်မြို့တော်မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သဖြင့် ရခိုင်ဘုရင် နရမိတ်လှ (၁၄၀၄-၁၄၃၄) သည် မြို့ဟောင်း (မြောက်ဦး)ကို မြို့တော်သစ်အဖြစ်တည်ဆောက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ဤ အကြောင်းနှင့်ပတ်သက်၍ အဒူမင်းညို ရေး ဧချမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်။

`လောင်းကြက်တွင်မူ ရိပ်ဖြူဖွေးဖွေး တဆယ့်လေးဝယ် ခင့်ဘေးဆုံးစွန် မင်းစောမွန် လျှင် တရန်တထောက် ကျိန်းခန်းလျှောက်ဖြင့် နောက်သူရတန် (စုလ်တန်) ပဌာန် (ပထန်)မင်းနေ၊ ပြေးရှာချေ၍ ပြန်လေတခါ မြို့ကောင်းရာကို ရှာလေအကျော်´

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင် ဒင်္ဂါးများ၊ စာမျက်နှာ-၃၂]

ဘုရင်နရမိတ်လှ (မင်းစောမွန်)အား ကူညီခဲ့သော မွတ်စလင်စစ်သည်တော်များကိုလည်း မြောက်ဦးမြို့ အနီးတွင် ရွာတည်ဆောက်ပြီး နေရာချပေးခဲ့သည်။ ထိုရွာအနီးတွင် မွတ်စလင် စစ်သည်တော်များက ဘုရား ၀တ်ပြုနိုင်ရန် စန္ဒီခန်ဗလီ (Sandi Khan Mosque) ကို ဆောက်လုပ်ပေးခဲ့ကြသည်။ ထို ဗလီမှာ ယနေ့တိုင် တည်ရှိနေသည်။ [Muslim in Burma by Moshe Yegar, page-18]

ရခိုင်ပြည်တွင် စန္ဒသူရိယမင်းသည် သူပုန်တို့လက်ချက်ဖြင့် လွန်တော်မူလျှင် ဘုရင်စန္ဒ၀ိဇယရာဇာမင်း (၁၇၁၀-၁၇၃၁)သည် ရခိုင်ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ဤမင်းလက်ထက် သောင်းကျန်းနေသော ကိုယ်ရံ တော် အပေါင်းတို့ကို နှိမ်နှင်းပြီးလျှင် ဇာတ်ဘာသာရောယှက်နေပြီး ဖြစ်သော ပြည်သူများကို စစ်ကြော မေးမြန်းကာ ဇာတ်ဘာသာအလိုက် မြို့၊ ရွာများ တည်ဆောက်၍ နေရာချပေးခဲ့သည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင် ဒင်္ဂါးများ စာအုပ်၊ စာမျက်နှာ-၅၉]

ဂါဝါဘုရင် နာဒိရ်သျှားထံမှ စေလွတ်သော မွတ်စလင်တပ်မတော်သားများသည် ရခိုင်ပြည်ကို ကျူးကျော် စိုးမိုးနေသူများကို တိုက်ခိုက် ချေမှုန်းပြီး ရခိုင်ဘုရင် နရမိတ်လှ (မင်းစောမွန်)အား ထီးနန်းတင်ပေး ခဲ့ကြသည်။ မင်းစောမွန် အား ကူညီပေးခဲ့ကြသော ထိုမွတ်စလင် တပ်မတော်သားများကို နေပြည်တော်အား ကုန်းကြောင်း၊ ရေကြောင်းများမှ ကာကွယ်ရန်အလို့ငှာ လေးမြိုးမြစ်နှစ်ဖက် နှစ်ချက်တွင် ကျေးရွာများ တည်ဆောက်စေလျက် အစီအရီ နေရာချပေးခဲ့သည်မှာ ယနေ့တိုင်တည်ရှိလျက်ရှိသည်။

ထိုမွတ်စလင်များကို ထိုစဉ်က ပသီမွတ်စလင်ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ရခိုင်ပြည်ကို ဗမာဘုရင်ဘိုးတော် ဘုရားက သိမ်းပိုက်နိုင်သောအခါမှာလည်း ပသီမွတ်စလင်ဟူ၍ပင် ခေါ်ဝေါခဲ့ကြသည်။ ၁၈၂၃-၂၄ခုနှစ်၌ ဖြစ်ပွားခဲ့သော အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် အင်္ဂလိပ်တို့က ရခိုင်ကို သိမ်းပိုက်သောအခါ ရခိုင်ပြည်ရှိမွတ်စလင်များကို အာရ်ကာန်မွတ်စလင် (Arakanese Muslims) ဟူ၍လည်းကောင်း၊ ဗုဒ္ဓ ဘာသာဝင်များအား အာရ်ကာန်ဗုဒ္ဓဘာသာဝင်များ (Arakanese Buddhists) ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလနှင့် ၁၉၄၈ခုနှစ်၌ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ရခိုင်မွတ်စလင်များ (Arakanese Muslims) ဟူ၍လည်းကောင်း၊ ရခိုင်ဗုဒ္ဓဘာသာဝင်များ အား (Arakanese Buddhists) ဟူ၍လည်းကောင်း ခေါ်ဝေါ်လာခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း (၁၉၄၂)ခုနှစ်၌ ဖြစ်ပွါးသော လူမျိုးရေး အဓိကရုဏ်းတွင် ထိုရခိုင်မွတ်စလင် (ပသီ)များအား ဘေးအန္တရာယ် မပြုကြရန် ထိုဒေသရှိ ရခိုင့်သမိုင်းကို နားလည်ကြသော ရခိုင်ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်များက လူဆိုးလူမိုက်များကို ဟန့်တား ပေးခဲ့ကြသည်။ [စာရေးသူ]

မြောက်ဦးမြို့သည် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်သည့် (၁၇၈၄)ခုနှစ် တိုင်အောင် ရခိုင်မြို့တော် အဖြစ်တည်ရှိခဲ့သည်။

[Muslim in Burma by Moshe Yegar, page-18]

၃။ (က) ခရစ်သက္ကရာဇ် (၁၅၃၁)ခုနှစ်ခန့်က မင်းဘာကြီး (မင်းဘင်) လက်ထက်တွင် ပါရှန်အင်ပါယာဘက်မှ ဦးကာဒီ ဦးဆောင်သော သံအမတ်သုံးဦးသည် ဘုရင်ထံလာရောက် ဆည်းကပ်ခဲ့ကြသည်။ ယင်းအချိန်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့မှ အီစ္စလာမ်ပညာရှင် တရားဟောဆရာများကို ခေါ်လာပြီး သူတို့၏အီစ္စလာမ်တရား များကို ဟောကြား ပြောကြားခဲ့သဖြင့် ရခိုင်အမျိုးသားတချို့ အီစ္စလာမ်ဘာသာကို ကူးပြောင်းယုံကြည်ခဲ့ ကြသည်။

(ခ) မြန်မာသက္ကရာဇ် ၈၉၃ ခုနှစ် (ခရစ်သက္ကရာဇ်-၁၅၃၁ခုနှစ်)က နန်းတက်သော မင်းဘာကြီးဘုရင် (မင်းဘင်) (ဇဘောက်သျှား) (၁၅၃၁-၁၅၅၃)လက်ထက် ပါရှန်ဘုရင်၏သံအမတ်တချို့သည် လည်းကောင်း၊ ရခိုင်ဘုရင်၏ မူသျှား၊ ဟောနူးသျှား တို့သည်လည်းကောင်း၊ ဒေလီမှ ပါရှန်သာသနာပြုများကို ပင့်ဖိတ်၍ မဟာမတ်ဘာသာတရားကို ရခိုင်ဗုဒ္ဓဘာသာဝင်တို့အား နေ့ညမပြတ် တွင်တွင်ကြီး ဟောပြောစေခဲ့ရာ ရခိုင် ဗုဒ္ဓဘာသာဝင်တချို့မှာ မဟာမတ်ဘာသာသို့ ကူးပြောင်းသွားခဲ့သည်။

မင်းဘာကြီးဘုရင်၏ တပ်မတော်ထဲတွင် လေးကိုင် ကမာန်သူရဲကောင်း ငါးသောင်းကျော် ရှိခဲ့သည်။

[ဓည၀တီ ဆရာတော် ဦးညာဏ ရေး၊ ရာဇ၀င်သစ် ဒုတိယတွဲ၊ စာမျက်နှာ-၁၆၁၊ ၁၆၂၊ ၁၆၃]

[ဦးလှထွန်းဖြူ ရေး၊ ရခိုင်ပြည်နယ်တိုင်းရင်းသား လူမျိုးစုများ၊ စာမျက်နှာ-၄၆၊ ၄၇]

ထိုမွတ်စလင်များ၏ အဆက်အနွယ်များကို ယနေ့မြောက်ဦး (မြို့ဟောင်း)နှင့် မင်းပြားမြို့နယ် လေးမြိုးမြစ် တစ်ဝှမ်းရှိကျေးရွာများ၊ စစ်တွေ၊ ကျောက်တော်နှင့် ရခိုင်ပြည်နယ် အခြားဒေသများတွင်လည်း တွေ့ရှိကြရ မည် ဖြစ်သည်။ [စာရေးသူ]

၎။ ပထမမြောက်ဦးခေတ် မင်းတစ်ပါးဖြစ်သော `ဇလတစောမွတ်´ (သဇာတမင်း)လက်ထက်မှစ၍ မင်းအဆက်ဆက်တိုင်အောင် အိန္ဒိယမှသာသနာပြုများလာရောက် သာသနာပြုခဲ့သဖြင့် ရခိုင်ပြည်သူ အမြောက်အများ အီစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြသည်။

[ကျောင်းအုပ်ဆရာကြီး ဦးရွှေပြည့် ရေး၊ ရခိုင်အနွယ်ဝင် ကမာန်လူမျိုးတို့၏ ဖြစ်စဉ်သမိုင်း၊ စာမျက်နှာ-၄၃]

၅။ စန္ဒသုဓမ္မရာဇာ (၁၆၅၂-၁၆၇၄) မင်း လက်ထက်တွင် မဂိုဘုရင် သျှာဂျာဟန် ၏ သားတော် သျှာသျူဂျာ (Shah Shujar) သည် နောင်တော် သြရန်ဇစ် နှင့် ထီးနန်းလုရာတွင် ရှုံးနိမ့်သောကြောင့် အသက်အန္တရာယ် ကို စိုးရိမ်၍ အေဒီ ၁၆၆၀ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့တွင် မိမိ၏မိသားစုများအပါအ၀င် အခြွေအရံ အစောင့်အရှောက်များနှင့်အတူ ရခိုင်ပြည် မြောက်ဦးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ မဂိုမင်းသား သျှာသျူဂျာအား ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာ က ကောင်းစွာကြိုဆိုလက်ခံပြီး မြို့တော် အနီးတွင် နေရာချပေး ခဲ့သည်။ [ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင် ဒင်္ဂါးများ စာအုပ်၊ စာမျက်နှာ-၅၂]

ဤအရေးကြီးသော အဖြစ်အပျက်သည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ မွတ်စလင်များကို ရခိုင်ဘုရင့် နေပြည် တော်သို့ ထပ်မံဝင်ရောက်ရန် အကြောင်းတစ်ရပ်ဖြစ်လာသည့်ပြင် ရခိုင်ဘုရင့် နိုင်ငံတော်အတွင်း နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ဖြစ်လာစေရန် အကြောင်းအချက်တစ်ရပ် ဖြစ်လာသည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင်ဒင်္ဂါးများစာအုပ်၊ စာမျက်နှာ-၅၂]

ဤသမိုင်းဆိုင်ရာ အရေးကြီးသော အဖြစ်အပျက်ကို သမိုင်းသုတေသီအများအပြားတို့က အမျိုးမျိုးဖော်ပြ ခဲ့ကြသည်။

၆။

(က) ခရစ်သက္ကရာဇ် (၁၆၅၇)ခုနှစ်တွင် မဂိုဧကရာဇ်ဘုရင် `သျှာဂျာဟန်´ (Shah Jahan)၏ သားတော် မင်းသားကြီး `သြရန်ဇစ်´ (Aurang Zeb) နှင့် ညီတော် မင်းသားငယ် `သျှာသျူဂျာ´ (Shah Shujar)တို့ နန်းလုကြရာ (၁၆၅၈)ခုနှစ်တွင် ဖခင်အား နန်းချပြီး သားကြီး `သြရန်ဇစ်´နန်းတက်ခဲ့သည်။ အေဒီ (၁၆၆၀) ခုနှစ် ၌ `သျှာသျူဂျာ´မှာ လုံးဝ အရေးနှိမ့်သဖြင့် သူ့မိသားစုအပါအ၀င် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များနှင့် အတူ `ဒါကာ´(Dhaka)မှ `စစ်တကောင်း´သို့လည်းကောင်း၊ ထိုမှ တစ်ဆင့် ရခိုင်ပြည်သို့ထွက်ပြေး တိမ်းရှောင် လာခဲ့သည်။ [Hall, History of Southeast Asia, pp. 338-339]

ရခိုင်ဘုရင် `စန္ဒသုဓမ္မရာဇာ´(၁၆၅၂-၁၆၇၄)ကလည်း `သျှာသျူဂျာ´၏ နောက်လိုက်တပ်ဖွဲ့ဝင်များ အပါအ၀င် သျှာသျူဂျာမင်းသားအား (၁၆၆၀)ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့တွင် ကြိုဆိုကာ မြောက်ဦး (မြို့ဟောင်း) မြို့အနီးတွင် နေထိုင်ခွင့်ပြုခဲ့သည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင်ဒင်္ဂါများ စာအုပ်၊ စာမျက်နှာ-၂၅]

ယင်းသို့ ရခိုင်ပြည်သို့ဝင်ရောက်ပြီး ခိုလှုံမှုရယူခဲ့ခြင်းမှာ အထက်၌ဖော်ပြခဲ့သည့်အတိုင်း ဘုရင်နရမိတ်လှ (မင်းစောမွန်)သည် မဂိုဘုရင်များထံ (၂၂)နှစ်ကြာ ခိုလှုံခဲ့ရာ၌ မဂိုဘုရင်များက မိမိတို့၏မွတ်စလင် တပ်မတော်ဖြင့် ရခိုင့်ရန်သူများကို တိုက်ခိုက်ချေမှုန်းပြီး ရခိုင်ဘုရင် မင်းစောမွန်အား ရခိုင်ထီးနန်းတွင် ပြန်လည်ကူညီ တင်မြှောက်ခဲ့သည်များကို ထောက်ချင့်လျက် ရခိုင်ဘုရင်ကို ယုံကြည်အားကိုးပြီး ခိုလှုံမှု ယူရန် ၀င်ရောက်လာခြင်း ဖြစ်တန်ရာသည်။ [Hall, History of Southeast Asia, pp. 338-339]

သျှာသျူဂျာ မင်းသားအား ခိုလှုံခွင့်ပြုရာတွင် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာ က သျှာသျူဂျာမင်းသား၏ အလို အတိုင်း ရာသီဥတုကောင်းမွန်လာသောအခါ သျှာသျူဂျာမင်းသားအား ဆော်ဒီအရေဗျနိုင်ငံ မက္ကာမြို့တော်သို့ သွားရောက်ပြီး ဘုရားဖူးနိုင်အောင် စီမံပေးမည်ဟု ကတိပြုခဲ့သည်ဆို၏။ ထိုစဉ်က ရခိုင်ပြည်တွင် မွတ်စလင် အမြောက်အများနေထိုင်လျက်ရှိနေကြသည်။ သို့သော် နောက်ပိုင်း၌ ဘုရင် `စန္ဒသုဓမ္မရာဇာ´က ကတိ အတိုင်း မဆောင်ရွက်သည့်အပြင် သျှာသျူဂျာမင်းသား၏ သမီးတော်တစ်ပါးကို လက်ထပ်လိုသည်ဟုပင် တောင်းဆိုခဲ့သည်ဆို၏။ ထိုအချက်ကို `သျှာသျူဂျာ´မင်းသားက လက်မခံ ဖယ်ရှားရာမှ ရခိုင်ဘုရင် `စန္ဒသုဓမ္မရာဇာ´နှင့် `သျှာသျူဂျာ´မင်းသားတို့ အကြား ပဋိပက္ခဖြစ်လာရာ `သျှာသျူဂျာ´မင်းသား နှင့် မိသားစု မှာ ၁၆၆၁ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ကွပ်မျက်ခြင်း ခံရသည်ဟု ဆို၏။

[Francois Bernie,Travels in the Mogul Empire, A.D. 1656-1668,tans.Archibald Constable , ed.vincent, A.Smith ,(2nd ed; Oxford University press,1916, pp.109-115.]

အထက်ပါအကြောင်းကိစ္စကို ပေါ်တူဂီဘုန်းတော်ကြီး `မန်ရီ(က်) (Manrique) နှင့် ပြင်သစ်ရူပဗေဒပညာရှင် `ဘာနီယား´(Bernier)တို့က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။ `ဘာနီယား´သည် (၁၆၅၈ မှ ၁၆၆၇)ခုနှစ်များ အတွင်း အိန္ဒိယနိုင်ငံ၌ နေထိုင်ခဲ့သည်။ ထို့အပြင် အဆိုပါမှတ်တမ်းကို `ဘာတာဗီယာ´ (Batavia) ရှိ `ဒါးခ်ျ´ အရှေ့အိန္ဒိယ ကုမ္ပဏီ (Dutch East-India Company)၏ မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။ ထိုကုမ္ပဏီ၏ ကိုယ်စားလှယ်များစွာမှာ ထိုစဉ်က မြောက်ဦး (မြို့ဟောင်း) မြို့တွင် ရုံးစိုက် နေထိုင် ခဲ့ကြသည်။

[D.G.Hall,’ studies in Dutch Relations with Arakan, part 11, Shah Shuja and Dutch withdrawal in 1665, Burma Research Society 15th Anniversary Publication No.2,1960, p.72.]

 

(ခ) ထိုအချိန်ကာလက အခြားရခိုင်သတင်းဌာနတစ်ခု၏ အဆိုအရ `သျှာသျူဂျာ´ (Shah Shujar) သည် ၄င်းနှင့်အတူပါလာသော တပ်ဖွဲ့ဝင်များနှင့်အတူ ရခိုင့်ထီးနန်းကို သိမ်းပိုက်၍ ၄င်းကိုယ်တိုင် ဘုရင်အဖြစ် ခံယူရန်ကြိုးပမ်းခဲ့သည်ဟုဆို၏။ ထိုအကြံအစည်ကို ဘုရင်`စန္ဒသုဓမ္မရာဇာ´သိရှိသောအခါ `သျှာသျူဂျာ´ မင်းသားအားဖမ်းဆီး၍ ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟုဆိုပြန်သည်။ သျှာသျူဂျာ အရေးအခင်းသည် စန္ဒသုဓမ္မရာဇာ လက်ထက် ၁၆၆၁ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဖြစ်ပွါးခဲ့သည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင်ဒင်္ဂါးများ စာအုပ်၊ စာမျက်နှာ-၅၂) Ibid;pp.88-89.]

၇။ `သျှာသျူဂျာ´မင်းသား၏ ကျန်ရစ်ခဲ့သော တပ်မတော်သားများကို ရခိုင်ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့တွင် လေးသည်တော်များအဖြစ်အမှုထမ်းစေခဲ့သည်။ ၄င်းတို့မှာ `ကမာန်´လူမျိုးအဖြစ် ယနေ့တိုင် တည်ရှိနေ သည်။ `ကမာန်´ (Kaman)ဆိုသည်မှာ ပါရှန်စကားဖြစ်ပြီး `လေး´ဟူ၍ အဓိပ္ပါယ် ရသည်။

[ဦးစံသာအောင် (ညွန်ကြားရေးမှူး) ရေး၊ ရခိုင်ဒင်္ဂါးများ စာအုပ်၊ စာမျက်နှာ-၅၂]

၈။ ရခိုင်ဘုရင် ဘစောဖြူမင်း (ကလီမာသျှား) (၁၄၅၉-၁၄၈၂)လက်ထက် ကမာန်စစ်သည်များ ရှိခဲ့သည်။ ကမာန်ဆိုသော ဝေါဟာရမှာ ပါရှန်စကားမှ ဆင်းသက်လာသည်။ ထိုစကားလုံးနှင့်ပတ်သက်၍ ရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချမ်းအပိုဒ် (၃၃)တွင် ကမာန်ဆိုသည်မှာ လေးမြားအတတ်၌ ကျွမ်းကျင်သော လေးသည်တော်များကို ခေါ်ဆိုသည်။ ရခိုင်တပ်မတော်တွင် ကမာန်လေးသည်တော် တပ်ရှိခဲ့သည်။

[ဦးလှထွန်းဖြူ ရေး၊ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၊ စာမျက်နှာ-၄၈]

၉။ (က) ရခိုင်ရာဇ၀င်တွင် `မဟာမေဒင်´ဘာသာဝင်များဖြစ်သော ဘုရင်လေးသည်တော် ကိုယ်ရံတော်တပ် များကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ကြောင်း ထင်ရှားသည်။ မင်းစောမွန် လက်ထက်မှစ၍ နှစ်ပေါင်း တစ်ရာကျော် မွတ်စလင်မင်းများ၏ သြဇာ လွမ်းမိုးမှုကို ခံခဲ့ရသည်။

[ဦးအောင်သာဦး ရေး၊ ဘစောဖြူမင်းသမီး ဧချမ်း `ရွှေစေတီမူ´၊ စာမျက်နှာ-၈၄]

(ခ) ရခိုင်ပြည်သည် မြောက်ဦးခေတ်စတင်ထူထောင်ခဲ့သည်မှ ကမာန်တို့အား နှိပ်ကွပ်ခဲ့သော စန္ဒ၀ိဇယ ရာဇာ (၁၇၁၀-၁၇၃၁) လက်ထက်ထိတိုင်အောင် မည်သည့်တိုင်းတစ်ပါးမင်း၏ လက်အောက်ခံ မဖြစ်ခဲ့ပေ။ ထို့ကြောင့် မြောက်ဦးခေတ် တစ်လျှောက်လုံး ရခိုင်ဘုရင်များနှင့် ကမာန်ကိုယ်ရံတော်တပ်သားများမှာ သေအတူရှင်အမျှ ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ တစ်ပေါင်းတစ်စည်းတည်း ပြည်ရွာအရေးကို ဆောင်ရွက်ခဲ့ကြသည်။

[ကျောင်းအုပ်ဆရာကြီး ဦးရွှေပြည့် ရေး၊ ရခိုင်အနွယ်ဝင် ကမာန်လူမျိုးတို့၏ ဖြစ်စဉ် သမိုင်း၊ စာမျက်နှာ-၃၅]

၁၀။ ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း/ပဒုံမင်း) (အေဒီ ၁၇၈၂-၁၈၁၉)လက်ထက် မတိုင်မှီကပင် တိုင်းရင်း သား မွတ်စလင်များမှာ မြန်မာနိုင်ငံတွင် အခြေတကျ နေထိုင်လာခဲ့ကြသည်။ မွတ်စလင်များသည် အခြား တိုင်းရင်းသားများနှင့် ဆိုးတူကောင်းဘက် လုပ်ကိုင်စားသောက်လာကြသည်။ တိုင်းရင်းသား မွတ်စလင် များမှာ တိုင်းပြည်အပေါ်မှာရော၊ ဘုရင်မင်းမြတ်များအပေါ်မှာပါ သစ္စာရှိခဲ့ကြသည်။

(က) ယင်းကာလအတွင်းမှာ သာသနာ့ပညာရှင်ကြီးတစ်ဦးဖြစ်သော ဆရာကြီး `အာဗစ်ရှာဟူစိန်နီ´ သခင် မှာ ဘုရင့်နန်းတော် အတွင်းဝင်ရောက်ခစားခွင့်ရရှိခဲ့သည်။ ဘုရင်မင်းမြတ်သည် ဆရာကြီး `အာဗစ်ရှာ ဟူစိန်နီ´သခင်၏ သိက္ခာသမာဓိရှိမှုကို ယုံကြည်သဖြင့် နိုင်ငံတစ်ဝှမ်းနေထိုင်ကြကုန်သော အီစ္စလာမ် ဘာသာဝင် မွတ်စလင်များ၏ သာသနာရေးရာ ကိစ္စအ၀၀ကို ပြေလည်အောင် အဆုံးအဖြတ်ပေးနိုင်ရန် အလို့ငှာ အောက်ပါအမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့သည်။

(ခ) `အာဗစ်ရှာ တို့ သိန္နီမှ ငရွှေလု၊ ငရွှေဧတို့က နိုင်ငံတော်အတွင်း အရပ်ရပ်ရှိ မြို့ရွာများမှာ နေထိုင် ကြကုန်သော ပသီမွတ်စလင်တို့အား ၄င်းတို့ဘာသာကျမ်းမှာရှိသည့်အတိုင်း ဖြေရှင်းပေးသည်ကို ပသီ မွတ်စလင်အားလုံးက နာခံကြရမည်။´ `ရခိုင်ပြည် လေးမြိုးကျေးရွာများမှာ နေထိုင်ကြသည့် ပသီ မွတ်စလင်တို့ကလည်း မြန်မာနိုင်ငံမြို့ရွာ အရပ်ရပ်ရှိ ပသီမွတ်စလင်များကဲ့သို့ပင် အာဗစ်ရှာ နှင့် သိန္နီမှ တပည့်တို့၏ဘာသာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို နာခံရမည်´ဟူ၍ မြန်မာသက္ကရာဇ် (၁၁၆၉)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်၊ ခရစ် သက္ကရာဇ် (၁၈၀၈)ခုနှစ်၊ နိုဝင်ဘာလတွင် ဤအမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။

[ဘိုးတော်မင်းတရားကြီး၏ အမိန့်တော်ပြန်တမ်း အတွဲ-၄၊ စာမျက်နှာ-၁၇၆]

၁၁။ ဘုရင်မင်းမြတ်၏ အမိန့်တော်အရ အီစ္စလာမ်သာသနာရေးရာ ကိစ္စနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်သော `အဗစ်ရှာဟူစိန်နီ´သခင်ကြီးကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသား အီစ္စလာမ်ဘာသာဝင် မွတ်စလင်များ သာမက အခြားဘာသာဝင်လူမျိုးများကပါ ရိုသေလေးစား လိုက်နာခဲ့ကြသည်။

[ရန္တမိတ်ကျော်ထင် ရေး၊ ရေစကြိုပုံတော်ဖြတ်ထုံး၊ စာမျက်နှာ-၂၄။ လက်လွန်မှုတရား ဖြတ်ထုံး (၂)၊ စာမျက်နှာ-၃၀။ အိမ်ထောင်မှုတရား ဖြတ်ထုံး (၄)]

၁၂။ ထို့အပြင် ဘုရင့်အမှုတော်ဝန်ထမ်းများထဲတွင် အီစ္စလာမ်ပညာရှင်ကြီး စာဆိုတော် `ဦးနု´ သည်လည်း ထူးချွန်သောပညာရှင်ကြီး အဖြစ်ပေါ်ထွန်းခဲ့သည်။ ဆရာကြီး ဦးနု သည် စာပေအရာ မှာ ထူးချွန်သည့်အပြင် တိုင်းပြည်နှင့် ဘုရင့်အပေါ်မှာလည်း သစ္စာရှိသဖြင့် ဆရာကြီးအား `ရွှေဘောင်သာဂ´ဘွဲ့ကို အပ်နှံပြီး ရမ္မာဝတီ (ရမ်းဗြဲ) မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။

ဆရာကြီး ဦးနု သည် မျက်မှောက်ကာ၌ သာသနာပညာရှင်များက ကိုးကားလျက်ရှိသော (၃၅) ခဏ်းကျမ်း (၁၁)ခဏ်းကျမ်းအပြင် ဘုရင်မင်းမြတ်အား သံတော်ဦးတင်လွှာကိုပါ ရေးသားခဲ့သည်။ ၄င်းပြင် ဘင်္ဂလား သွား မှတ်တမ်းတွင် အပိုဒ်ကြီးပေါင်း (၅၅)ပိုဒ်ကို လင်္ကာဖွဲ့ပြီး ရေးသားခဲ့သည်။

အဆိုပါ လင်္ကာကြီးအပိုဒ်တိုင်းမှာ သံဝေဂတရားများနှင့် ဖွဲ့စည်းရေးသားခဲ့သည်။ စာပေအရာမှာ အလွန် ထူးချွန်သော ဆရာကြီး ဦးနု အား အိန္ဒိယသို့ စေလွှတ်ပြီး သက္ကဋကျမ်း၊ ဟိန္ဒူကျမ်းနှင့် ပသီ မွတ်စလင်တို့၏ ကျမ်းများကို သယ်ဆောင်လာမည့် ကိုယ်စားလှယ်အဖွဲ့တွင် ခေါင်းဆောင်အဖြစ် လိုက်ပါစေခဲ့သည်။

[ကုန်းဘောင်ခေတ် မဟာရာဇ၀င်ကြီး ဒုတိယတွဲ၊ စာမျက်နှာ-၁၅၇ နှင့် ၁၆၆]

၁၃။ ရခိုင်တိုင်းရင်းသားတို့သည် ရှေးမဇ္ဇိုမဒေသမာဂဓ (ယခုဘီဟာဟုခေါ်သောနယ်) နှင့် ဆက်စပ် နေသော ရခိုင်နယ်မြေထဲသို့ ၀င်ရောက်လာသူများဖြစ်ခြင်းကြောင့် `မာဂ်´ဟူသော အမည်ကို ရကြ၏။

[ဦးအောင်သာဦး ရေး၊ ရခိုင်ရာဇ၀င် ယဉ်ကျေးမှုသမိုင်းနှင့် သုတေသီတို့၏ အတွေးအမြင်၊ စာမျက်နှာ-၂]

၁၄။ ရခိုင်နယ်မြေကို အလွန်ရှေးကျသော ခေတ်ကပင် `အာရက်ခဒေသ´ဟူ၍ ခေါ်တွင်ကြောင်း အာနန္ဒ စန္ဒြကျောက်စာတိုင်မြောက်မျက်နှာ၌ ရေးထိုးထားသော ကျောက်စာတွင် တွေ့ရ၏။ အာရကံ (Arakan) ဆိုသော စကားမှာ ယင်းမှဆင်းသက်လာသော စကားပေတည်း။

[ဦးအောင်သာဦး ရေး၊ ရခိုင်ရာဇ၀င် ယဉ်ကျေးမှုသမိုင်းနှင့် သုတေသီတို့၏ အတွေးအမြင်၊ စာမျက်နှာ-၅]

၁၅။ ကမာန် (Kaman) အမျိုးသားများသည် ခရစ်သက္ကရာဇ် (၁၄၅၉) မှ (၁၄၈၂) အထိ ရခိုင်ဘုရင် ဘစေဖြူမင်း (ကလီမာသျှား) (Kalima Shah) လက်ထက်ကပင် နန်းတော်အတွင်းမှာ အမှုထမ်းခဲ့ကြသည်။ ထိုအချိန်က လှံကိုင်ဒါးစွဲ သူရဲကောင်းတပ်၊ ကမာန်လေးကိုင် သူရဲကောင်းတပ်၊ သိုင်းတပ်၊ သူရဲတပ် စသည်ဖြင့် ရခိုင်တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ထိုအချိန်ကာလက ကမာန်တပ်မတော်မှာလည်း သူရဲကောင်း တပ်မတော်တစ်ခုအဖြစ် ရခိုင်တပ်မတော် ထဲ၌ ပါဝင်ခဲ့ကြသည်။ မင်းဘာကြီးလက်ထပ်၌ ရခိုင်တပ်မတော် ထဲတွင် ကမာန်သူရဲကောင်း ငါးသောင်းကျော် ပါဝင်ခဲ့သည်။

[(ဆရာတော် အရှင်ဥက္ကံ စောမဲကျီ စာအုပ်)။ (ဦးလှထွန်းဖြူ ရေး၊ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၊ စာမျက်နှာ-၄၆)]

၁၆။ ကမာန်လူမျိုးများထဲတွင် တိုင်းတပါးက လာသူများလည်းရှိသည်။ ၄င်းတို့မှာ ခရစ်သက္ကရာဇ် (၁၆၅၂-၁၆၇၄)အတွင်း ရခိုင်ပြည်ကို စန္ဒသုဓမ္မရာဇာအုပ်ချုပ်နေစဉ် အိန္ဒိယပြည်တွင် သျှာသျူဂျာ (Sha Shujar) ဘုရင်သည် သူ့ညီတော်ထံ စစ်ရှုံးပြီး နောက်လိုက်နောက်ပါ (၂၀၀) ကျော် (၃၀၀) ခန့်နှင့် ရခိုင်ဘုရင်ထံ ခိုလှုံလာသည်။ ရခိုင်ဘုရင်က တချို့ကို သူ့ထံ၌ ရှိနင်းပြီးဖြစ်သော လေးကမာန်သူရဲကောင်း အမည်ပေးထား သည့် သူရဲကောင်းတပ်ထဲတွင် ပေါင်းထည့်ခဲ့သည်။ ရခိုင်အမျိုးသား ဗုဒ္ဓဘာသာများမှ သူတို့ (အီစ္စလာမ်) ဘာသာထဲ ၀င်သွားသော ကမာန်များလည်းရှိ၏။ ကမာန်ဆိုသော ဝေါဟာရမှာ ပါရှန်စကားမှ ဆင်းသက် လာ သည်။ ထိုစကားလုံးနှင့် ပတ်သက်၍ ရခိုင်ဘုရင် ဘစောဖြူသမီးတော် ဧချမ်းအပိုဒ် (၃၃)တွင် ကမာန် ဆိုသည်မှာ လေးမြားအတတ်၌ ကျွမ်းကျင်သော လေးသည်တော်များကို ခေါ်ဆိုသည်။ ရခိုင်တပ်မတော်တွင် ကမာန်လေးသည်တော် တပ်ရှိခဲ့သည်။

[ဦးလှထွန်းဖြူ ရေး၊ ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ၊ စာမျက်နှာ-၄၈]

အိန္ဒိယနိုင်ငံတွင် မဂိုမင်းဆက်တို့မတိုင်မှီ ပါရှန်အနွယ်တို့ထီးပြိုင်နန်းပြိုင်နိုင်ငံများ တည်ထောင်နေထိုင် ခဲ့ကြ ကြောင်း၊ မဂိုမင်းများ ကြီးစိုးလာသောအခါ ပါရှန်အနွယ်များသည် မြန်မာပြည်ဘက်သို့ စိမ့်ဝင်ခဲ့ကြသည်။ ယင်းတို့ကို ဦးစွာပထမ ဖါရသီ ဟု ခေါ်ဆိုရာမှ ပါရသီ ဟုလည်းကောင်း၊ ထိုမှတဖန် ပသီဟူ၍လည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။

[ကျောင်းအုပ်ဆရာကြီး ဦးရွှေပြည့် ရေး၊ ရခိုင်အနွယ်ဝင် ကမာန်လူမျိုးတို့၏ ဖြစ်စဉ်သမိုင်း၊ စာမျက်နှာ-၂၆]

၁၇။ မြန်မာသက္ကရာဇ် (၆၀၈-၆၁၂) (အေဒီ ၁၂၄၆-၁၂၅၀) တွင် နန်းစံခဲ့သော ရခိုင်ဘုရင် ငနူလုံးမင်းသည် အနောက်ဘင်္ဂလားကို စစ်နိုင်၍ ဖမ်းဆီးလာသော မွတ်စလင် စစ်သုံ့ပမ်းများကို ခွဲဝေနေရာချပေးရာ၌ မွတ်စလင် တစ်ထောင်ကိုလည်း ကမာန်သူရဲကောင်းတပ်သို့ လွှဲပေးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) ကျော်ကပင် ရခိုင်နန်းတော်တွင် လေးကမာန်စစ်သည်တော်များက တာဝန်ထမ်းဆောင် ခဲ့ကြသည်။

[ကျောင်းအုပ်ဆရာကြီး ဦးရွှေပြည့် ရေး၊ ရခိုင်အနွယ်ဝင် ကမာန်လူမျိုး တို့၏ ဖြစ်စဉ် သမိုင်း၊ စာမျက်နှာ-၄၇]

၁၈။ ရခိုင်သက်ဦးဆံပိုင်ဘုရင်များစိုးစံစဉ်ကာလ မြောက်ဦးခေတ်တစ်လျှောက် ရွှေနန်းတော်ညီလာခံတွင် ဘုရင်အားအထွတ်အထိပ်ထား၍ ဘုရင်အပါးခစားရသော ဟာဇရားကြီးများ၊ လက်ဝဲလက်ယာ ဟာဇရား ငယ်များ၊ လက်ဝဲလက်ယာဇုန်ဒါတ် (ခေါ်) လက်ရွေးစင်စစ်သူကြီးများ၊ တပ်မှူးကြီးများစသဖြင့် အဆင့် အဆင့်ဖွဲ့စည်းထားသည်။ ထိုဟာဇရားကြီး၊ ဟာဇရားငယ်များ၊ ဇုန်ဒါတ်ကြီး၊ ဇုန်ဒါတ်ငယ်များ၊ ပါရဒါရမိန်းမ များ စသည်တို့မှာ ပါရှန်ဘာသာစကားများနှင့် ဆက်နွယ်နေသော စကားများဖြစ်သည်။ ထို့ကြောင့် မြောက်ဦး ခေတ်တစ်လျှောက်လုံး ဘုရင့်အပါး၌ ပါရှန်အနွယ်ကမာန်စစ်သည်တော်များ အမြဲမပြတ် ခစားလျက်ရှိသည်မှာ ထင်ရှားသည်။

[ကျောင်းအုပ်ဆရာကြီး ဦးရွှေပြည့် ရေး၊ ရခိုင်အနွယ်ဝင် ကမာန်လူမျိုး တို့၏ ဖြစ်စဉ် သမိုင်း၊ စာမျက်နှာ-၃၁]

၁၉။ ၁၉၄၆ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဦးအောင်ဇံဝေ (ရခိုင်)၊ ဟင်္သတ ဦးမြ တို့နှင့် အတူ ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ခဲ့သည်။ ရခိုင်မွတ်စလင်ခေါင်းဆောင်များကို ခေါ်ယူပြီး အစည်းအဝေးကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်း က `ရခိုင်မွတ်စလင်လူထုလည်း ကျနော်တို့နဲ့ တွဲပြီး အလုပ်လုပ်ကြပါ။ ကျနော်တို့ တွေဟာ သေတူ ရှင်ဖက်တွေပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျနော် Blank Cheque ပေးပါမယ်။ ကျနော် တတ်နိုင်သလောက် လိုက်လျောပေးပါမယ်။ တိုင်းရင်းသားတွေ ကွဲနေရင် ဗမာပြည် လွတ်လပ်ရေးရဖို့ ခက်လိမ့်မယ်။´ဟု မိန့်ကြားခဲ့သည်။

[အမတ်မင်း ဦးဘိုးခိုင် ကိုယ်တိုင်ရေး အတ္တုပတ္တိ၊ စာမျက်နှာ-၄]

ထိုစဉ်က မွတ်စလင်တွေဟာ ဘာကိုမှမတောင်းခံခဲ့ကြဘူး။ မြန်မာပြည် လွတ်လပ်ရေးကိုပဲ အဓိက ထားခဲ့ ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာ့ခေါင်းဆောင်များကိုလည်း များစွာ ယုံကြည်ခဲ့ ကြ တယ်။ လွတ်လပ်ရေးရရှိပြီး ဒီမိုကရေစီကာလ နှစ်အနည်းငယ် နောက်ပိုင်းကစပြီး ယနေ့တိုင်အောင် မွတ်စလင်များမှာ သူတို့မွေးဖွားရာ နေမြေများ၌ပင် အကျဉ်းသားများအဖြစ် ရှိနေကြသည်။ အစိုးရသစ် အနေနှင့် အဖိနှိပ်ခံမွတ်စလင်များ၏ အရေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

[စာရေးသူ]

လွန်ခဲ့သော နှစ်ပေါင်းများစွာက မြန်မာနိုင်ငံသို့ အခြားတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် ၀င်ရောက် အခြေချနေထိုင်ခဲ့ကြသည်။ အလားတူ အီစ္စလာမ်သာသနာမပေါ်ထွန်းမှီကာလက ယနေ့ အီစ္စလာမ် ဘာသာဝင်များဖြစ်နေကြသော လူမျိုးတို့သည်လည်း မြန်မာနိုင်ငံသို့လည်းကောင်း၊ ရခိုင်ပြည်နယ်သို့ လည်းကောင်း ၀င်ရောက်အခြေချနေထိုင်ခဲ့ကြသည်။

အေဒီ (၇)ရာစု အစပိုင်းက အီစ္စလာမ်သာသနာပေါ်ထွန်းလာသောအခါ ထိုလူမျိုးတို့သည် အကြောင်း အမျိုးမျိုးကြောင့် အီစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်လာကြသည်။ အကယ်၍သာ ၄င်းတို့မှာ အခြားဘာသာဝင်များဖြစ်နေကြလျှင် (အီစ္စလာမ်ဘာသာကို ဖိနှိပ်နေသော) ယနေ့မြန်မာနိုင်ငံတွင် တိုင်းရင်းသားစစ်စစ်ဖြစ်နေကြပေမည်။ မြန်မာသမိုင်းတစ်လျှောက် တိုင်းရင်းသားဖြစ်လာကြသော ထိုလူမျိုး တို့မှာ အီစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ခြင်းကြောင့် အုပ်ချုပ်သူတို့က တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြုရန် ငြင်းဆန်ခြင်းမှာ ရှက်ဘွယ်လိလိဖြစ်ပါသည်။

အမှန်ကို အမှန်အတိုင်းလက်ခံခြင်းမှာ သတ္တိဖြစ်၏။ အင်အားဖြင့် အမှန်တရားကို ဖယ်ရှားခြင်း၊ ငြင်းပယ် ခြင်းတို့မှာ ဖောက်ပြန်သော လူတန်းစားတို့၏ အမူအကျင့်ဖြစ်၏။

[စာရေးသူ]

Next page →

အောက်ပါသမိုင်းဆိုင်ရာ အချက်အလက်များ (နံပါတ် မှ ၁၆ အထိ)မှာ ယခင်တပ်မတော်အစိုးရမှ ထုတ်ဝေ သော `သာသနာရောင်ဝါ ထွန်းစေဖို့´စာအုပ်၊ စာမျက်နှာ၆၅၊ ၆၆ နှင့် ၆၇ တို့တွင် ဖော်ပြထားချက် များဖြစ်သည်။

၁။ အီစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စု လိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း၊ ပြန့်နှံ့ ၀င်ရောက်ခဲ့သည်။

၂။ အေဒီ (၁၄)ရာစု နှစ်များအတွင်း စူမတြား၊ ဂျာဘား၊ မာလာယုကျွန်းဆွယ်များမှ တစ်ဆင့် အာရာဗ် ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။

၃။ အေဒီ (၇၀၀)နှင့် (၁၅၀၀)အကြားတွင် အနောက်တိုင်းမှ အာရာဗ်ကုန်သည်၊ ပါရှန်ကုန်သည်နှင့် ရောမ ကုန်သည်တို့သည် မိမိတို့ပင်ရင်း တိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့်၊ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကို လည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက်တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။

၎။ ရမ်းဗြဲကျွန်းအနီးပျက်စီးသော အာရာဗ်သင်္ဘောပါ မွတ်စလင်များသည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရသည်။

၅။ ရခိုင်ဘုရင် မဟာတိုင်စန္ဒြ လက်ထက် (အေဒီ ၇၈၈-၈၁၀)တွင် ရမ်းဗြဲကျွန်းအနီး၌ သင်္ဘောများစွာ ပျက်စီးခဲ့ကြောင်း အီစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျနေရာချပေးခဲ့ကြောင်း တွေ့ရသည်။

၆။ မြန်မာနိုင်ငံ ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သံလျှင်၊ မုတ္တမ၊ မြိတ်စသည်တို့တွင်လည်း အလားတူ သင်္ဘောပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလ စောစောကပင် ရှိခဲ့သည်။

၇။ မွန်ရာဇ၀င် မြန်မာရာဇ၀င်နှင့် အချို့သော ဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ ကုန်သည်များ၊ သင်္ဘောသားများ အကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

၈။ ထိုအကြောင်းကို မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ရှိနေသော အီစ္စလာမ်ဘာသာ ဒါရ်ဂါများ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။

[၁၈၇၉ခုနှစ် ဗြိတိသျှဘားမား ဂေဇတ် ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင် ရှေးဟောင်း အတ္တုပတ္တိ၊ စာမျက်နှာ-၁၆]

၉။ အေဒီ (၈)ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်း လက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရာဗ် ကုန်သည်များ ၀င်ထွက်သွားလာခဲ့ကြောင်း၊ အရာဗ်သင်္ဘောများသည် အနောက်ဘက် ဒမားစ်ကားစ်မှ အရှေ့ အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

[ဦးကြည် (ဘီအေ၊ ရာဇ၀င်ဂုဏ်ထူး)ရေး၊ မြန်မာရာဇ၀င်မှ သိကောင်းစရာများ၊ စာမျက်နှာ-၁၅၆-၁၅၇]

၁၀။ တပင်ရွှေထီးမင်းလက်ထက် မြန်မာသက္ကရာဇ် (၈၉၇)ခုနှစ်၊ အေဒီ (၁၅၃၅)ခုနှစ်က ဟံသာဝတီသို့ စစ်ချီရာ ပသီ (ပန်းသေး)မွတ်စလင်တို့သည် မွန်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်၊ ဒုတိယ တွဲ၊ စာမျက်နှာ-၁၈၆)အရလည်းကောင်း၊ သမိုင်းသုတေသီ ပညာရှင်များ၏ မှတ်တမ်းအရလည်းကောင်း၊ အီစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ကျော်၊ (၁၂၀၀)ခန့်ကစ၍ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြကြောင်းသိရှိရသည်။

၁၁။ အေဒီ (၈)ရာစုနှင့် (၁၆)ရာစုအတွင်း ပါရှန်(အီရန်)နှင့်အာရာဗ် သင်္ဘောများ ရေကြောင်းသွားလာမှုသည် အရှေ့ဖျားပင်လယ်များကို လွမ်းမိုးခဲ့သည်။ ထို့ပြင် ပါရှန်နှင့်အာရာဗ် ကုန်သည်များသည် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများတွင် အခြေချနေထိုင်ခဲ့ကြသည်။

၁၂။ အေဒီ (၁၆၆၀)တွင် အိန္ဒိယပြည်၌ သျှာဂျာဟန်ဘုရင်ကွယ်လွန်သောအခါ သားတော် သျှာသျူဂျာသည် နောင်တော် သြရန်ဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်ခဲ့သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ ခိုလှုံ လာခဲ့သည်။ စန္ဒသုဓမ္မမင်းနှင့် သျှာသျူဂျာမင်းသားတို့ မသင့်မတင့် ဖြစ်ခဲ့ကြသဖြင့် သျှာသျူဂျာ ကျဆုံးခဲ့ရာ၊ ၄င်း၏ အခြွေအရံ (ကမာန်လေးသည်တော်)များကို ရခိုင်ဘုရင်၏ကိုယ်ရံတော် တပ်ဖွဲ့တွင် ခန့်ထားခဲ့သည်။

၁၃။ ရခိုင်ဘုရင် စန္ဒ၀ိဇယမင်း (၁၇၁၀-၁၇၃၁)လက်ထက်၌ ထိုကမာန်များကို နှိပ်ကွပ်ခဲ့ရာ များစွာသော ကမာန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာရာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။

၁၄။ ထို့အပြင် တိုင်းရင်းသားများဖြစ်ကြသော အီစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များသည် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲတစ်ဝိုက် နေရာအနှံ့အပြား၌ ရှိနေကြသည်။

၁၅။ အေဒီ (၁၅၃၉)တွင် ဘုရင်တပင်ရွှေထီးသည် ပဲခူးကိုတိုက်ခိုက်စဉ်နှင့် အေဒီ (၁၅၉၉)၌ တောင်ငူဘုရင် က ပဲခူးကိုတိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်များ၊ အေဒီ (၁၅၄၇)တွင် ဘုရင်တပင်ရွှေထီး သည် မြို့ဟောင်းမြို့ကို ၀င်တိုက်ခိုက်စဉ်နှင့် အေဒီ (၁၇၀၇)၌ စနေမင်း၏အရာရှိများက သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိသော မွတ်စလင်များ၊ အေဒီ (၁၆၁၃)တွင် အနောက်ဘက်လွန်မင်းက သံလျှင်ကိုတိုက်ခိုက်၍ သံလျှင်ကျသောအခါ ဒီဗရစ်တို၏ စစ်သည်မွတ်စလင်များ၊ စစ်ပွဲပြီးစီးပြီးနောက် သင်္ဘောများဖြင့် ရောက်ရှိလာသော မွတ်စလင်များအား ရွှေဘိုခရိုင် မြေဒူး၊ စစ်ကိုင်းခရိုင် ပင်းယ နှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်၌လည်းကောင်း အသီးသီး နေရာချထားကြောင်း တွေ့ရှိရသည်။

၁၆။ ဘိုးတော်ဘုရားလက်ထက် အေဒီ (၁၈၀၁)တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တလုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်း၌ မြန်မာသက္ကရာဇ် (၁၀၆၀-၁၀၇၆)အထိ၊ အေဒီ (၁၆၉၈-၁၇၁၄)အထိ နန်းစံသော အင်းဝစနေမင်း လက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသော မွတ်စလင် (၃၀၀၀)ကျော် အား အေဒီ (၁၇၀၉)တွင် အောက်ပါ (၁၂)နေရာ၌ နေရာချပေးခဲ့သည်။

(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္တိလာ (၆)ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ဖြစ်သည်။

End…………………………………………………………………………………

TQ Bo Min Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: