ကျွန်တော်(ကုလား) ၊ နိုင်ငံတော်သီချင်းနှင့် အဖိုးတန်မြေ

M-Media ဆောင်းပါးရှင် အာဘော်

ကျွန်တော်(ကုလား) ၊ နိုင်ငံတော်သီချင်းနှင့် အဖိုးတန်မြေ
===============================
ဧပြီ ၇ ၊ ၂၀၁၅
M-Media
အိမ်ဝေးသူ(KZ) ရေးသည်။
x
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ…တို့ပြေ၊ တို့မြေ….
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ၀ါဒဖြူ စင်တဲ့ပြည်…
တို့ပြည်…. တို့မြေ…
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ…
အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ….”
“ကမ္ဘာမကြေ… မြန်မာပြည်…
တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ…
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ…
ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ…..
တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ…
ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ”


x
သီချင်းတကာ သီချင်းထဲမှာ ကျွန်တော် ဤသီချင်းကို အကြိုက်ဆုံးဟုပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
x
ထိုသီချင်းကို ဆိုခဲ့သည့် အကြိမ်တိုင်း ကျွန်တော်ကြက်သီးမွှေးညှင်းထပြီး မျက်ရည်များပင် ဝဲလာတတ်သည်ဟု ပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
x
ထိုသီချင်းကိုပင် ဂျူ နီယာကျောင်းသား၊ကျောင်းသူ များစွာကို နိုင်ငံတော် အလံ အောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ မားမားရပ်၍ ဌာန်ကရိုင်းကျစွာ၊ အဖြတ်အတောက် မှန်ကန်စွာဖြင့် ရှေ့ဆောင်လမ်းပြ တိုင်တည်ပေးခဲ့သည်ဟု ပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
x
တစ်ခုတော့ ကြိုတင်အသိပေးလိုက်မည်။ ကျွန်တော်သည် ခင်ဗျားအခေါ်အဝေါ်အရ ကုလား၊ (မွတ်စလင်မ်) တစ်ယောက်သာဖြစ်သည်။ ခင်ဗျား ကြိုက်သည့်ပုံစံ၊ နှစ်သက်သည့် ရှုထောင့်ဖြင့် အဆင်ပြေသည့်ဝေါဟာရများကို သုံးပြီး ကျွန်တော့်ကို
ပြောဆိုနိုင်ပြီဖြစ်သည်။
x
# ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့ပြည်…တို့ပြည်…တို့မြေ #
x
ထိုစာသား၏ ဆိုလိုရင်းကို ခင်ဗျားနားလည်နိုင်သလောက် ကျွန်တော်လည်း နားလည်နိုင်ပါသည်။ ကျေနပ်ကြည်နူးစွာ ပြောရလျှင်အလွန်အမင်းလှပသော စကားစုဖြစ်သည်။ ထိုစာသား၏ အရိပ်ကိုခိုလှုံကြသူများသည် ကုလားလည်းမဟုတ်၊ တရုတ်လည်းမဟုတ်၊ တန်းတူညီတူ မျှဝေခံစားနိုင်စွမ်းသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသူများသာ ဖြစ်သည်။ မူလတန်းကျောင်းသား ဘဝမှ တက္ကသိုလ်မှ ဘွဲ့ယူခဲ့သည့်အထိ ဆရာ၊ဆရာမ အများစုက (ကုလားဟူသော) ဝေါဟာရကို ကျောင်းသား၊ ကျောင်းသူများ၏ နှလုံးသားထဲတွင် အမြစ်တွယ်အောင် လုပ်ပေးခဲ့ခြင်းမရှိ။
x
ကျွန်တော် သင်ကြားလေ့လာခဲ့ရသည်များကို ခင်ဗျားနားလည်အောင် ပြောပြမည်။ အင်္ဂလိပ်တို့ မြန်မာပြည်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကာ မတရားသိမ်းပိုက် ခဲ့ကြောင်း သင်ကြားခဲ့ရသည်။ အင်္ဂလိပ်အကြောင်းသင်ခဲ့တိုင်း နယ်ချဲ့ကုလားဖြူ ဟူသော ဝေါဟာရကို တွင်တွင်ကြီး သုံးခဲ့၊ နားထောင်ခဲ့ရဖူးသည်။ သို့သော် ကျွန်တော့် ရင်ထဲမှာ နာကျင်ခဲ့ခြင်း စိုးစဉ်းမျှ မရှိခဲ့။ တကယ်တော့ ကျွန်တော်က သူများတိုင်းပြည်ကို မတရား ကျူးကျော်စစ်ဆင်နွှဲသော ကုလားဖြူ မှ မဟုတ်တာပဲလေ။ မိမိနေထိုင်ရာ တိုင်းပြည်ကို ချစ်မြတ်နိုးစိတ် လွန်ကဲသော (ကုလားညို) တစ်ယောက်သာဖြစ်သည့် အတွက် ကုလားဖြူ ဟူသော အသုံးတွေ့တိုင်း ကုလားဖြူ များသည် မတရားသူများ ဖြစ်ကြသည်ဟု ဗုဒ္ဓဘာသာကျောင်းသားများနည်းတူ ကျွန်တော်လည်း အသည်းနာ ခဲ့ဖူးပါသည်။ ထိုမျှမက အချို့ သူငယ်ချင်း၊ အိမ်နီးနားချင်း၊ ဆရာ၊ ဆရာမများက (ကုလားလေး၊ ကုလားမလေး) ဟု ခေါ်ကြသည့်တိုင် ချစ်ခင်ရင်းနှီးမှုများအတိုင်းအဆမရှိ ပါဝင်တတ်သောကြောင့် အခေါ်ခံခဲ့ရသူများသည် စိတ်ဆိုးနာကျင် ခဲ့ခြင်း အလျဉ်းမရှိခဲ့ကြ။ ကျေကျေနပ်နပ်ကြီး အခေါ်ခံခဲ့ကြဖူးသည်။

(ယခုတော့…ထိုအခြေအနေမျိုး မဟုတ်တော့ပြီ)
x
“ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား” ဟူသော သူငယ်တန်း ဖတ်စာအုပ်မှစ၍ တက္ကသိုလ်ဝင်တန်း ပြဇာတ်ဖြစ်သည့် “ဦးပုည၏ ရေသည်ပြဇာတ်” အထိ ကုလားကို မုန်းတီးစေသော ဝါကျတစ်ကြောင်းအား ကျွန်တော့်ကို ဆွဲထုတ်ပြစေချင်ပါသည်။
x
အနော်ရထာမင်းကြီး၏ သာသနာကို အခြေပြုသော နိုင်ငံတော်တည်ဆောက်ခဲ့ပုံကို ကျွန်တော်(ကုလား) သင်ကြားခဲ့ဖူးသည်။
x
နယ်ချဲ့ကို စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော ဆရာတော် ဦးဥတ္တမအကြောင်းကို ကျွန်တော်(ကုလား) မှတ်သားခဲ့ဖူးသည်။
x
အလှူ အတန်းရက်ရောလွန်းသော မင်းကြီးဝေသန္တရာအကြောင်းကိုလည်း ကျွန်တော်(ကုလား) ဖတ်ရှုခဲ့ဖူးသည်။
x
အချစ်ဇာတ်လမ်းပြောတိုင်း ထည့်ပြောကြရသော ရှင်မွေးလွန်းနှင့် မင်းနန္ဒာအကြောင်းကိုလည်း ကျွန်တော်(ကုလား) လေ့လာခဲ့ဖူးသည်။
x
သို့ဆိုလျှင် အမုန်းတရားအကြောင်းကို ကဗျာတစ်ပုဒ်၊ ဝါကျတစ်ကြောင်းမျှ မသင်ကြားခဲ့ရသော ကျွန်တော်(ကုလား) ထံက အမုန်းတရားနှင့် ပက်သက်သော ထုတ်ကုန်များကို အဘယ်သို့သော စိတ်ထားမျိုးဖြင့် ခင်ဗျား မျှော်ကိုးနေပါသလဲဟု
ကျွန်တော်မေးချင်ပါသည်။ သူငယ်တန်းမှ ဘွဲ့ယူခဲ့သည့်အထိ မြန်မာ့ယဉ်ကျေးမှု၊ ၊မြန်မာ့သမိုင်းများကိုသာ သင်ကြားပေးခဲ့သည့် မြန်မာကျောင်းစစ်စစ်ထွက် ကျွန်တော် (ကုလား) ထံမှ မြန်မာလူမျိုးအား မုန်းတီးစိတ်ကို လိုချင်သည်ဟု ခင်ဗျားပြောမည်
ဆိုပါက ခင်ဗျားအလွန်သာ ဖြစ်လိမ့်မည်။
x
ကျွန်တော်(ကုလား)သည် စာစီစာကုံးများစွာ ဝင်ပြိုင်ခဲ့ဖူးပါသည်။ ဝင်ပြိုင်ခဲ့တိုင်းလည်း ဆုတွေ တသီကြီးရခဲ့ဖူးသည်ချည်း ဖြစ်သည်။ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ အစရှိသဖြင့် မြန်မာ့ဂုဏ်ဆောင်
နေ့ထူးနေ့မြတ်များအကြောင်းကို ကျွန်တော်ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကုလားလေး တစ်ယောက် ဝင်ပြိုင်ခဲ့သော ထိုနေ့များအကြောင်း စာစီစာကုံး၊ ကဗျာများကို အကြောင်းပြုပြီး ထိုကုလားလေး တက်ရောက် သင်ကြားယူခဲ့သည့် ကျောင်းတိုင်းက ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြဖူးသည်။ (မွတ်စလင်မ် ကုလားလေး ဆောင်ခဲ့သော ဂုဏ်ဖြစ်သောကြောင့် လက်မခံနိုင်ဟု မည်သူကမျှ အပြစ်တင် ခဲ့ခြင်းမရှိ) မှတ်မှတ်ရရတစ်ခုကို ပြောပါမည်။ ကျွန်တော် ရှစ်တန်းကျောင်းသားဘဝတွင်
ပဲခူးမြို့ ရှိ ဘုရားပုထိုးများကို လေ့လာသည့် နေ့ချင်းပြန်ဘုရားဖူးခရီးတစ်ခုကို ကျွန်တော်တို့ ကျောင်းမှ သွားရောက်ခဲ့သည်။ ထိုခရီးမှ ပြန်ရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းအုပ်ဆရာကြီးက ဘုရားဖူးခရီးအကြောင်းကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် စာစီစာကုံးပြိုင်ရန် ကြေငြာခဲ့သည်။ ခင်ဗျားဘာကို မျှော်လင့်ထားပါသလဲ…? ထိုကုလားလေးသည် ကျောင်းသား ၊ ကျောင်းသူပေါင်းများစွာကို ကျော်ဖြတ်ပြီး “—————-” ဟူသော ခေါင်းစဉ်ဖြင့် ပထမဆုကို ထိုက်တန်စွာ လက်ခံရရှိခဲ့သည်။
x
ရွှေတိဂုံဘုရားပေါ်သို့ သူငယ်ချင်းများနှင့်အတူ ဘုရားဖူးခရီးအနေနှင့် တက်ရောက်ခဲ့သော မွတ်စလင်မ်ကုလား၊ ကုလားမပေါင်းများစွာ ရှိပါသည်။ ထိုအထဲမှ ဖိနပ်မချွတ်ဘဲ တက်ရောက်သော မွတ်စလင်မ်ကုလား၊ ကုလားမ တစ်ယောက်လောက် ကျွန်တော့်ကို လက်ညှိုးထိုးပြစေချင်ပါသည်။ ဆိုလိုချင်သည်မှာ ထိုမွတ်စလင်မ်ကုလား၊ ကုလားမများတွင်လည်း ဘာသာခြား ဘုရားများကို ရိုသေလေးစားသည့် စိတ်ဓာတ်အခြေခံ ပြည့်ဝစွာရှိနေသေးခြင်းဖြစ်သည်။

နှိုင်းယှဉ်ပြောဆိုရမည်ဆိုပါက ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်စီးကာ တက်ရောက်နေကြသော ခေတ်သစ် နိုင်ငံ့ခေါင်းဆောင် အချို့ ထက် များစွာ သာလွန်နေပါသေးသည် ဟုဆိုလျှင် ခင်ဗျား ဘာတွေများ ပြောလာမလဲဟု ကျွန်တော်တွေးနေမိပါသည်။
x
“ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့ပြည်…တို့ပြည်…တို့မြေ ” ဟု ဟစ်ကြွေးခဲ့တိုင်း ကြက်သီးမွှေးညှင်း များနှင့်အတူ မျက်ရည်ဝဲခဲ့ရသည့် ထိုစာသားများအား အချည်းအနှီး ဖြစ်အောင် မလုပ်ပါနှင့်ဟု ခင်ဗျားကို တောင်းဆိုလိုပါသည်။

တို့ပြည်…တို့မြေ ဟု ကြွေးကြော်ခဲ့တိုင်း (ဒါ…ဒို့ကုလားပြည်…ကုလားမြေ) ဟု ခံစားချက်ထည့်ခဲ့သည်မဟုတ်။ မိမိ နေထိုင်ကြီးပြင်း ရှင်သန်မှီခိုနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟုသာ ရင်ဝယ်ပိုက်ခဲ့ခြင်းဖြစ်ပါသည်။

အရိပ်နေနေ အခက်ချိုးချိုးအလုပ်မျိုးကို နယ်ချဲ့ကုလားဖြူ များမဟုတ်သော ပြည်ထောင်စုဖွား ကုလားညိုများက လုံးဝလုပ်ကြလိမ့်မည်မဟုတ် ပါကြောင်း ခင်ဗျားသိမြင်နိုင်အောင် သတင်းကောင်းပါးခဲ့ပါသည်။
x
# တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ #
x
အထင်မလွဲစေချင်ပါ။

တို့ဘိုးဘွားအမွေစစ် ဟုဆိုသော်လည်း ကွယ်လွန်ခဲ့ပြီးသော ဘာသာစုံ ဘိုးဘွားများအားလုံးကိုသာ ရည်ညွှန်းကြခြင်းဖြစ်ပါသည်။ ကျွန်တော်(ကုလားညို) တစ်ယောက်တည်း၏ ဘိုးဘွားများပိုင်ဆိုင်သော မြေဖြစ်သည်ဟု မဆိုလိုပါ။ ကျွန်တော့်အဘိုး၊ အဘွားများပိုင်သော မြေဖြစ်သည့်အတွက်ကြောင့် ချစ်မြတ်နိုးသည် ဟုလည်း ဆိုလိုခြင်းမဟုတ်ပါကြောင်း။
x
# ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ #
x
ရှင်းပါသည်။
လူသားတစ်ယောက်သည် အခြေခံလူသားစိတ်ရှိရမည်။ ထိုလူသားစိတ်ထဲမှ အခြေခံအကျဆုံး အချက်တစ်ချက်ကို ဆွဲထုတ်ပြရလျှင်…လူသားသည် မိမိနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိရမည်။ တိုင်းပြည်အာဏာပိုင်များက မတရားဖိနှိပ်မှုကို
တွန်းလှန်ခြင်းမှအပ ကျေးဇူးကန်းသော အလုပ်မျိုးကို လုပ်ခွင့်မရှိ။ သို့ဆိုလျှင် ခေတ်အဆက်ဆက်မှ မွတ်စလင်မ် ကုလားများက ဘယ်တုန်းကမှ ကျေးဇူးကန်းခြင်းမရှိခဲ့ဟု ပြောလျှင် ခင်ဗျားစောဒက တက်ချင်ပါသလား။

မြန်မာ့အရေးကိစ္စမှန်သမျှကို ပေးအပ်ရာ တာဝန်အသီးသီးအလိုက် ကျေပွန်စွာထမ်းရွက်ခဲ့ သည်ချည်းဖြစ်သည်။ အကယ်၍ ထိုသို့ အဖြစ်မျိုးမရှိဟု ခင်ဗျားအပြစ်တင်ပါက စာဖတ်အားနည်းသည်ဟု ကျွန်တော်ပြောခဲ့ပါမည်။ (စာများများ ဖတ်စေချင်ပါသည်)
ကျွန်တော် နေထိုင်သောတိုင်းပြည်အပေါ် ကျွန်တော်သစ္စာ စောင့်သိနေဆဲ၊ အသက်ပေးရန်အဆင်သင့်ရှိနေဆဲ ဖြစ်ကြောင်းကို ခင်ဗျားကို သေသေချာချာ သိစေချင်ပါသည်။ (ရှေ့တန်းထွက်ပါလား၊ လောက်ကိုင်ကိုသွားပါလားဟူသော
မူကြိုကလေးများပြောသော ဟာသမျိုးတော့ မပြောစေချင်ပါ..ခင်ဗျားပြောခဲ့လျှင်လည်း ကျွန်တော် ရယ်မိမည်မဟုတ်ပါ)
x
# ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ…တို့တာဝန်ပေ…. အဖိုးတန်မြေ #
x
ဟုတ်ပါသည်။
ကျွန်တော်တို့ ဘိုးဘွားအားလုံး အတတ်နိုင်ဆုံး ညီညွတ်စွာ တာဝန်ထမ်းရွက်ခဲ့သကဲ့သို့ ကျွန်တော်တို့ မျိုးဆက်သစ်များလည်း စည်းလုံးစွာ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်ပါသည်။ ထိုသို့ တာဝန်ထမ်းဆောင်ရန်လည်း မိမိကိုယ်ကိုယ် “တာဝန်” တစ်ရပ်အနေနှင့် ပြဌာန်း
သတ်မှတ်ထားပြီး ဖြစ်ပါသည်။ (တစ်ခုတော့ အမှာပါးလိုက်ချင်သည်။ ကျွန်တော်ပြောသော တာဝန်နှင့် ခင်ဗျားမြင်ဖူးသော လက်ပတ်နီဝတ် “တာဝန်” ဟူသော လူတန်းစားများနှင့် နည်းနည်းကလေးမျှပင် မနှိုင်းယှဉ်လိုက်ပါနှင့်။ ကျွန်တော်(ကုလား) သိက္ခာကျပါသည်)
တစ်ပါတည်း ပြောချင်သည်မှာ အဖိုးတန်သော မြန်မာ့မြေမှ အဖိုးတန်ပစ္စည်းရတနာများ တစ်ရက်ထက်တစ်ရက် နည်းပါးလာသည့် အရေးကိစ္စက ခင်ဗျား၊ ကျွန်တော်(ကုလား) အပါအဝင် မြန်မာ့ရေကို တစ်ငုံသောက်ဖူးသည့် လူတန်းစားပေါင်းစုံတွင် တာဝန်ရှိကြောင်း
ခင်ဗျားမုန်းသည့်၊ ခင်ဗျားမကြိုက်သည့် ကျွန်တော်(ကုလား)က မေတ္တာများစွာဖြင့် ခင်ဗျားကို အသိပေးလိုက်ပါသည်။
x
ဆုတောင်းမေတ္တာပို့သပါသည်။

ကျွန်တော်မွေးဖွားကြီးပြင်းခဲ့သော အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကျန်းမာ ဖွံ့ဖြိုး ကျက်သရေတိုးပါစေဟု ခင်ဗျားမုန်းသော ကျွန်တော်(ကုလားလေး)က ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်လိုက်ပါသည်။

——————-
အိမ်ဝေးသူ(KZ)
——————-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: