“ ဦးဝီရသူ၊ သမ္မတ ဦးသိန်းစိန် ပြီးတော့ မော်ကျွန်းဆရာတော် ”

လက်ရှိ အဲဒီ အန္တရာယ်ပေးနိုင်သူ အရည်အတွက်ဟာ၂၃ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်တဲ့အကြောင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်တာ မလုပ်ရင် နောင် ၃၀ ရာခိုင်နှုန်း၊ ၃ ယောက် တစ်ယောက်နှုန်း ဖြစ်လာနိုင်ပြီး “အစ္စလာမ်မစ် တိုင်းပြည် ဖြစ်ဖို့သာ ပြင်ပေတော့။ ခေါင်းဖြတ် ခံရဖို့သာ ပြင်ပေတော့။” လို့ ဟောပြောခဲ့ပါတယ်။
===============================
“ ဦးဝီရသူ၊ သမ္မတ ဦးသိန်းစိန် ပြီးတော့ မော်ကျွန်းဆရာတော် ”
===============================
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၆-၄-၁၅။ စာ-၁၆။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ဗိုလ်တထောင်ဈေးလမ်းမှာ ၂ ရပ်ကွက်၊ ၅၇ လမ်းနဲ့ ဗိုလ်တထောင်ဈေး မိသားစုတွေ စုပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၃ ရက်နေ့အထိ ငါးရက်တိုင်တိုင် တရားပွဲ ကျင်းပခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့ညမှာ တရားဟောသူကတော့ တိပိဋကဓရ၊ တိပိဋက ကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ပါဠိပါရဂူ ဘဒ္ဒ န္တ သီလက္ခန္ဓာ ဘိဝံသ မော်ကျွန်းဆရာတော် ဟောကြားပါတယ်။ ပုံမှန်အတိုင်း တရားတော် ဟောကြားပြီး နောက်ပိုင်းမှာ အမျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ရေး ကိစ္စ၊ လက်ရှိ ဖွဲ့စည်းပုံမှာ ပါတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရအောင် ထည့်သွင်းထားတဲ့ အချက်တွေဟာ သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွတ်လပ်ရေး မရခင်ကတည်းက ရေးဆွဲသွားတဲ့ ဥပဒေထဲမှာ ထည့်သွင်းသွားတဲ့ အချက်ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ အမျိုးဘာသာ မစောင့်ထိန်းရင် အစ္စလာမ်မစ် နိုင်ငံ ဖြစ်သွားနိုင်တယ် စသဖြင့် ဟောကြားခဲ့ပါတယ်။ တကယ်တော့ ခုလို မမှန်မကန် အချက်အလက်တွေ သုံးပြီး ဟောပြောတာ မော်ကျွန်းဆရာတော် အဦးအစတော့ မဟုတ်ပါဘူး။ ရှေ့ပိုင်းမှာ မန္တလေး မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူ အပါအ၀င် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ချို့ ပြောခဲ့ပြီ ဖြစ်သလို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် မကြာသေးခင်တုန်းက ပြောဆိုခဲ့ပါသေးတယ်။ သူတို့ ဘာတွေ ပြောဆို ဟောပြောခဲ့ကြသလဲ၊ အဲဒါတွေက အမှန်တွေလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
.
မော်ကျွန်း ဆရာတော် ဟောပြောချက်ကတော့ ခုလိုပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်ကာလ အတွင်းက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြုပြည်ပြု လွှတ်တော် အမတ် လုပ်မယ့်သူတွေရဲ့ အရည်အချင်းမှာ ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်မယ့် ၀ံသာနုနဲ့ ပြည့်စုံသူ ဖြစ်ရမယ် ဆိုတဲ့ အချက် ထည့်သွင်းထားကြောင်း၊ ဒါဟာ အဲဒီ အချိန်တုန်းက ဗုဒ္ဓဘာသာဝင် ၁၂ ယောက်မှာ အန္တရယ်ပေးနိုင်မယ့် ပုဂ္ဂိုလ် တစ်ယောက်နှုန်း ရှိတဲ့ အခြေအနေမျိုး ဖြစ်ပြီး နောင် လွတ်လပ်ရေးရပြီး အနှစ် ၅၀ ကြာလာရင် ၅ယောက် တစ်ယောက်နှုန်း ဖြစ်သွားမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက မှန်းဆပြီး ထည့်သွင်းခဲ့တဲ့အကြောင်း၊ ဒီအချက်ကြောင့်ပဲ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမတ်လောင်း ဖြစ်ခွင့်မရတဲ့အကြောင်း ဟောပါတယ်။
.
ဒါတင်မက မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀ အတွင်း ဗုဒ္ဓဘာသာဝင် ၅ ယောက်မှာ အန္တရယ်ပေးနိုင်သူ တစ်ယောက် နှုန်းထား ဖြစ်လာကြောင်း၊ လက်ရှိ အဲဒီ အန္တရာယ်ပေးနိုင်သူ အရည်အတွက်ဟာ၂၃ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်တဲ့အကြောင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်တာ မလုပ်ရင် နောင် ၃၀ ရာခိုင်နှုန်း၊ ၃ ယောက် တစ်ယောက်နှုန်း ဖြစ်လာနိုင်ပြီး “အစ္စလာမ်မစ် တိုင်းပြည် ဖြစ်ဖို့သာ ပြင်ပေတော့။ ခေါင်းဖြတ် ခံရဖို့သာ ပြင်ပေတော့။” လို့ ဟောပြောခဲ့ပါတယ်။ မမှန်ကန်တဲ့ အချက်အလက်တွေပါ။
.
တကယ်တော့ လက်ရှိ ဖွဲ့စည်းပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် မရှိအောင် တားမြစ်ထားတဲ့ အငြင်းပွားနေကြတဲ့ ပုဒ်မ ၅၉ (စ) ဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အခြေခံဥပဒေထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါကို မသိလို့လား၊ သိလျက်နဲ့ လိမ်ညာပြီး ဟောပြောတာလား ဆရာတော်ပဲ သိမှာပါ။ နောက်တစ်ချက်က တိုင်းပြည်က အစ္စလာမ် ဘာသာဝင် အရည်အတွက်ကို မမှန်မကန် ပုံကြီးချဲ့ ပြောဆိုနေတာဖြစ်ပြီး နိုင်ငံထဲ မှီတင်းနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အန္တရာယ်ပေးနိုင်သူတွေ အဖြစ် ရည်ညွှန်းတာဟာ ဘာသာရေး လူမျိုးရေး မုန်းတီးမှုကို ဖြစ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုပဲ ဖြစ်နေပါတယ်။ တကယ်တော့ မော်ကျွန်းဆရာတော် ခုလို ဟောပြောတာ ဆန်းတော့ မဆန်းပါဘူး။ သိပ်မကြာသေးခင်တုန်းကပဲ ဘီဘီစီ အင်တာဗျူးတစ်ခုမှာ နိုင်ငံဥသျှောင် နိုင်ငံ့ အထွတ်အထိပ် အကြီးအကဲ သမ္မတ ဦးသိန်းစိန်ကလည်း ခုလိုပဲ မမှန်မကန် ပြောဆိုသွားခဲ့လို့ပဲ ဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့ မတ်လ အတွင်းက လုပ်ခဲ့တဲ့ ဘီဘီစီအင်တာဗျူးမှာ သတင်းထောက်က သမ္မတ ဦးသိန်းစိန်ကို သမ္မတ ဖြစ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံထဲမှာ လူတစ်ဦးတစ်ယောက်ရဲ့ အရည်အချင်းတင်မက သူ့ရဲ့ ဇနီးခင်ပွန်းနဲ့ သားသမီးတွေရဲ့ အရည်အချင်း လိုအပ်ချက်တွေကိုပါ ထည့်သွင်းထားတာဟာ တရားမျှတမှု ရှိနိုင်ပါ့မလား၊ ဒီအချက်နဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်သင့်သလား၊ သမ္မတကြီးရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ပြောပြပေးပါ လို့ မေးပါတယ်။
.
ဒီအခါ သမ္မတ ဦးသိန်းစိန်က “ကျွန်တော်ပြောချင်တာကတော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ သူ့ရဲ့အဖေလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံကတည်းက ထည့်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက လူဦးရေများတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားထဲမှာ နေနေရတာ။ တိုင်းပြည်ရဲ့ အချုပ်အခြာကို ကာကွယ်ချင်လို့ အဲဒါကိုထည့်ထားတာ။ နို့မို့ဆိုရင် ကျွန်တော်တို့နိုင်ငံကို လူဦးရေများတဲ့နိုင်ငံတွေက ၀ါးမျိုသွားမှာပေါ့။ အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်ပါဘူး။ ဟိုတုန်းက Constitution မှာကတည်းက အစဉ်အဆက်ကတည်းက ထည့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ကလည်း ဒါကိုပြင်ချင်တယ်။ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း Referendum လုပ်မယ်။ ပြည်သူလူထုကလည်း ပြင်ချင်တဲ့ဆန္ဒရှိလို့ ပြင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သဘောတူရမှာပါ။ဘာမှကန့်ကွက်စရာ မရှိပါဘူး” လို့ ဖြေခဲ့ပါတယ်။
.
နိုင်ငံ့ဥသျှောင် သမ္မတ တစ်ယောက်အနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) လိုမျိုး အရင်ခေတ် ဖွဲ့စည်းပုံတွေမှာ ပါသလား၊ မပါဘူးလား ဆိုတာ မသိရလောက်အောင် ဗဟုသုတ နည်းခဲ့လေသလား၊ ဒါမှမဟုတ် သိလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် မပေးချင်ဇောနဲ့ မမှန်မကန် ပြောခဲ့လေသလား ဆိုတာကိုတော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သမ္မတ ရဲ့ ဒီလို ပြောစကား မမှန်ကန်ကြောင်း ပြည်တွင်း ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေက အပြင်းအထန် ဝေဖန်ထောက်ပြခဲ့ပြီး ဖြစ်ပေမယ့် သမ္မတ ဦးသိန်းစိန်ဘက်ကတော့ ဘာတစ်ခွန်းမှ ပြန်လည် ဖြေရှင်းတာမျိုး၊ အမှားဝန်ခံတာမျိုးတော့ မရှိသေးပါဘူး။
.
ပြောရရင် ဒီလို မမှန်မကန် ပြောတဲ့ဆီမှာ မန္တလေး မစိုးရိမ်တိုက်က အရှင်ဝီရသူက အများကြီးစောပါတယ်။ ဦးဝီရသူဟာ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်လို့ ဘယ်ဖြစ်မလဲ၊ ပယ်ဖျက်လိုက်ရင် တရုတ်-ကုလားတွေ သမ္မတ တက်ဖြစ်ကုန်မယောင်ယောင် ပြောဆိုတာမျိုးတောင် ရှိခဲ့ပါတယ်။ တကယ်က လက်ရှိ ဖွဲ့စည်းပုံ ၂၀၀၈ သမ္မတ အရည်အချင်းမှာ နိုင်ငံသား တိုင်းရင်းသား မိဘ နှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသား တိုင်းရင်းသား ဖြစ်ရမယ် ဆိုတဲ့ အချက် ပီပီပြင်ပြင် ထည့်သွင်းထားပြီး ဖြစ်တာမို့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်လိုက်ရင်လည်း ဘယ် တိုင်းရင်းသား မဟုတ်သူ တစ်ယောက်တစ်လေမှ သမ္မတ ဖြစ်ခွင့်ရမှာ မဟုတ်ပါဘူး။
.
ဦးဝီရသူရဲ့ နိုင်ငံရေးဆိုင်ရာ ဟောပြောချက်မှာဆိုရင် ဦးသိန်းစိန်ကို သမ္မတ ဆက် ဖြစ်စေချင်တယ်။ ဦးသိန်းစိန် အရွေးမခံတော့ဘူးဆိုရင် ဦးရွှေမန်းကို ဖြစ်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်လို့ကတော့ အတိုက်အခံလုပ်ဖို့ပဲ ကျွမ်းကျင်တယ်၊ “ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။” ဆိုပြီး မိန့်ခဲ့ဖူးပါတယ်။
.
ပြောရရင် မော်ကျွန်းဆရာတော်၊ သမ္မတ ဦးသိန်းစိန်၊ ဦးဝီရသူနဲ့ အခြားဘယ်သူမဆို ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ပိုင်ခွင့် ရှိပါတယ်။ မကြိုက်မနှစ်သက်ကြောင်း ပွင့်ပွင်းလင်းလင်း ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ဒါပေမယ့်လည်း သူ့ကို သမ္မတ ဖြစ်ခွင့်မရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ထဲ ထည့်သွင်းထားတဲ့ ပုဒ်မ ၅၉ (စ) လိုမျိုး သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပဲ အရင် အခြေခံဥပဒေတွေမှာ ထည့်သွင်းထားသယောင် မမှန်မကန် လိမ်ညာ ပြောဆိုတာမျိုး၊ ဟောပြောတာမျိုး မလုပ်သင့် မလုပ်ထိုက်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: