ပန့်ခ်အကြောင်းနည်းနည်းပြောမယ်

ပန့်ခ်အကြောင်းနည်းနည်းပြောမယ်

ကျနော်ဆေးကျောင်းသားဘ၀ ပထမနှစ် လောက်မှာ ရော့ခ်ကာရူးစရူးတာ။ အဲဒီတုန်းကများ Bullet တို့၊ Breaking Benjamin တို့၊ 3 Doors Down တို့၊ Alter Bridge တို့၊ Chris Daughtry တို့ Creed တို့၊ A7X တို့၊ Lamb of God တို့၊ Nickleback တို့၊ Hinder တို့၊ Mudvayne တို့ Slipknot တို့၊ Marilyn Mansonတို့ အသည်းစွဲခဲ့တယ်ပေါ့ဗျာ။ ပြောရင်ကုန်မှာမဟုတ်ဘူး။ ကိုယ့်ရှေ့တစ်ခေတ်က ရော့ခ် band တွေ metal band တွေကိုလည်း မလွတ်တမ်းနားထောင်ပေါ့ဗျာ။ Post-grunge သီချင်းအမျိုးအစားကိုရေလည်ကြိုက်ခဲ့တာ။ ၀တ်စားဆင်ယင်မှုမှာလည်း ရော့ခ်ကာရူးရူးသေးတယ်။ နောက်ဆုံးဆံပင်ကို ပုခုံးကျော်ထိအရှည်ပါထားတာ။ အဲ့လောက်ထိဆိုပါတော့။

Punk သီချင်းတချို့ကို ကြိုက်ခဲ့ပေမယ့် သူတို့ရဲ့ ၀တ်စားဆင်ယင်မှုကို သိပ်သဘောမတွေ့ခဲ့ဘူးဗျ။ မျက်စိထဲနည်းနည်းအူကြောင်ကြားနိုင်လွန်းတယ်။ ရော့ခ်ထက်ပိုပြီးအိုဗာဖြစ်လွန်းတယ်လို့ ထင်တယ်။ အိုဗာတင်းလွန်းတယ်ပေါ့ဗျာ။ မြန်မာကပန့်ခ်ဆိုရင် Bigbag လောက်ပဲ သဘောတွေ့သကိုးဗျ။ ဒါတောင်အသည်းစွဲမဟုတ်ဘူး။ မဆိုးဘူးဆိုရုံလောက်ပဲ။

ဒီလိုနဲ့ နောက်ဆုံးနှစ် အပိုင်း (ခ)အရွယ်လောက်ရောက်လာတဲ့အချိန်မှာ သီချင်းတွေဘာတွေနဲ့လည်း အလှမ်းကွာသွားတယ်။ အရင်လိုလည်း အာရုံသိပ်မရှိတော့ဘူးဗျ။ ကြုံရင်နားထောင်ဖြစ်တယ်ဆိုရုံလောက်ပဲ။ နောက်ထွက်တာတွေဘာတွေဆိုရင် ၀ါသနာတူသူငယ်ချင်းတွေနဲ့တွေ့ရင်အမှီပြန်လိုက်နေရတယ်။ အခုတော့ တော်တော်လေးအလှမ်းဝေးသွားသဗျ။

အခုသင်္ကြန်ရောက်လာတော့ ပန့်ခ်ယဉ်ကျေးမှုက တော်တော်လေးခေတ်စားနေတာတွေ့ရတယ်။ ယောက်ျားမိန်းမ ကလေး အုပ်လိုက်ကြီး အူကြောင်ကြားတွေဝတ်ဆင်ပြီး နေနေကြတာတွေ့ရင် အရင်တုန်းကတော့ စိတ်ထဲတွေးတာက အာဝါဒါးတွေ အပေအတေတွေပေါ့ဗျာ။ ဒီကောင်တွေ အရက်သောက်၊ ဆေးချ၊ သီချင်းဆို၊ ဂစ်တာတီးတာလောက်ကလွဲပြီး အပယ်ခံတွေ၊ စောက်ရူးတွေလို့ ထင်ခဲ့တာကိုးဗျ။ အံမယ်၊ သကောင့်သားတွေကို အထင်သွားမသေးနဲ့ဗျ။ နိုင်ငံရေးအတွေးအခေါ်တွေ၊ လက်ရှိအနေအထားတွေကို သုံးသပ်ပြသွားတာတွေရှိတယ်။

ပန့်ခ်တွေရဲ့ အထူးခြားဆုံးနဲ့ အံ့အားအသင့်ဆုံး ပြောချက်တွေကိုတော့ ၂၀၁၃ခုနှစ်မှာ AP ကတင်ဆက်တဲ့ဆောင်းပါးတစ်ပုဒ်နဲ့ စပြီးသတိထားမိခဲ့တယ်။ အခုပိတ်ခံလိုက်ရပြီဖြစ်တဲ့ ပြည်တွင်းမီဒီယာတစ်ခုပေါ်မှာတောင် ထေရ်ကြီးဝါကြီးတွေနှုတ်ဆိတ်နေသမျှ ပန့်ခ်ရော့ကာတွေဖွင့်ဟပြောကြား ဆိုလား ဘာလား အဲဒီခေါင်းစဉ်နဲ့ ဆောင်းပါးဘာသာပြန်ပါလာခဲ့သေးတယ်။ Myanmar’s punks take on its ‘fascist’ Buddhist monks ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဗျ။ ခေါင်းစဉ်က သိပ်တော့ပြင်းထန်တယ်။ မြန်မာ ပန့်ခ်အဖွဲ့ Rebel Riot က ပင်တိုင်အဆိုတော် ကိုကျော်ကျော်ကဆိုရင် … ” သူတို့သာ ဘုန်းကြီးအစစ်တွေဆိုရင် ကျနော်ဘာမှပြောစရာအကြောင်းမရှိဘူး ဒါပေမယ့် သူတို့က အစစ်မှမဟုတ်ကြတာ။ သူတို့တွေက အမျိုးသားရေးဝါဒီတွေ၊ ဖက်ဆစ်တွေပါ။ ဒီလိုစကားမျိုးဘယ်သူမှကြားချင်မှာမဟုတ်ပေမယ့် ဒါကအမှန်တရားပဲလေ” တဲ့။ အဲဒီလိုသူပြောနေတဲ့အချိန်က သူအဖွဲ့က ဒရမ်မာက ဘာသာရေးအစွန်းရောက်မှုနဲ့ မွတ်စလင်ဆန့်ကျင်ရေး၉၆၉ကိုရည်ညွှန်းပြီး ဝေဖန်ထားတဲ့ သီချင်းတစ်ပုဒ်ကို စမ်းတီးနေလေရဲ့။

ကိုကျော်ကျော်က အဲဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပဋိပက္ခတွေ၊ အစွန်းရောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေကော၊ နှုတ်ဆိတ်နေသူတွေကပါ အပြစ်ရှိကြောင်းပြောခဲ့သလို ဂျာမဏီတို့ ရ၀မ်ဒါတို့မှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့လည်း နှိုင်းယှဉ်ပြီးဝေဖန်ပြသွားခဲ့တယ်။ စစ်အာဏာရှင်စနစ်၊ ခရိုနီတွေ၊ ဖိနှိပ်ခံလူတန်းစားတွေအကြောင်းလည်း ထောက်ပြခဲ့တယ်။ နောက်ပြီး အခုအကြမ်းဖက်မှုတွေမှာ တကယ်ပြောသင့်ပြောထိုက်တဲ့ တာဝန်ရှိသူတွေ နှုတ်ဆိတ်နေတာနဲ့ပတ်သတ်ပြီးတော့လည်း ဝေဖန်သွားခဲ့ပါတယ်။

မြန်မာက နာမည်ကြီး ပန့်ခ်ရော့ခ်အဖွဲ့ No U Turn ရဲ့ Frontman ဖြစ်တဲ့ ကိုရဲငွေစိုးကလည်း “ကျနော်ပြောချင်တာကတော့ ခများတို့အားလုံး ဗုဒ္ဓရဲ့လမ်းညွှန်ချက်အမှန်ကို လေ့လာကြပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်းမေးခွန်းထုတ်ကြည့်ပါဦး။ ဗုဒ္ဓလမ်းညွှန်သလို ငါတို့လုပ်နေတာဟုတ်ရဲ့လား ဆိုပြီးတော့။ ကျနော်နယ်ဘက်တွေသွားရင် ၉၆၉ အကြောင်းနဲ့ မွတ်စလင်မုန်းတီးရေးတရားတွေကြားခဲ့တယ်။ ဒီလိုလုံးဝမဖြစ်သင့်ဘူးလေ” လို့ပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုရဲငွေစိုးကလည်း မုန်းတီးမှုကိုဆန့်ကျင်တဲ့သီချင်းတပုဒ်ရေးနေဆဲပါတဲ့။

အပေါ်မှာပြောခဲ့တဲ့ Rebel Riot အဖွဲ့က ကိုကျော်ကျော်က “သူတို့ကျနော်ကိုဖမ်းကောင်းဖမ်းပါလိမ့်မယ်။ ဂရုမစိုက်ပါဘူး။ အဖွဲ့တစ်ခုခုကလည်း လာပြီးတိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်ပါသေးတယ်။ အဲဒါလည်းဂရုမစိုက်ဘူး။ ကျနော်တို့ စိတ်ဓာတ်တွေကို အကြံ့ခိုင်ဆုံးဖြစ်အောင် ပြင်ဆင်ပြီးသားပါ။ ကျနော်တို့ခံယူချက်တွေကိုတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်” လို့ ဆက်ပြောခဲ့တယ်။ ကိုကျော်ကျော်ကတော့ ရဲအရာရှိတစ်ဦးရဲ့ သားဖြစ်ပါတယ်ခများ။

အဲဒီကစပြီးတော့ ပန့်ခ်တွေကိုအထင်လည်းမသေးရဲတော့ဘူး။ လျှော့လည်းမတွက်ရဲတော့ဘူး။ အခု Facebook ပေါ်မှာ သင်္ကြန်တွင်း ပန့်ခ်တွေရဲ့ သရုပ်ပျက်ယဉ်ကျေးမှုဆိုပြီး ဝေဖန်နေသူတွေတွေ့ရတော့ သူတို့လိုပဲ နိုင်ငံရေးအသိနဲ့ ပြောရဲဆိုရဲတဲ့သတ္တိမွေးလိုက်ဦးလို့ ပြောပါရစေ။ သင်္ကြန်ဟာ မြန်မာရိုးရာယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ မရှိတော့တာကြာပါပြီဗျာ။

ဆောင်းပါးအပြည့်အစုံ –

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: