မောင်သွေးချွန်ရဲ့ လွှတ်တော်ထဲက စိန်ခေါ်သံ

မောင်သွေးချွန်ရဲ့ လွှတ်တော်ထဲက စိန်ခေါ်သံ
မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ၂၀၁၅ခုနှစ် ဧပြီလ ၃ ရက်နေ့က ပြုလုပ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ကြားနာပွဲမှာ အစ္စလာမ်ဆန့်ကျင်ရေးစာပေရေးသားသူ မောင်သွေးချွန်က သူတို့မှာ အသင့်စုစည်းထားတဲ့ ဗုဒ္ဓဘာသာပြည်သူလူထုကြီးရှိကြောင်း၊ ပြဿနာတစ်ခုကို အကြောင်းပြုပြီး ဆူပူမှုလုပ်ချင်ရင် အလွယ်လေးဖြစ်ကြောင်း၊ လူထုအင်အားလိုရင် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရမလဲ၊ စီမံချက်တွေ ဆွဲထားတာရှိကြောင်း စသဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အသံဖိုင် ပေါ်ထွက်လာပါတယ်။


“လူထုအင်အားလိုရင် ဆန္ဒပြတဲ့ နည်းနဲ့လုပ်မှ ရမှာလား၊ လက်မှတ်ကောက်တဲ့ နည်းနဲ့လုပ်မှ ရမှာလား၊ ဘယ်နည်းနဲ့ လုပ်မှ ပေးမှာလဲ” လို့ အစွန်းရောက်အမျိုးသားရေးစာပေရေးသားသူ မောင်သွေးချွန်က မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

“နည်းလမ်းတွေ အကုန်ရှိတယ်၊ ထပ်ပြီးတော့လည်း စီမံချက်တွေ ဆွဲထားတာတွေ အများကြီးရှိပါတယ်၊ တဆင့်ပြီးတဆင့် အကောင်အထည်ဖော်သွားမှာ၊ ဒီလွှတ်တော် အခြေအနေကို စောင့်ကြည့်နေတာ” လို့ မောင်သွေးချွန်က ပြောပါတယ်။
နောက်တစ်ခါ ပြဿနာတစ်ခုကို အကြောင်းပြုပြီး ဆူပူမှုလုပ်ချင်ရင် အလွယ်လေးဖြစ်ကြောင်း၊ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွင်းမှာ ဆူပူမှုမလုပ်ဘူး၊ မ.ဘ.သအဖွဲ့ အကြောင်းပြုပြီးတော့ တစ်ခုမှ မဖြစ်စေရအောင် ထိန်းသိမ်းမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ထားကြောင်း အာမခံချက်ပေးပြီး ပြောဆိုသွားတာ တွေ့ရပါတယ်။

“မနေ့ကဆို ပြဿနာတစ်ခုဖြစ်တယ်၊ သို့သော်လည်း အဲဒါကို အခြေခံပြီးတော့ ဆူပူမှုလုပ်ချင်ရင် လွယ်ပါတယ်၊ မလုပ်ဘူး၊ ဆူပူမှုကို ၂၀၁၅ ရွေးကောက်ပွဲအတွင်းမှာ ကျွန်တော်တို့ မ.ဘ.သအဖွဲ့ကို အကြောင်းပြုပြီးတော့ တစ်ခုမှ မဖြစ်စေရအောင် ထိန်းသိမ်းမယ်ဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ရှိတယ်”
မ.ဘ.သ အဖွဲ့ဟာ လက်ရှိအစိုးရရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးအသုံးချခံတွေဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။ အခုလည်း မောင်သွေးချွန်က ၂၀၁၅ ရွေးကောက်ပွဲအတွင်း ပဋိပက္ခဆူပူမှုတွေ မဖြစ်စေရဘူးလို့ အာမခံချက်ပေးပေမယ့် ၂၀၁၅အလွန်မှာ ဆူပူမှုတွေ ထပ်မံမဖြစ်ပွားစေရဘူးဆိုတာကိုတော့ အာမခံပေးမသွားတာ တွေ့ရပါတယ်။

အသံဖိုင်ထဲမှာနောက်ထပ် ထင်ရှားတာတစ်ခုကတော့ ကမ္ဘာကြီး အရှက်ရအောင် လုပ်ပြမယ်၊ အသင့်စုစည်းထားတဲ့ ဗုဒ္ဓဘာသာလူထုကြီးလည်းရှိပြီး ထိုက်တန်တဲ့ တုန့်ပြန်မှုကို ရသွားစေရမယ်ဆိုတဲ့ စိန်ခေါ်ချက်ပဲဖြစ်ပါတယ်။
“ကျွန်တော်ကလည်း ပြန်ပြောချင်တယ် ကမ္ဘာကြီး အရှက်ရသွားစေရမယ်၊ ဒီ့ပြင်တိုင်းပြည် လုပ်လို့ရချင်ရမယ်၊ ကျွန်တော်တို့ တိုင်းပြည်ကို လာလုပ်ကြည့်စမ်းပါ၊ ကျွန်တော် ဒီနေရာကနေ စိန်ခေါ်ပါတယ်၊ လာလုပ်ကြည့်စမ်းပါ၊ ကျွန်တော်တို့မှာ အသင့်စုစည်းထားတဲ့ ဗုဒ္ဓဘာသာပြည်သူလူထုကြီးလည်း ရှိတယ်၊….. တို့ဘာသာ၊ တို့လူမျိုးကို စော်ကားလာရင် ထိုက်တန်တဲ့ တုန့်ပြန်မှုပေးသွားမယ်….”
နိုင်ငံတော်သမ္မတ အကြံပေးဘုတ်အဖွဲ့ MDRI မှ ဒေါက်တာတင်မောင်သန်းက American Bar ရဲ့ မူဝါဒတွေအရ မြန်မာနိုင်ငံကို အရှက်ရအောင် လုပ်သွားနိုင်တယ်၊ ဒါကြောင့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုဖို့ စဉ်းစားသုံးသပ်ဖို့ ပြောဆိုသွားတာနဲ့ပတ်သက်ပြီး မောင်သွေးချွန်က ပြန်လည်ချေပတဲ့ စကားပဲဖြစ်ပါတယ်။

စောလှဖြူ (Myanmar Muslim Media)

ကိုးကား – PAM online Media / အောင်ဇေယျတုဂျာနယ်(အမှတ် ၆၉၊ ဧပြီလ ၁၀ရက်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: