“စစ်တိုက်တတ်တာတစ်ခုတည်းနဲ့ နေရာတိုင်း ဆရာကြီးဝင်လုပ်နေလို့ ဆီလျော်မလား?”
မှန်တာပေါ့။ မရှိလို့ ဘယ်ဖြစ်မလဲ စည်းရိုးမရှိတဲ့ ရွာလို ဖြစ်သွားမှာပေါ့။
ကျားဝင်လိုက် ခွေးဆွဲလိုက်နဲ့လေ။
ဒါဆို ဆက်မေးပါဦးမယ်။
မီးသတ်မရှိရင် မင်းတို့ ဘာဖြစ်သွားမယ်ထင်သလဲ?
လယ်သမားတွေ မရှိရင် မင်းတို့ ဘာသွားစားကြမလဲ?
ဆရာဝန်တွေ မရှိရင် မင်းတို့နာဖျားတဲ့အခါ ဘယ်လိုလုပ်ကြမလဲ?
အင်ဂျင်နီယာတွေ မရှိရင်
မင်တို့ ဘယ်မှာ နေထိုင်ကြမလဲ?
ဆရာဆရာမတွေ မရှိရင် …
သူနာပြုတွေ မရှိရင် …
မွေးမြူရေးသမားတွေ မရှိရင် …
တံငါတွေ မရှိရင် …
စသဖြင့် စသဖြင့် …
နိုင်ငံတစ်နိုင်ငံအတွက် အလွှာစုံက
ကျရာတာဝန်ထမ်းသူတွေ လိုအပ်တာပဲ။
မရှိလို့မဖြစ်တာ မှန်တယ်။
ဘယ်နေရာအတွက်လဲ?
သက်ဆိုင်တဲ့နေရာအတွက်ပဲ ဖြစ်တယ်။
နေရာတိုင်းအတွက် မရှိမဖြစ်တာမဟုတ်ဘူး။
လယ်ထဲမှာ စစ်သားတွေ မရှိလို့ဖြစ်တယ်။
ဒါ လယ်သမားတွေရဲ့နေရာ။
မီးသတ်မှာ စစ်သားတွေ မရှိလို့ဖြစ်တယ်။
ဒါ မီးသတ်သမားတွေရဲ့နေရာ။
ဆေးရုံမှာ စစ်သားတွေ မရှိလို့ဖြစ်တယ်။
ဒါ ဆရာဝန်တွေ သူနာပြုတွေရဲ့နေရာ။
ပြီးတော့ အဲဒီလို မရှိလို့မဖြစ်တာမို့
လွှတ်တော်ထဲကို ဝေပုံကျ ဝင်ထိုင်နေကြရမလား?
ဒါဆိုလည်း ညီတူမျှတူဖြစ်သွားအောင်
အလွှာအသီးသီးက ကိုယ်စားလှယ်တွေ
လွှတ်တော်ထဲ ဝင်ထိုင်နေကြလေ။
အဲဒီလို လုပ်လို့ရမလား?
ဥပမာပြောရရင်
လယ်သမားတွေ မရှိလို့မဖြစ်ဘူး။
ဒါပေမယ့် ဘယ်နေရာအတွက်လဲ?
စိုက်ပျိုးထုတ်လုပ်တဲ့နေရာအတွက်။
လယ်စိုက်တတ်တာနဲ့
အကုန်တတ်ပြီ သတ်မှတ်လို့မရဘူး။
စကားပမာ ကျန်းမာရေးဝန်ကြီးဌာနမှာ
လယ်သမားတွေက အော်တိုမစ်တစ်
အကြီးအကဲနေရာတွေ ဝင်ယူကြမယ်။
ပညာရေးဝန်ကြီးဌာနမှာ
လယ်သမားတွေက အော်တိုမစ်တစ်
အကြီးအကဲနေရာတွေ ဝင်ယူကြမယ်။
နည်းပညာဝန်ကြီးဌာနမှာ
လယ်သမားတွေက အော်တိုမစ်တစ်
အကြီးအကဲနေရာတွေ ဝင်ယူကြမယ်။
… ဆိုရင် အဓိပ္ပါယ်ရှိမလား။
အခုဖြစ်နေတာက တပ်ကလူတွေဟာ
မြန်မာပြည်ရဲ့ ဝန်ကြီးဌာနအစုံမှာ
အော်တိုမစ်တစ်
အကြီးအကဲနေရာတွေ ဝင်ထိုင်နေကြတယ်။
အဆင့်ဆင့်တက်တာမဟုတ်
လုပ်ငန်းအတွေ့အကြုံ မရှိ။
လုပ်ငန်းကျွမ်းကျင်မှု မရှိ။
စစ်တိုက်တတ်တာတစ်ခုတည်းနဲ့
နေရာတိုင်း
ဆရာကြီးဝင်လုပ်နေလို့ ဆီလျော်မလား?
ရာဇဝင်မှာ
သာလွန်မင်းကြီးကို ဆီသည်မ ပြောစကား
‘လူဆိုတာ ကျွမ်းကျင်ရာလိမ္မာကြ’ သတဲ့။
ဘုရင်က ဆင်စီးကျွမ်းကျင်ပေမယ့်
ဆီဘူးတောင်းထဲ မဖိတ်အောင်မထည့်နိုင်ဘူး
ဒီတော့ ဘုရင်ကို ဆီရောင်းခိုင်းရင်
ကဗော်တိ ကဗောက်ချာတွေ ဖြစ်ကုန်မှာပဲ။
အခု မြန်မာပြည် မတိုးတက်တာ
လူမှန်နေရာမှန် မရှိတာကြောင့်ပဲ။
တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေက
ဌာနဆိုင်ရာတိုင်းမှာ အကြီးအကဲလုပ်ပြီး
ကွပ်ကဲနေတာကြောင့်ပဲ။
ပြီးတော့ လွှတ်တော်ထဲက ကိစ္စ။
နိုင်ငံရေးဆုံးဖြတ်ချက်တွေ လုပ်မယ့်သူဟာ
နိုင်ငံရေးကျွမ်းဝင်နေသူဖြစ်ရမယ်။
စစ်တိုက်တတ်တာ တစ်ခုတည်းနဲ့
အရာရာဝင်ပါချင်လို့ မရဘူး။
‘ဒူးနေရာဒူး တော်နေရာတော်’ ပဲ။
စစ်တိုက်တတ်ရင်
ကာကွယ်ရေးကိစ္စမှာပဲ ဆုံးဖြတ်။
စီးပွားရေးရော ပညာရေးရော သံရေးတမန်ရေးရော
နေရာတကာ … ဝင်ဆရာလုပ်လို့ မရ။
စစ်သား နိုင်ငံရေးလုပ်လို့မရဘူးလား?
ရတယ်။
အရင်ဆုံး နိုင်ငံရေးသမားဖြစ်အောင် လုပ်ရမယ်။
နေရာဌာနတစ်ခုမှာ တာဝန်ထမ်းချင်ရင်
အဲဒီနေရာဌာနကလူ ဖြစ်စေရမယ်။
အောက်ခြေကနေ အဆင့်ဆင့်တက်ရမယ်။
ဗြုန်းဆို မိုးပေါ်ကကျလာ
အမောင်တောင်မှန်းမြောက်မှန်းမသိနဲ့
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချနေလို့ မရဘူး။
မီးသတ်သမားလွှတ်တော်ထဲဝင်ချင်ရင်
မီးသတ်အလုပ်ကို စွန့်။ ဝင်အရွေးခံ။
လွှတ်တော်ဆိုတာ
ပြည်သူ့ကိုယ်စားလှယ်တွေရဲ့နေရာ။
အဲဒီနေရာရောက်အောင် ရွေးချယ်စေလွှတ်ထားတဲ့
ပြည်သူတွေ ကျောထောက်နောက်ခံရှိရမယ်။
ဒီလိုမဟုတ်ပဲ
ဘယ်သူကမှ မရွေးကောက်မတင်မြောက်ပဲ
လွှတ်တော်ထဲ ဝင်ထိုင်နေရင်
ဒါ သက်သက် အနိုင်ကျင့်တာပဲ
သက်သက် ဝင်ရှုပ်နေတာပဲ။
အခုက နေပြည်တော်က မဲဆန္ဒနယ်လိုမျိုးမှာလဲ
NLD ကလူက လွှတ်တော်ကိုယ်စားလှယ်။
ဘာကိုပြလဲဆိုတော့ …
နေပြည်တော်က အဲ့ဒီဒေသနေ မဲဆန္ဒရှင်တွေဟာ
သူတို့ကို ကိုယ်စားပြုဖို့ NLD အမတ်တွေကိုပဲ
ရွေးချယ်တယ်လို့ ဖော်ပြနေတာပဲလေ။
Leave a Reply