နာဂစ်နှင့် ရက်စက်မှုမှတ်တမ်း

နာဂစ်နှင့် ရက်စက်မှုမှတ်တမ်း
================
ယနေ့ထုတ် ‪#‎7Day‬ Daily နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသော အယ်ဒီတာ့အာဘော်
=========================

လွန်ခဲ့သော ခုနစ်နှစ် မေလ ၂ရက်တွင် မြန်မာပြည်သူအများစုမှာ နာရီပိုင်းအတွင်း နိုင်ငံသမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး သဘာဝဘေးအန္တရာယ်ကြီး ကျရောက်တော့မည်ကို မသိကြ။ သို့သော် မေလ ၂ရက်ထုတ် အစိုးရသတင်းစာများတွင် မိုးဇလ ညွှန်ချုပ်ဒေါက်တာထွန်းလွင်က လေတိုက်နှုန်း မိုင် ၁ဝ၀ ကျော် ရှိသော နာဂစ်မုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တော့မည်ဖြစ်ကြောင်း အင်တာဗျူးဖြေထားသည်။ ထိုသတင်းပျံ့နှံ့သွား၍ မွန်းလွဲပိုင်းမှစကာ ရန်ကုန်မြို့ရှိ ရုံးများစောပိတ်ခဲ့ကြပြီး လူများ ထိတ်ထိတ်ပျာပျာ ဖြစ်လာကြသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမှာ မေလ ၂ရက် မွန်းလွဲပိုင်းမှာပင် ဟိုင်းကြီးကျွန်းကို တစ်စစီဆုတ်ဖြဲခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းရှိမြို့နယ်များနှင့် ရန်ကုန်တိုင်းသို့ ဆက်လက်ဝင်ရောက်ဖျက်ဆီးပါတော့သည်။ လေတိုက်နှုန်း မိုင် ၁၂၀ ကျော်ဖြင့်တိုက်ခတ်ပြီး မုန်တိုင်းဒီရေ ၁၀ ပေ ကျော် တက်ခဲ့သော နာဂစ် မုန်တိုင်းကြီးကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရင်ဆိုင်လိုက်ရသောအခါ လူပေါင်းတစ်သိန်းလေးသောင်းခန့်သေဆုံးပြီး လူပေါင်း ၁၁ သန်းခန့် မုန်တိုင်းဒဏ်ခံရကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ ထရီလီယံ (ဒေါ်လာ ၁၀ဘီလီယံကျော်) ရှိခဲ့သည်။ မြန်မာ့သမိုင်းတစ်လျှောက် ပျက်စီးမှုအများဆုံး မုန်တိုင်းဖြစ်ပြီး ကမ္ဘာတွင်ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းစာရင်းတွင် နံပါတ် (၈) ချိတ်ခဲ့လေသည်။

နာဂစ်မုန်တိုင်းတွင် အစိုးရ၏ စွမ်းဆောင်ချက်ကို ဆန်းစစ်သော် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုလုံးဝမရှိခဲ့ပေ။ ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း ချက်ချင်းမလုပ်နိုင်ဘဲ အမေရိကန်၊ အင်္ဂလန်၊ ကုလ အပါအ၀င် နိုင်ငံတကာက လာရောက်မည့် အကူအညီများကိုလည်း ချက်ချင်း လက်မခံခဲ့ခြင်းကြောင့် စွမ်းဆောင်ချက် အနုတ်လက္ခဏာပင် ပြခဲ့သည်။ မုန်တိုင်းသတင်းကို ကြိုတင်ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတကာကဲ့သို့ သာမန်ပြည်သူများအလွယ်တကူနားလည်နိုင်သော မုန်တိုင်းဝင်တော့မည်ဆိုသည့် အတိအလင်းထုတ်ပြန်ချက်မျိုးမှာ မေလ၂ရက်တွင်မှ ပါဝင်လာခြင်းဖြစ်သည်။ ဧပြီလကုန်နှင့် မေလ ၁ရက်သတင်းထုတ်ပြန်ချက်များတွင် ‘‘မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်’’၊ ‘‘ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်’’၊ ‘‘ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာ၊ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်၍ မိုးကြီးနိုင်’’စသော ခေါင်းစဉ်များဖြင့်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရခေါင်းဆောင်များက မုန်တိုင်းလာနေသည်ကို သိသော်လည်း သတင်းကိုထိန်းချုပ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အာရုံမစိုက်ခဲ့ပါ။ မေလ ၁၀ရက်တွင်ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလူထုဆန္ဒခံယူပွဲ အပေါ်ကိုသာ အာရုံပိုစိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နာဂစ်မုန်တိုင်းက စစ်အာဏာရှင်အစိုးရ၏ ပြည် သူ့အရေးမည်မျှအလေးထားကြောင်းမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါသည်။

ပြည်သူတစ်သိန်းလေးသောင်းခန့်၏ အသက်များ ဆုံးရှုံးခဲ့ရမှုကို သင်ခန်းစာယူ၍ အနာဂတ်တွင် မုန်တိုင်းများနှင့် ရင်ဆိုင်နိုင်ရန် အစိုးရအနေဖြင့် ကြိုတင် ပြင်ဆင်မှု၊အရေးပေါ်ကယ်ဆယ်မှုများကို အကောင်းဆုံးပြင်ဆင်ထားရန် 7Day Daily က တိုက်တွန်းလိုက်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: