ငြိမ်းချမ်းရေးကို ဝတွေ ဘယ်လိုတည်ဆောက်ခဲ့လဲ

ငြိမ်းချမ်းရေးကို ဝတွေ ဘယ်လိုတည်ဆောက်ခဲ့လဲ

စောရန်နိုင် ဘီဘီစီမြန်မာပိုင်း 15 စက်တင်ဘာ 2019

မြင့်မားမတ်စောက်တဲ့ တောင်တွေ အထပ်ထပ် ကာရံထားပြီး ကွေ့ကောက်တဲ့ ကားလမ်းတွေအတိုင်း မောင်းလာရင်း ပန်ဆန်းမြို့နဲ့ မနီးမဝေးရောက်လာတော့ ကားဆရာက ပြောပါတယ်။

“လမ်းတွေက ကောင်းလွန်းတော့ ကားမောင်းရင် တစ်ခုခု ဝါးရတယ်။ ကွမ်းယာစားရင်စား၊ မစားရင် ချိုချဉ်စား၊ ဒါမှမဟုတ်ရင် စကားပြောရင်ပြော၊ မဟုတ်ရင်တော့ အိပ်ငိုက်တယ်” လို့ ကားဆရာက ကွမ်းဝါးပြီး ကားမောင်းရင်း ပြောပါတယ်။

တချို့နေရာတွေမှာ ကားလမ်းရဲ့ဘေးတဖက်တချက်မှာ တောင်နံရံနဲ့ ချောက်တွေပဲရှိလို့ အိပ်ငိုက်ရင် အန္တရာယ်များမှန်း ပြောစရာမလိုဘဲ ထင်ရှားပါတယ်။

တကယ်တော့ မညီညာတဲ့ တောင်နံရံ အသွယ်သွယ်ကို လှီးပြီး ကားလမ်းတွေကို ဖောက်ထားတာပါ။

တောင်ထိပ်နဲ့ တောင်ကြော တချို့နေရာတွေမှာတော့ တပ်မတော် တပ်စခန်းတချို့ ရှိပါတယ်။

ကျွန်တော်တို့ကားက တစ်တောင်တက် တစ်တောင်ဆင်း၊ တံတားတွေ၊ တောင်ပတ်လမ်းတွေအတိုင်း ဖြတ်ကျော်လာရင်း ပန်ဆန်းမြို့နဲ့ တဖြေးဖြေးနီးလာပြီးလို့ ကားဆရာက ပြောပြပါတယ်။

သိပ်မကြာခင်မှာပဲ ဝါးအချွန်တွေ၊ သံဆူးကြိုးတွေ၊ သဲအိတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ပန်ဆန်းမြို့အဝင် ဂိတ်ကို မြင်လိုက်ရပါတယ်။ ကားဆရာက ကားအရှိန် လျှော့လိုက်ပါတယ်။ သေနတ်တွေ၊ စစ်ယူနီဖောင်းတွေအပြည့်အစုံနဲ့ ဝစစ်သားတွေက ကားတွေကို တစ်စီးပြီး တစ်စီးအလှည့်ကျ စစ်ဆေးနေပါတယ်။

‘ဝ’တပ်ဖွဲ့အပေါ်တပ်မတော်ကသဘောထားထုတ်ပြော
NCA ထိုးဖို့ ‘ဝ’ ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ကျွန်တော်တို့ ကားအလှည့်ရောက်တော့ လားရှိုးမြို့က ဝပြည် သွေးစည်းညီညွတ်ရေး ဆက်ဆံရေးရုံးရဲ့ ထောက်ခံစာကို ထုတ်ပြလိုက်တယ်။

သေနတ်အတိုကို ခါးမှာချိတ်ထားတဲ့ လူလတ်ပိုင်း အရာရှိတစ်ယောက်က ကားကို လမ်းဘေးမှာ ခဏရပ်ခိုင်းပြီး “လာ လာ…ဧည့်သည်တွေ ကားပေါ်ကဆင်း။ လာ….ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ပြောပြီး တဲတစ်ခုကို ခေါ်သွားပါတယ်။

အဲဒီတဲပေါ်မှာ ဝရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ အသက်အရွယ်စုံ ဝအမျိုးသမီးတွေ၊ ခါးမှာ ပစ္စတိုတွေ ချိတ်ပြီး ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ဝစစ်သားတွေ၊ အရာရှိတွေကလည်း ဒေသထွက်အသီးအနှံ၊ ရိုးရာအစားအသောက်တွေနဲ့ ကြိုဆိုကြတယ်။

အတီးအမှုတ်၊ အက၊ သီချင်းတွေဆိုရင်း ကြိုဆိုပါတယ်။ တကယ်တော့ အရင်က ဒီနေရာတွေမှာ သတင်းထောက်တွေ၊ သူစိမ်းတွေ သွားလာဖို့ မလွယ်ဘူးလို့ ကားဆရာက ပြောပါတယ်။

ကြိုဆိုရေးစခန်းမှာ ၁၅ မိနစ်လောက် ကြာပြီးနောက် ခရီးဆက်ခဲ့ပါတယ်။

ညီညာတဲ့ ကွန်ကရစ် ခင်းထားတဲ့ လမ်းအတိုင်း မောင်းလာရင်း ပန်ဆန်းမြို့ထဲ ဝင်လာပါတယ်။

နာမည်ပဲ ကြားဖူးပြီး တခါမှ မရောက်ဖူးတဲ့ ပန်ဆန်းမြို့ကို ရောက်ရောက်ချင်း သတိထားမိတာကတော့ တရုတ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဘဏ်၊ လမ်းနာမည်တွေပဲဖြစ်ပါတယ်။

ဝစာ၊ မြန်မာစာနဲ့ တွဲပြီး ရေးထားတယ် ဆိုပေမဲ့ တရုတ်စာက ပိုကြီးပြီး ထင်ရှားနေတာကို သတိထားမိပါတယ်။
ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ရဲ့ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး နေ့ အခမ်းအနား
ဝစကားနဲ့ တရုတ်စကားပဲ အဓိက ပြောနေကြပါတယ်။ ပိုက်ဆံဆိုရင်လည်း တရုတ်ယွမ်ငွေပဲ သုံးကြပါတယ်။

ရဲကားတွေကလည်း တရုတ်စာတွေနဲ့ မြို့ထဲလှည့်နေတာ နိုင်ငံခြားက မြို့တစ်မြို့အလား ထင်ရပါတယ်။

တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကိုလည်း တရုတ်ဖုန်းနံပါတ် (တရုတ် SIM cards) တွေပဲအဓိကသုံးကြတာပါ။

အင်တာနက်ဆိုရင်လည်း တရုတ်ဆင်ဆာဖြတ်ထားတဲ့ အင်တာနက်စာမျက်နှာတွေဆိုရင် ဆော့ဖ်ဝဲ (software) အက်ပလီကင်းရှင်း (apps) တွေကို ကြားခံဆော့ဖ်ဝဲ (proxy) မခံဘဲသုံးလို့မရပါဘူး။

ဖေ့စ်ဘုတ်၊ ဂူဂယ်အပါအဝင် အနောက်နိုင်ငံက အင်တာနက် စာမျက်နှာနဲ့ ဆော့ဖ်ဝဲ အက်ပလီကင်းရှင်းတွေကို proxy ခံပြီးမှ သုံးလို့ရတာပါ။

တစ်ယောက်နဲ့တစ်ယောက် လွယ်လွယ်ကူကူ ဆက်သွယ်တဲ့နေရာမှာတော့ တရုတ်ရဲ့ အက်ပလီကင်းရှင်းဖြစ်တဲ့ Wechat ကို အဓိကသုံးကြပါတယ်။

တောင်ပေါ်ရွာမှ ပန်ဆန်းမြို့သို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက တဲလေးတွေဆောက်ပြီး နေထိုင်ကြတဲ့ ပန်ဆန်း တောင်ပေါ်ရွာလေးဟာ အခုတော့ တိုက်တွေ၊ ကားတွေ၊ ဟိုတယ်တွေ၊ လောင်းကစားရုံ၊ ဖျော်ဖြေရေး၊ အနှိပ်ခန်းတွေနဲ့ ၂၄ နာရီ စည်ကားနေတဲ့မြို့တစ်မြို့ဖြစ်နေပါပြီ။

ညဘက်ဆိုရင်လည်း မီးရောင်တွေနဲ့ လင်းထိန်နေပါတယ်။ ဒီလိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်မြို့ဖြစ်လာအောင် ဝတိုင်းရင်းသားခေါင်းဆောင်တွေက ၁၉၈၉ ခုနှစ်ကစပြီး တည်ဆောက်လာခဲ့ကြတာပါ။

အတိအကျပြောရရင် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်က စတာပါ။

အဲဒီနေ့က ဝတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ အနာဂတ်အတွက် အခရာကျတဲ့ နေ့တစ်နေ့ပါ။

ဗမာပြည် ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေးကို တော်လှန်ပြီး မိမိကံကြမ္မာကို မိမိဖန်တီးဖို့ အာဏာသိမ်းလိုက်တဲ့နေ့ပါ။

မထင်မှတ်တဲ့နေ့၊ အံ့သြစရာနေ့၊ ဗကပတွေလက်ထဲက အာဏာသိမ်းယူလိုက်တဲ့နေ့၊ သမိုင်းတွင်တဲ့နေ့ပဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
Image caption
တောင်ပေါ်ရွာ အဖြစ်ကနေ ခေတ်မီမြို့ဖြစ်အောင် ၁၉၈၉ ခုနှစ်ကစ တည်ဆောက်ခဲ့တယ်
“အာဏာမသိမ်းခင်မှာ ကျွန်မတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ဝစစ်သားတွေက လာပြောတယ်။ သူတို့ မနက်ဖြန်ကျရင် အာဏာသိမ်းမယ်တဲ့။ ရှောင်လို့ရအောင် လာပြောတယ်။ ပြန်ပြီးခုခံရင်တော့ ပစ်မှာပဲ။ အေးဆေးနေရင်တော့ ဘာမှမလုပ်ဘူးတဲ့။ အဲ့ဒီတုန်းက ဖြစ်နိုင်ပါ့မလားပေါ့၊ ထင်ခဲ့မိတယ်။ ဒါပေမဲ့ နောက်နေ့ မနက်ကျတော့ တကယ်ပဲ ဝစစ်သားတွေက လက်နက်၊ ယူနီဖောင်းအပြည့်အစုံနဲ့ ကျွန်မတို့နေတဲ့တောင်ကုန်းကို တက်လာကြတယ်။ ကျွန်မတို့လည်း တရုတ်ပြည်ဘက်ကူးပြီး ထွက်ပြေးရတယ်” လို့ ဗကပအဖွဲ့ဝင်ဟောင်း ဒေါ်နီမော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က အဖြစ်အပျက်တွေကို ပြန်ပြောပြပါတယ်။ အဲဒီတုန်းက ဒေါ်နီမော်က ဆေးခန်းမှာ တာဝန်ထမ်းဆောင်ပါတယ်။

“အဲဒီတုန်းကဆိုရင် ပန်ဆန်းက တောလိုပဲ။ တဲအိမ်လေးတွေ ရှိတယ်။ ဒီနေရာ (ဝပြည် သွေးစည်းညီညွတ်ရေး အနှစ် ၃၀ပြည့် ငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပတဲ့ကွင်းနဲ့ ခန်းမဆောင်တွေ)က ခြုံပုတ်တွေ၊ မြက်ပင်၊ သစ်ပင်တွေပဲရှိတယ်” လို့ ဒေါ်နီမော်က လက်ညှိုးထိုးပြီး သူမှတ်မိတာကို ပြန်ပြောပြပါတယ်။

ဝတိုင်းရင်းသားတွေ ပန်ဆန်းကို အခုလိုဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တာကို ဝမ်းသာမိပြီး အရင်ကဖြစ်ပျက်ခဲ့တာကို အတိတ်မှာပဲကျန်ခဲ့ပြီလို့ ဒေါ်နီမော်က ဆိုပါတယ်။ ဝတိုင်းရင်းသားအတွက် တကယ်လုပ်နိုင်တာက ကောင်းတယ်လို့ သူကဆိုပါတယ်။

ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ခဲ့လဲ
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ဒေသဖွံ့ဖြိုးရေး သာမက စစ်အင်အား တောင့်တင်းခိုင်မာအောင် တစိုက်မတ်မတ် တည်ဆောက်နေတယ်ဆိုတာ နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့မှာ သိသာ ထင်ရှားစေပါတယ်။

အခမ်းအနားမကျင်းပခင် တစ်ရက်မှာဖြစ်ပါတယ်။

မနက် ဝေလီဝေလင်းအချိန်မှာ ဟိုးအဝေးကနေ အသံတစ်ခုကို မသဲမကွဲ ကြားရပါတယ်။

အဲ့ဒီအသံတွေက တဖြေးဖြေးနီးလာတယ်။

ဟိုတယ်အနားရောက်လာတာကို ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ဒီအသံက လက်နက်၊ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားတဲ့ ဝစစ်သားတွေရဲ့စစ်ဖိနပ်သံတွေ ဆိုတာ သိရပါတယ်။ ညီညီညာညာ အတန်းလိုက် ချီတက်လာတဲ့ စစ်သားတွေရဲ့ စစ်ဖိနပ်က ကွန်ကရစ်လမ်းနဲ့ အချက်မှန်မှန် ထိခတ်ထိမိပြီး ထွက်လာတဲ့အသံတွေက ကြက်သီးထလောက်အောင် မြည်ဟိန်းနေပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
လက်ဖြောင့် သေနတ်သမားတွေ၊ AK 47 ရိုင်ဖယ်၊ RPG ပခုံးထမ်းလောင်ချာ တွေကိုင်ထားတဲ့ စစ်သားတွေ၊ ဆက်သွယ်ရေးစက် လွယ်ထားတဲ့ စစ်သည်အမျိုးသမီးတွေ၊ ဆေးတပ်ဖွဲ့စတဲ့ တပ်ရင်းတပ်ဖွဲ့အသီးသီးက ဟန်ချက်ညီညီ ချီတက်လာကြပါတယ်။ ဗုံတွေ၊ဆိုင်းတွေ တီးမှုတ်ကြတဲ့အဖွဲ့တွေကတော့ နောက်ဆုံးက ချီတက်လာပါတယ်။

စစ်ရေးပြနေ့မှာတော့ ပိုပြီးကြီးကျယ်ခမ်းနားပါတယ်။ စစ်ကားတွေနဲ့ တင်ဆောင်လာတဲ့ လေယာဉ်ပစ် လက်နက်ကြီး အမြောက်တွေ၊ မောင်းသူမဲ့ လေယာဉ်ငယ်တွေ၊ သံချပ်ကာကားတွေ လှည့်လည်စစ်ရေးပြပါတယ်။

စစ်ရေးပြပွဲမှာ အမျိုးသား၊အမျိုးသမီးစစ်သည် ၆၇၀၀ ကျော် အသုံးပြု စစ်ရေးပြခဲ့တယ်လို့ သိရပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ တပ်အင်အားက ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။

စစ်မှုမထမ်း မနေရ မူဝါဒ၊ အထက်အမိန့်ကို တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်မှုနဲ့ စီးပွားရေးတောင့်တင်းလို့ တပ်ကိုထောက်ပံ့နိုင်တာတွေဟာ တပ်အင်အားတည်ဆောက်ရာမှာ အဓိကအထောက်အကူဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

မြို့ထဲ လှည့်လည်သွားလာရင်းနဲ့ ၁၂-၁၅ အရွယ်ကလေးတွေ စစ်ယူနီဖောင်းဝတ်ထားတာ တွေ့ရပါတယ်။

ဒီကလေးတွေဟာ သူတို့အခေါ် “ရဲညွန့်” သဘောလို ပြုစုထားပြီး စာသင်ပေးတယ်၊ ကျောင်းထားပေးတယ်လို့ ဆိုပါတယ်။

၁၈ နှစ်ရောက်ရင်တော့ သူတို့ကိုယ်တိုင် စစ်သားလုပ်ချင်ရင် စစ်ထဲဝင်တယ်လို့ ဆိုပါတယ်။

ကလေးတွေကအစ သေနတ်ပစ်တတ်အောင် သင်ပေးတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေဆီက သိရပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
ဝတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကိုတော့ ဆန်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီး စစ်သားတယောက်ကို လစာ တရုတ်ယွမ်ငွေ ၂၀၀-၃၀၀ (ကျပ်ငွေ ၆၀၀၀၀-၈၀၀၀၀ ) ပေးတယ်လို့ ဝစစ်သားတွေက ပြောပါတယ်။

တပ်အင်အား တောင့်တင်းအောင် တည်ဆောက်လာတာ ဘာကြောင့်လဲလို့ ဘီဘီစီက မေးကြည့်ရာမှာတော့ ဝစစ်မှုထမ်းတစ်ယောက်ဖြစ်တဲ့ ဦးညီလိတ်က “ဒါက ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကို သွားပြီး ကျူးကျော်တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ တခြားသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ကိုလည်း သွားပြီး တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ မိမိရဲ့ ဝတိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ကာကွယ်ဖို့ ကျွန်တော်တို့တပ်ကို တည်ဆောက်တာဖြစ်တယ်” လို့ ပြောပါတယ်။

တပ်အင်အားတောင့်တင်းမှ နိုင်ငံရေးမှာ လူရာဝင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံယူထားလဲလို့ ဘီဘီစီက မေးကြည့်ရာမှာလည်း ဦးညီလိတ်က “လက်နက် အားကိုးတဲ့ ပုံစံနဲ့တော့ ကျွန်တော်တို့ မမြင်ပါဘူး။ တပ်အင်အား တည်ဆောက်တယ် ဆိုတာက ကျွန်တော်တို့ ပြည်နယ်နဲ့ နိုင်ငံတော်ကို ကာကွယ်မယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးကြည့်ရာမှာတော့၂၀၀၅ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ရော်ဘာ၊ လက်ဖက်၊ ကြံ၊ ကျွန်းသစ်နဲ့ နှစ်ရှည်ခံပင်တွေကို အစားထိုးစိုက်ပျိုးတယ်လို့ ဦးညီလိတ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
Image caption
စစ်ရေးပြပွဲမှာ အမျိုးသား၊အမျိုးသမီးစစ်သည် ၆၇၀၀ ကျော် အသုံးပြုခဲ့
တခြားတိုင်းရင်းသားအဖွဲ့တွေက ဝကို အားကျနေလား
နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့အခမ်းအနားအလံလွှင့်တင်တဲ့အခါမှာ ပြည်ထောင်စုအလံက ဝအလံထက် နည်းနည်းမြင့်နေတာ သတိထားမိပါတယ်။

ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “ဝဒေသမှာတော့ ပြည်ထောင်စုအလံက ဝအလံထက် နည်းနည်းမြင့်တယ်ဆိုတာက ဝတိုင်းရင်းသား လူမျိုးတွေက ပြည်ထောင်စုထဲမှာ နေပြီး တန်းတူ အခွင့်အရေးတွေ ရနေတယ်။ သူ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ ရတယ်။ သူ့ကံကြမ္မာကို သူ ဆုံးဖြတ်နိုင်တယ်။ အဲ့ဒီအတွက် ဒီပြည်ထောင်စုကို လိုလားတယ်။ ကျွန်တော်တို့ကိုလည်း ဒီလိုအခွင့်အရေးပေးရင် ကျွန်တော်တို့လည်း ချစ်ခင်မှာပဲ” လို့ ပြောပါတယ်။

တခြား တိုင်းရင်းသားဒေသတွေ သွားရင် ပြည်ထောင်စုအလံကို တန်ဖိုးမထားကြသလို နိုင်ငံတော်သီချင်း ဆိုတာလည်း ကြားရမှာမဟုတ်ဘူးလို့ ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
ပြည်ထောင်စုအောက်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဆုံးရှုံးနေတယ်၊ ဖိနှိပ်ခံရတယ်၊ သယံဇာတတွေဆုံးရှုံးတယ်၊ သမိုင်းအမွေအနှစ်တွေ ဖျက်ဆီးခံနေရတဲ့အတွက် တိုင်းရင်းသားတွေက ပြည်ထောင်စုကို ချစ်ခင်တဲ့စိတ်က နည်းသွားတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

နိုင်ငံရေးစင်ပေါ်မှာ ကိုယ့်အခွင့်အရေး တောင်းဆိုဖို့ဆိုရင် တပ်အင်အား၊ လက်နက်အင်အား တောင့်တင်းရမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာ ရှိနေတယ်ဆိုတာ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးနေ့တွေက စစ်ရေးပြပွဲကိုကြည့်လိုက်ရင် သိသာနေတယ်လို့ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။

မြန်မာတပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခမ်းအနားတွေမှာ စစ်ရေးပြတာဟာ စစ်ဗျူဟာအရ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စစ်အင်အား တောင့်တင်းရင် စစ်တိုက်ချင်တောင်မှ မတိုက်ရဘူးဆိုတဲ့အသိတွေ ရှိကြတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကလည်း တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမဲ့ သီးခြားလွတ်လပ်တဲ့ ဝဒေသက အုပ်ချုပ်ရေးစနစ်လို ဖြစ်မလာသေးဘူးလို့ ပန်ဆန်းမြို့က နှစ် ၃၀ ပြည့်ငြိမ်းရေးနှစ်ပွဲကိုတက်ရောက်တဲ့ ကေအန်ယူဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

“ဗကပတွေကို ပုခုံးပေါ်က ခွာချပြီးတော့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပြီးတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမယ်ဆိုတဲ့ တိုင်းရင်းသားစိတ်ဓာတ်နဲ့ သူတို့ထူထောင်ခဲ့တယ်။ မှန်ကန်တဲ့ ပေါ်လစီကြောင့် ဒီလို တိုးတက်လာတာ ဖြစ်တယ်။ လူမျိုးတစ်မျိုး ကြီးထွားလာခြင်း၊ တိုးတက်လာခြင်း၊ အောင်မြင်ခြင်းဟာ မုဒိတာစိတ်နဲ့ ကျွန်တော်တို့က သဘောကျတာပဲ” လို့ ပဒိုမန်းငြိမ်းမောင်က ပန်ဆန်းမြို့မှာ ဘီဘီစီကို ပြောပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်း ၇၀ ကျော် တော်လှန်ခဲ့ပေမဲ့ ခရီးမရောက်သေးဘူးလို့ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

အခုမှ ငြိမ်းချမ်းရေးတံခါးကို ဖွင့်နိုင်တဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
ဒါပေမဲ့ ဝနဲ့မတူတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့အနေအထားကို ထည့်တွက်ဖို့လိုတယ်လို့ လေ့လာသူတချို့က ပြောပါတယ်။

ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က တပ်ဖွဲ့ တစ်ခုတည်းရှိပြီး တခြားတိုင်းရင်းသား အဖွဲ့တော်တော်များများက သဘောထားကွဲလွဲလို့ ခွဲထွက်တာ၊ အဖွဲ့အစည်းတွေ ထူထောင်တာတွေရှိနေတယ်။

အထူးသဖြင့် ကေအန်ယူမှာတော့ ခွဲထွက်အဖွဲ့တွေကြောင့် အထိနာခဲ့ရပါတယ်။

ခွဲထွက်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေ အနည်းဆုံး ၄ ဖွဲ့ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
Image caption
စစ်ရေးပြ အခမ်းအနား လာနေသူတွေကို လှမ်းမြင်ရ
ဝလက်နက်ကိုင် အဖွဲ့တွေ စစ်မတိုက်ဘဲ အင်အား တည်ဆောက်နေချိန်မှာ တခြားတိုင်းရင်းသားအဖွဲ့တွေက တပ်မတော်နဲ့ပဲဖြစ်ဖြစ် အချင်းချင်းပဲဖြစ်ဖြစ် တိုက်ခိုက်၊ သတ်ဖြတ်၊ နယ်မြေလုနေကြတယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ပန်ဆန်းမြို့မှာ ပြောဆိုကြတယ်။

စစ်မဖြစ်ဘဲ တပ်အင်အား တောင့်တင်းအောင် တည်ဆောက်နေတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲ ကလည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲပြီးတဲ့နောက် သူတို့အကြားမှာ တင်းမာမှုအနည်းငယ်ရှိခဲ့ပေမဲ့ တိုက်ပွဲတွေမဖြစ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဝတပ်ဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့အကြား အကြီးအကျယ် တိုက်ခိုက်ဖူးတာတော့ ရှိပါတယ်။

“တိုက်ပွဲမဖြစ်ပေမဲ့ စစ်အင်အား တောင့်တင်းအောင် တည်ဆောက်တယ်။ မိမိလိုချင်တဲ့ တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စစ်အင်အားဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတဲ့ ယူဆချက်က ဝတစ်ဖွဲ့တည်းမဟုတ်ဘူး။ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့ စိတ်ထဲမှာ သမိုင်းကြောင်းအရပဲပြောပြော၊ ဖြတ်သန်းမှုအရပဲဆိုဆို ခံစားလာရတဲ့ နိုင်ငံရေးအနာတစ်ခုလို ဖြစ်နေတယ်” လို့ ရဲဘော်သံခဲ က ဘီဘီစီကို ပြောပါတယ်။

ဝကို တပ်မတော်က သည်းခံနေရ
နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ထုတ်ပြလိုက်တဲ့ စစ်အင်အား၊ လက်နက်အင်အားကိုကြည့်ပြီး တပ်မတော်က သဘောထား တုံ့ပြန်လိုက်ပါတယ်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က စစ်ရေးပြခဲ့တာနဲ့ပတ်သက်လို့တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး က တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်လို့တချို့ကိစ္စတွေမှာ အစွမ်းကုန် သည်းညည်းခံနေတာ ဖြစ်တယ်လို့ပြောပါတယ်။

“ဝအနေနဲ့ စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင်တပ်မတော်ပုံစံမျိုးဆောင်ရွက်တာလို့ ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်မို့ ဒီအခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တပ်မတော်အနေနဲ့ အစွမ်းကုန်သည်းခံနေရတဲ့ အနေအထားဖြစ်တယ်” လို့ ဗိုလ်ချုပ် စိုးနိုင်ဦး က နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
ခံယူချက် ဒါမှမဟုတ် လိုအပ်ချက်ကြောင့် တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အင်အား တောင့်တင်းအောင် တည်ဆောက်နေတာဟာ ကောင်းကျိုးရှိသလို၊ ဆိုးကျိုးလည်း ရှိနိုင်တယ်လို့ ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသားအဖွဲ့တွေ အဖွဲ့လိုက် အင်အား ရာဂဏန်းကနေ သောင်းဂဏန်းအထိ အသီးသီးရှိနေပါတယ်။ အရင်က နိုင်ငံရေးမှာ အသိမှတ်ပြုမှုတောင် မရတဲ့အဖွဲ့တွေက တပ်အင်အားကြီးထွားလာနေပြီး တပ်မတော်နဲ့ တိုက်ခိုက်နေကြပါတယ်။

အထူးသဖြင့် အေအေဆိုရင် တပ်အင်အား ၁၀၀၀၀ အထိရှိနိုင်ပြီး တအာင်း လွတ်မြောက်ရေး တပ်မတော်ဆိုရင် တပ်အင်အား ၇၀၀၀ အထိ ရှိနိုင်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ခန့်မှန်းကြပါတယ်။

ဓာတ်ပုံ မူပိုင်AFP/GETTY IMAGES
ဝလိုပဲ တခြား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ မြင်တာကတော့ လက်နက်အင်အားရှိမှ နိုင်ငံရေးအင်အားရှိမယ်ဆိုတဲ့အယူအဆတွေရှိမယ်၊ ဒါကြောင့် တဖက်မှာလက်နက်အင်အားတိုးချဲ့နေတယ်၊ နိုင်ငံရေးမှာလည်း အခွင့်အရေးတွေရနေတယ်လို့ နိုင်ဟံသာ က ပြောပါတယ်။

“အဲလိုအယူအဆတွေရှိနေတော့ တခြားတိုင်းရင်းသားတွေလည်း ဒီလိုအယူအဆတွေဝင်သွားရင် လူတိုင်းလူတိုင်းက အင်အားတိုးချဲ့ပြီး စစ်အင်အားနဲ့ ဖြေရှင်းတဲ့နည်းလမ်းက ရှေ့တန်းရောက်သွားရင် မကောင်းဘူးလို့ ကျွန်တော်မြင်တယ်။ ပြည်တွင်းစစ် ပြဿနာက ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။ ငြိမ်းချမ်းရေးက ပိုပြီး ရှည်ဝေးသွားနိုင်တယ်” လို့ မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: