ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်

မေး     အသက် ၈၆ နှစ်အရွယ်မှာ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေကို မနားမနေလုပ်ဆောင်ဖြစ်တဲ့ ခံယူချက်ကို သိပါရစေ။

ဖြေ     အသက်အရွယ်ကြီးပေမယ့် အလုပ်တွေကို မလုပ်ဘဲ မနေနိုင်လို့ လုပ်နေတာပါ။ ဒီလိုဆောင်ရွက်တာကလည်း အကြောင်းအမျိုးမျိုး ရှိပါတယ်။ ကိုယ်ရည်ကိုယ်သွေးနဲ့လည်း ဆိုင်တယ်။ စိတ်ဝင်စားမှု အတိုင်းအတာ၊ သိချင်စိတ်များတယ်။

အရပ်ထဲကစကားနဲ့ ပြောရင်တော့ စပ်စုတယ်ပေါ့။ သိချင်တဲ့စိတ်က စေ့ဆော်ပေးလို့ လုပ်ဖြစ်တာပါ။ သုတေသနကိုလည်း အားကိုးတယ်။ အသက်အရွယ်ကြီးတယ် ဆိုတာက လူချင်းမတူပါဘူး။ အသက်က ဂဏန်းစဉ်အသက် ၆၀၊ ၇၀၊ ၈၀၊ ၈၅ ဒါမျိုးနဲ့ လူ့ရဲ့လုပ်ငန်းဆောင်တာ ဆောင်ရွက်နိုင်တာ မတူပါဘူး။

မေး     လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုလည်း သိပါရစေ။

ဖြေ     အဓိကကတော့ မြန်မာနိုင်ငံဆရာဝန်အသင်း သက်ကြီးဆရာဝန်များအဖွဲ့မှာ အချိန်ပေးလုပ်ဖြစ်တယ်။ ရေးသင့်ရေးထိုက်တဲ့စာတွေ ရေးတယ်။ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့ စာတွေလည်း ရေးချင်ပါသေးတယ်။ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးဆရာဝန်တွေကို တွေ့ဆုံစကားပြောဖြစ်တယ်။ လိုအပ်တာတွေ အထောက်အပံ့ ပေးဖြစ်ပါတယ်။

မေး    နေ့စဉ်အချိန်တွေကို ဘယ်လို ကုန်ဆုံးစေပါသလဲ။

ဖြေ     လက်ရှိမှာ စာအုပ်နှစ်အုပ်ကို တစ်ပြိုင်တည်း ရေးသားနေပါတယ်။ အစည်းအဝေးတွေ တက်တယ်။ အစည်းအဝေးတက်တဲ့အခါ ကိုယ်တိုင် ဦးစီးဦးဆောင် ပြောနိုင်ဆိုနိုင်တယ်။ လူမူရေး၊ ဘာသာရေးအလုပ် တွေ လုပ်တယ်။ နောက်ဆုံး ဟင်းချက်တာကအစ ကိုယ်တိုင်ဝင်ချက်တာလည်း ရှိပါတယ်။

မေး     သက်ကြီးပိုင်း တစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ     အသက်ကိုခွဲရင် ဂဏန်းစဉ်နဲ့ ခွဲသလို ကိုယ့်ရဲ့ ဇီဝကမ္မကဖန်တီးတဲ့ အသက်၊ မျက်စိမှုန်၊ နားမကြားတာက ဇီဝကမ္မ သဘောတရားအရ ချို့ယွင်းပျက်စီးတာပါ။  ဒါနဲ့မဆိုင်တာက လုပ်ငန်းဆောင်တာ အစစကို စွမ်းဆောင်နိုင်တဲ့စွမ်းရည်၊ အသက် ၆၂ နှစ်မှာ ကျန်းမာရေးကြောင့် ဘာမှမလုပ်နိုင်ဘဲ သူ့ရဲ့ဝေယျာဝစ္စတောင် မလုပ်နိုင်တော့တဲ့သူနဲ့ အသက် ၇၀ ရောက်နေပေမယ့် ပရဟိတလုပ်ငန်း လုပ်သူတွေ၊ ရွှေတိဂုံဘုရားမှာ တံမြက်စည်းလှည်းသူတွေ ဒါမျိုးတွေရှိပါတယ်။ အသက်ချင်းတူသည့်တိုင်အောင် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေ မတူတော့ပါဘူး။ ဒါက လူတွေရဲ့ ထူးခြားချက်ပါပဲ။ Functional age က အသက်ကြီးပိုင်းမှာ ကွဲပြားခြားနားတယ်။  ကိုယ့်ရဲ့ ကုသိုလ်ကံကောင်းတာ၊ ပါရမီနဲ့ ဓလေ့စရိုက်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ကွာခြားသွားတာပါ။ 

 

မွေးသက္ကရာဇ် ၁၅ .၁၂ .၁၉၂၄
အသက် ၈၆ နှစ်
မွေးဖွားရာဇာတိ ပုသိမ်မြို့၊ ဧရာဝတီတိုင်း။
ပညာရေး ၁၉၃၈ ၌ ရန်ကုန်တက္ကသိုလ်ရောက်ရှိ။ စစ်တွင်းကာလ ဂျပန်ခေတ်ဆေးကျောင်းတက်။  ၁၉၄၆ B.A. ဘွဲ့၊ ၁၉၅၀ M.B.B.S ဘွဲ့ရရှိခဲ့။    ယူအက်စ်အေနှင့် ယူကေတို့တွင် ဘွဲ့လွန်ပညာဆည်းပူး။
ရရှိသည့်ဘွဲ့များ   B.A. (Rgn), M.B.B.S (Rgn.) F.R.C.P (Edin.)
အလုပ်တာဝန်ထမ်းဆောင်မှု ကျန်းမာရေးဌာနတွင် ၀င်ရောက်အမှုထမ်းပြီး ဆေးတက္ကသိုလ် မန္တလေးတွင် ဆေးပညာပါမောက္ခ ၊ ဌာနမှူးအဖြစ် အနှစ် ၂၀ မျှဆောင်ရွက်ခဲ့။
အငြိမ်းစားယူသည့်နှစ် ၁၉၈၅ ခုနှစ်
အငြိမ်းစားယူပြီးလုပ်ဆောင်ခဲ့မှု မလေးရှား UKM ဆေးတက္ကသိုလ်တွင် အကြံပေးပုဂ္ဂိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ (နယူးဒေလီ)တွင် အကြံပေး။
လက်ရှိလုပ်ကိုင်သည့်ဌာန မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့၏ ဥက္ကဋ္ဌ။

Source:ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်

Leave a comment